မျက်လုံး အလာဂျီများအကြောင်း အမေးအဖြေ
မျက်လုံးမှာဓာတ်မတည့်တာ အလာဂျီဖြစ်လွယ်ပါသလား။
ခေတ်ရဲ့ပြောင်းလဲမှုအရ လိမ်းခြယ်စရာပစ္စည်းတွေအလွန်များလာပါတယ်။ ပိုလည်းလိမ်းခြယ်လာကြတယ်။ သဘာ၀ပစ္စည်းအလှကုန်၊ ဓာတုပစ္စည်းအလှကုန် အစုံအစိများပြားပါတယ်။ အလှကုန်တွေလိမ်းခြယ် ထိတွေ့တဲ့နေရာက အသားအရေခေါ် အရေပြားပါ လူ့အရေပြားဟာ နေရာလိုက်ပြီး အထူအပါးကွာခြားပါတယ်။ မျက်ခွံနဲ့ မျက်လုံးတစ်၀ိုက်က အရေပြားကတော့ ခန္ဓာကိုယ်တစ်ခုလုံးမှာ အပါးဆုံးပါ။ ပါးလွှာတာနဲ့အမျှ ဒဏ်ခံနိုင်ရည်နည်းပါတယ်။ ဓာတ်မတည့်တာ အလာဂျီဖြစ်လွယ်တဲ့နေရာပါ။
မျက်လုံးအလာဂျီကို ရှင်းပြပေးပါ။
မျက်လုံးအလာဂျီဆိုတာ မျက်လုံးအပါအ၀င် မျက်ခွံတွေနဲ့ မျက်လုံးတစ်၀ိုက်အရေပြားမှာ ဓာတ်မတည့်လို့ အလာဂျီဖြစ်တာပါ။ မျက်လုံးနီရဲတာ၊ မို့အစ်နေတာ၊ မျက်ရည်ပူကျတာ၊ မျက်ခံွထူနေတာမျိုးတွေဖြစ်ပါတယ်။ ရေအေး အ၀တ်ဖိကပ်ပေးရင် ခဏသက်သာပါတယ်။ ဒါပေမဲ့ ပြန်မဖြစ်ဖို့ ရေရှည်ထိန်းသိမ်းဖို့ ဆိုရင်တော့ ဖြစ်တဲ့အကြောင်းအရာကို ရှာဖွေကုသရပါမယ်။
ဘယ်လိုလက္ခဏာတွေ တွေ့ရပါသလဲ။
လက္ခဏာတွေက အများကြီးပါ။ မျက်သားအဖြူနေရာမှာ နီရဲပြီး မျက်လုံးရောင်နေပါမယ်။ ယားလည်းယား တယ်၊ မျက်ရည်ကျတယ်၊ ကြည့်လို့မကောင်းဘဲ မှုန်ဝါးနေပါတယ်။ စူးသလိုလို စပ်သလိုလို ဖြစ်နေပါတယ်။ မျက်လုံးသက်သက်ပဲ အလာဂျီဖြစ်နိုင်သလို နှာရည်ယိုတာ၊ နှာချေတာ စတဲ့ နှာခေါင်းအလာဂျီ အရေပြား ယားနာစတာတွေနဲ့လည်း တွဲလျက်ဖြစ်တတ်တယ်။ အတိအကျသိဖို့ ကျွမ်းကျင်သူနဲ့ မြန်မြန်ပြသသင့်တယ်။
အလာဂျီဖြစ်ရင် ဘာလို့မျက်လုံးနီတာလဲ။
မတည့်တဲ့အရာနဲ့ မျက်လုံးထိတွေ့မိလို့ ဖြစ်တာပါ။ တိရစၧာန်အညစ်အကြေး၊ အမွေးအမှင်၊ ဖုန်မှုန့်၊ ဓာတု ပစ္စည်းမတည့်တဲ့ မိတ်ကပ်စတာတွေ တစ်ခုခုကြောင့်ပါ။ မတည့်တာနဲ့တွေ့တော့ မျက်လုံးထဲက မတ်စ်ဆဲလ် (Mast Cell) တွေက ဟစ်တမင်းနဲ့ အခြားဓာတ်တွေ ထုတ်လွှတ်တာကြောင့် ရောင်လာ တာပါ။ ရောင်ရမ်းတဲ့ရလဒ်က နီရဲ ယားယံနေတဲ့ မျက်လုံးအလာဂျီပါ။
မျက််လုံးကအရမ်းယားတော့ ပွတ်မိတတ်တယ်။ အဲဒါကောင်းသလား။
ပွတ်ချင်တယ်၊ ပွတ်မိတယ်။ ဒါပေမဲ့ မျက်လုံးကိုပွတ်ရင် အလာဂျီပိုဆိုးလိမ့်မယ်။ ပွတ်တိုက်မှုကြောင့် ခုနက ပြောတဲ့ မတ်စ်ဆဲလ်တွေက ဓာတုပစ္စည်းတွေပိုမိုထုတ်လွှတ်ပြီး ပိုရောင်ရမ်းစေတယ်။ ပိုယားယံစေပါတယ်။
ပွတ်မဲ့အစား မိတ်ကပ်ဖျက်လိုက်ပါ။ ရေအေးအ၀တ်ကပ်ပေးပါ။ မျက်ကပ်မှန်တပ်ရင် ဖြုတ်ထားပါ။ လက်တွေကိုလည်း မကြာမကြာဆေးကြောပေးပါ။
ဒါဆို လောလောဆယ် မျက်လုံးတစ်၀ိုက်ဘာလိမ်းထားရမလဲ။
မျက်လုံးတစ်၀ိုက်မှာ အလာဂျီကြောင့် ရောင်ရမ်းနေတော့ ဘယ်လိုလုပ်ရမလဲ။ မိတ်ကပ်ထူထူနဲ့ ဖုံးလိမ်းမိကြတယ်။ မလုပ်ပါနဲ့။ မိတ်ကပ်ဟာ သဘာ၀ပစ္စည်းဘဲဖြစ်ဖြစ်၊ ဓာတုပစ္စည်းဘဲဖြစ်ဖြစ် အလာဂျီပိုဆိုးစေပါတယ်။ နီတာ၊ မျက်ရည်ထွက်တာ ပိုဆိုးလာလိမ့်မယ်။ ဒါကြောင့် မိတ်ကပ်ရပ်ထားပါ။ Hypoallergic ခေါ် ဓာတ်မတည့်မှုအဖြစ်နည်းတဲ့ ကွန်ဆီလာ (Concealer) နဲ့ မျက်လုံးတစ်၀ိုက်က အနီအညိုကွက်တွေကို အသာလိမ်းပေးနိုင်ပါတယ်။ မျက်လုံး အစားအခြားနေရာကို ကြည့်မိသူတွေ အာရုံပြောင်းအောင် အသာလေးလိမ်းချယ်ပါ။ ဥပမာ - နှုတ်ခမ်းနီနီရဲရဲ လှလှဆိုးထားတာမျိုးပေါ့။
လူတစ်ချို့မှာ ရာသီအချိန်မှန် မျက်လုံးအလာဂျီဖြစ်တာမျိုးကတော့ ဘယ်လိုပါလဲ။
တချို့လူတွေ ရာသီချိန်အလိုက် ပုံမှန်အလာဂျီဖြစ်တာရှိတယ်။ အလာဂျစ် မျက်လုံးရောင်နာ (Allergic Confunctivitis) လို့ခေါ်တယ်။ သစ်ပင်၊ မြက်ပင်လို အပင်မျိုး ၀တ်မှုန်တွေကြောင့်ဖြစ်တာပါ။ ဒါကြောင့် ဖြစ်တတ်တဲ့ ရာသီအချိန်ဆိုရင် နေကာမျက်မှန်တပ်ထားပါ။
အိမ်တွင်းမှာ အလာဂျီ အဖြစ်များစေတာတွေရှိတယ်လို့ ကြားဖူးပါတယ်။ အဲဒါတွေကိုလည်း ရှင်းပြပါဦး။
ဖုန်မှုန့်တွေ၊ အမှုန်တွေ၊ mole ခေါ် အိမ်တွင်းမှို၊ အိမ်မွေးတိရစၧာန်တွေရဲ့ အမှုန်၊ အမွှေးနဲ့ သွားရည်တွေကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။ ဒါတွေကြောင့်ဆိုရင် တစ်ချိန်လုံးလိုလို ဖြစ်နေတတ်ပါ တယ်။ ခွေး၊ ကြောင်တွေကိုပွေ့ဖက်တာ၊ အိပ်ခန်းထဲမှာ ခေါ်သိပ်တာတွေ ရှောင်ရပါ့မယ်။ ကိုင်ပြီးတိုင် လက်ပြန်ဆေးရပါမယ်။ အ၀တ်အစားလည်း မှန်မှန်လဲပေးရပါမယ်။ လိမ်းတဲ့မိတ်ကပ်နဲ့မတည့်ရင် မျက်ခွံတွေအဓိက ရောင်ရမ်းနေပါမယ်။
ဖုန်မှုန့်တွေကြောင့် အလာဂျီဖြစ်တတ်တယ်ဆိုရင်တော့ အိပ်ယာခင်း၊ ခေါင်းအုံးစွပ်နှင့် စောင်တွေ မှန်မှန်လဲပေးပါ။ ရေနွေးနဲ့ပြုတ်လျှော်ပါ။ ကြမ်းပြင်ကို ရေဖတ်အ၀တ်နဲ့ မှန်မှန်တိုက်ပေး၊ သန့်ရှင်းပေးပါ။ တံမြက်စည်းနဲ့ မလှည်းပါနဲ့။ ဖုန်မှုန့်တွေ၊ အမှုန်တွေ လွင့်ပြီးပိုဆိုးတတ်လို့ပါ။
အိမ်တွင်းမှိုအကြောင်းလည်း ရှင်းပြပေးပါဦး။
အိမ်ထဲမှာ ပေါက်ဖွားတဲ့မှိုကို Mole လို့ခေါ်တယ်။ အစားအစာတွေ မှိုတတ်ရင်တွေ့ရသလို မျိုးပေါ့။ ရေချိုးခန်း၊ မီးဖို၊ ဘေစင်၊ အဲကွန်းစတာတွေမှာ တွယ်ကပ်ပေါက်ဖွားနေတတ်တယ်။ အခုလို မိုးရာသီလိုမျိုး စိုလိုက် ခြောက်လိုက်အချိန်မှာ ပိုဆိုးပါတယ်။ ဒါကြောင့် သန့်ရှင်းရေးကို အခါတိုင်းထက် အကြိမ်းများများ ပိုလုပ်ပေးရမှာပါ။ အဲကွန်းဆန်ခါတွေမှာ HEPA မှိုမ၀င်တဲ့ လေစစ်ဆန်ခါတပ်နိုင်ရင် ပိုကောင်းတယ်။
မျက်လုံးအလာဂျီဖြစ်ရင် ဘယ်လိုကုသပါသလဲ။
မျက်စဉ်းနဲ့ ဆေးရည်တွေက အဓိကပါ။ သောက်ဆေး၊ ထိုးဆေးတွေလည်း လိုအပ်ရင် အသုံးပြုကြပါတယ်။
မျက်စဉ်းနဲ့ ဆေးရည်
အစက်ချဆေးရည်တွေနဲ့ အဓိက ကုသပါတယ်။ နှာခေါင်းအလာဂျီဆေးရည်တွေနဲ့ အတူတူပါ။ အယားပျောက် ဆေး၊ အရောင်ကျဆေးနဲ့ မတ်စ်ဆဲလ် ထိန်းဆေးပါ၀င်တယ်။
နောက်ထပ်အသုံးပြုကြတာတွေ မျက်ရည်ပူဆေးရည်တွေပါ။ မျက်လုံးထဲက မတည့်တာတွေ ရေနဲ့လောင်းပြီး ရှင်းထုတ်တဲ့ပုံစံမျိုးပေါ့။ မျက်လုံးကိုလည်းစိုစွတ်နေစေ တယ်။ သွေးကြောကျဉ်းဆေးရည် (Decomgestant) တွေက နီတာလျော့စေတယ်။ ဒါပေမဲ့ ကြာရှည်သုံးလို့တော့မကောင်းဘူး။ ဘယ်လိုဆေးရည်သုံးရမလဲဆိုတာ ဆရာ၀န်က ညွှန်ကြားမှာပါ။
သောက်ဆေးများ
အယားပျောက်ဆေး၊ အရောင်ကျသောက်ဆေးတွေ ပေးတတ်တယ်။ ဒါပေမဲ့ အယားပျောက်ဆေးသောက်ရင် အိပ်ငိုက်တာ၊ မျက်လုံးပိုခြောက်သွားတာတွေလည်းဖြစ်တတ်တယ်။ လိုအပ်မှသောက်ပါ။ လိုအပ်ရင် ပိုးသတ်ဆေးနဲ့ စတီးရွိုက်ကော်တီဆုန်း ဆေးများလည်း ပေးတတ်တယ်။
ထိုးဆေး
ထိုးဆေးတွေက နောက်ဆုံးကျမှ သုံးတယ်။ လိမ်းဆေး၊ သောက်ဆေးနဲ့ မရမှ ဒါမှမဟုတ် အလာဂျီသိပ်ဆိုးရွားမှ သုံးလေ့ရှိကြတယ်။ တချို့ မျက်လုံးအလာဂျီဟာ လအတော်ကြာအောင်ကုသရတာ လည်းရှိတယ်။
မျက်လုံးအလာဂျီပျောက်သွားပြီး ပြန်မဖြစ်အောင် ဘယ်လိုအကြံပေးချင်ပါသလဲ။
မိမိဘာသာ ၀ယ်လိုတဲ့ဆေးတွေ၊ ဆရာ၀န်ညွှန်ကြားချက်လိုတဲ့ဆေးတွေ၊ မျက်စဉ်း၊ သောက်ဆေး၊ ထိုးဆေး မျိုးစုံမှာ မိမိနဲ့ ဘယ်ဟာ သင့်တော်မလဲဆိုတာ ဆရာ၀န်နဲ့ ဆွေးနွေးကုသပါ။ ဖြစ်စေတတ်တာတွေကိုလည်း စုံထောက်လိုသတိထားကြည့်ပါ။ ဖြစ်စေတတ်တာကို ဂရုပြုသိရှိပြီး ဖယ်ရှားနိုင်မှ မျက်လုံးအလာဂျီထာ၀ရ ပျောက်ကင်းပြီးပြန်မဖြစ်မှာပါ။
Credit; ဒေါက်တာစိုး၀င်းဦး (အရေပြားအထူးကုဆရာ၀န်ကြီး)
ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း
No. 248, September 2015
















