/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/လေဖြတ်ရောဂါအကြောင်း-အပိုင်း-12

လေဖြတ်ရောဂါအကြောင်း (အပိုင်း - 1+2)

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဦးနေ၀င်း (ပါမောက္ခ)

        T.I.A ရပြီး၊ လေဖြန်းပြီး လုံး၀ပြန်ကောင်းကြသူများရော၊ လေအကြီးအကျယ်ဖြတ်ပြီး နာလန်ပြန်ထူအောင် ကြိုးစားနေကြသူများနှင့် မသန်မစွမ်းဖြစ်ကျန်ရစ်ခဲ့သူများပါ နောက်တစ်ကြိမ်လေပြန်မဖြတ်အောင် ကာကွယ်ရန်လိုသည်။ ယင်းသို့လေဖြတ်ရောဂါ ဒုတိယအဆင့်ကာကွယ်ခြင်းဟုခေါ်သည်။ TIA ရပြီးသူ၊ လေဖြန်းပြီးပြန်ကောင်း သူကတော့ မိမိနောင်တစ်ချိန်အကြီးအကျယ် လေဖြတ်နိုင်သည်ကို အချက်ပြသတိပေးခြင်းဖြစ်သည်ဟု လက်ခံပြီး အရှုံးထဲက အမြတ်ထွက်အောင် ကြိုစားရန်ဖြစ်သည်။ လေဖြတ်ပြီး နာလန်ပြန်ထူအောင် ကြိုးစားနေစဉ် လေထပ်ဖြတ်လျှင် လေဖြတ်ပြီးမသန်မစွမ်းဖြစ်ကျန်နေလျက်နှင့် လေထပ်ဖြတ် လျှင် နာလန်ပြန်အထူ ပိုခက်မည်၊  ပိုပြီး မသန်မစွမ်းဖြစ်မည်ဟူသော အသိ၊ သတိဖြင့် နောက်ထပ်လေပြန် မဖြတ်အောင် ကြိုးစားရမည်ဖြစ်သည်။ အရှုံးလေးကို အရင်းတည်ပြီး အရှုံးကြီးထပ်မရှုံးအောင် ကြိုးစားရခြင်းဖြစ်သည်။

           TIA ရပြီး လေဖြန်း၊ လေဖြတ်ပြီး သူတို့သည် ပထမရက် အနည်းငယ်အတွင်း၊ လပိုင်းအတွင်း လေပြန်ဖြတ် လေ့ရှိရာ TIA ရ၊ လေဖြတ်ပြီဆိုသည်နှင့် ပြန်နာလန်ထူအောင်ကြိုးစားရ သကဲ့သို့ နောက်တစ်ကြိမ် လေထပ်မဖြတ်အောင်ပါ တစ်ပါတည်း ကြိုးစားရသည်။ ယခုလေဖြတ်ထားသမျှ ပြန်ကောင်းအောင် ပထမကြိုးစားမည်။ ပြန်ကောင်းမှ နောက်တစ်ကြိမ်လေထပ် မဖြတ်အောင် လုပ်မည်ဟု အတွေးမှားလေ့ရှိကြသည်။ ပြန်ကောင်းအောင် မကြိုးစားရသေးခင် နောက်တစ်ကြိမ် ပြန်ဖြတ်မှ အရှုံးပေါ် အရှုံးဆင့်၊ ရှုံးပြီးရင်း ရှုံးနိုင်သည်ကို သိထားသင့်ပါသည်။ လေထပ်မဖြတ်အောင် ကာကွယ်ရေး အစီအမံများကို လေဖြတ်သည်နှင့် စ,သူများသည် နောက်ကျမှ အချိန်ဆွဲ စ,သူတို့ထက် လေထပ်ဖြတ်ခြင်းကို 80 ရာခိုင်နှုန်းခန့်ထိ ပိုလျော့နည်းစေသည်ဟု လေ့လာမှုများကပြသည်။

           လေတစ်ကြိမ်တစ်ခါမျှ မဖြတ်ခင် ကြိုတင်ကာကွယ်ခြင်းဖြစ်သည့် ပထမအဆင့် လေဖြတ်ကာကွယ်ခြင်းနည်းတူ TIA ရပြီး၊ လေဖြတ်ပြီး နောက်တစ်ကြိမ်ထပ်မဖြစ်အောင် ကာကွယ်ခြင်းဖြစ်သည့် ဒုတိယအဆင့် ကာကွယ်ခြင်းတွင်လည်း ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှု၊ လူနေမှုပုံစံကိုပင် အလေးထားလိုက်နာရန် ဖြစ်သည်။ လေထပ်မဖြတ်အောင် ဆေးသောက်ရုံနှင့်မပြီး၊ ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင်စားသောက်ခြင်းသည် မပါမဖြစ်၊ မလုပ်မနေရ၊ အရေးကြီးကုသမှုတစ်ခုဖြစ်သည်ကို သိထားသင့်ပါသည်။ ဆေးလိပ်၊ အရက်၊ ဆားအငန်၊ ကစီ၊ ပြည့်၀ဆီ၊ အဆီ၊ ဟင်းသီးဟင်းရွက်၊ ကိုယ်လက်လှုပ်ရှားမှုစသည်တို့နှင့်ပတ်သက်ပြီး ရှောင်သင့် သည်ကိုရှောင်၊ ဆောင်သင့်သည်ကိုဆောင်ရန်ဖြစ်သည်။

           လေဖြတ်ပြီး ကိုယ်တစ်ခြမ်းမလှုပ်နိုင်သောလူနာ ဆေးလိပ်ကိုယ်တိုင်မီးညှိ၊ ဆေးလိပ် လက်ကြားညှပ် သောက်ရန် မလွယ်တော့သဖြင့် အားမတန် မာန်လျော့ပြီး ဆေးလိပ်ပြတ်သွားသူများလည်း ရှိမည်ထင်သည်။ ထို့ထက်ပိုပြတ်ရသည့်အကြောင်းရှိသည်။ လေဖြတ်ခြင်းကို နဖူးတွေ့၊ ဒူးတွေ့ကိုယ်တိုင်ခံစားလိုက်ရသဖြင့် အကြောက်ကြီးကြောက်ပြီး ပြတ်သွားကြသည်ကများသည်။ ကျန်းမာစဉ်၊ လေမဖြတ်ခင်က ဆေးလိပ်မကောင်း ကြောင်း၊ ဆေးလိပ်အန္တရာယ်၊ ဆေးလိပ်ဖြတ်ရန် မည်သို့တရားဟောဟော မဖြတ်သရွေ့ လေဖြန်းလေဖြတ်ပြီးချိန် တွင်တော့ ပြတ်သွားကြသည်ကများသည်။ သို့ပေမယ့် တစ်ခါတစ်ရံ လေဖြတ်ပြီးသည့်တိုင် ပြန်ကောင်းချိန်တွင် ဆေးလိပ်ပြန်သောက်ကြသော လူစွမ်းကောင်းများကိုလည်းတွေ့ရတတ်သည်။ လေတစ်ခါဖြတ်ပြီး ဆေးလိပ်လုံး၀ ပြတ်သွားသူတို့ သည် ဆေးလိပ်ဆက်သောက်သူများထက် နောက်တစ်ကြိမ် လေထပ်ဖြတ်နှုန်း 50 ရာခိုင်နှုန်း ပိုနည်းသွားစေသည်ဟုဆိုသည်။

           လေဖြန်းပြီး၊ လေဖြတ်ပြီးလူနာတချို့သည် ဆေးလိပ်သာပြတ်သည်၊ အစားအသောက်မဆင်ခြင်၊ တချို့လူနာသည် သွေးတိုးကိုသာအားပြုကုသည်။ တချို့က သွေးချိုကိုသာဂရုစိုက်သည်။ ဤသို့ဖြင့် မိမိအရေးကြီးသည် ထင်ရာတစ်ခုတည်းကိုသာ ကွက်ပြီးအားစိုက်ကုတတ်ကြသည်။ ထိုကဲ့သို့သော လူနာများသည် ထင်သလောက် အကျိုးကျေးဇူးမခံစားရသည်ကိုတွေ့ရသည်။ ရှိသမျှ အခံရောဂါအားလုံးကို ဘက်စုံ၊ ထောင့်စုံ အင်တိုက် အားတိုက်ကုမှသာ အရာထင်သည်ဟု ဆိုသည်။ အခံရောဂါအားလုံးကို တစ်ပြိုင်နက် ကုခြင်းက ရောဂါတစ်ခုတည်းကို အားစိုက်ကုခြင်းထက် လေထပ်ဖြတ်နှုန်းကို သိသိသာသာပိုနည်းစေသည်ဟု လေ့လာမှုများကဆိုသည်။

           လေဖြန်းဖူး၊ လေဖြတ်ဖူးသူတို့သည် နောက်တစ်ကြိမ် လေထပ်ဖြတ်ရန်အလားအလာ ပိုများရုံသာမက အခြားသွေးကြောကျဉ်းရောဂါဖြစ်သည့် နှလုံးသွေးကြောပိတ်ခြင်း၊ နှလုံးခုန် ရုတ်တရက်ရပ်သွားခြင်း စသည့် ရောဂါများကြောင့်လည်း ဒုက္ခရောက်တတ်သည်။ လေဖြတ်ဖူးသူ နောက်တစ်ကြိမ်လေထပ်မဖြတ်အောင် ကာကွယ်ခြင်းနည်းမျိုးစုံသည် ယင်းနှလုံးသွေးကြောပိတ်၊ နှလုံးခုန်ရပ်စသည့် ရောဂါများကိုလည်း တစ်ပြိုင်နက် ကာကွယ်မှုပေးသည်။

           TIA ရဖူးသူ၊ လေဖြတ်ဖူးသူတို့တွင် သွေးတိုးရောဂါကို နိုင်နိုင်နင်းနင်း ကုရန်လိုသည်။ အောက်သွေးပေါင်ချိန် Diastolic Blood Pressure 7.5 မီလီမီတာ မာကျူရီမြင့်တက်တိုင်း နောက်တစ်ကြိမ်လေဖြတ် အန္တရာယ် နှစ်ဆပိုများလာသည်။ ထို့အတူ သွေးတိုးကို စံချိန်မီကုလျှင် လေထပ်ဖြတ်နှုန်းကို သိသိသာသာလျော့နည်း စေသည်။ အပေါ်သွေး 10 မီလီမီတာမာကျူရီ သို့မဟုတ် အောက်သွေး 5 မီလီမီတာ မာကျူရီချရုံဖြင့် လေထပ်ဖြတ်သည့်အန္တရာယ်ကို 34 ရာခိုင်နှုန်းထိ လျော့နည်းစေသည်ဟုလည်းဆိုသည်။ လူနာ 15000 ကျော်ကို 2 နှစ်မှ 5 နှစ်ကြာ လေ့လာထားသည့် သုတေသန 6 ခုကို ခြုံငုံလေ့လာချက် တစ်ခုတွင် သွေးတိုးကို စံချိန်မီကုလျှင် လေထပ်ဖြတ်ခြင်းကို အကောင်းဆုံးကာကွယ်နိုင်သည်ဟု ဖော်ပြထားသည်။ သွေးပေါင်ချိန်မည်မျှထိ ချသင့်သည်ဟု ပြတ်ပြတ်သားသား ဆိုသည့် လေ့လာသုတေသနများ မရှိသော်လည်း လေဖြတ်ရောဂါကုသရေး လမ်းညွှန်များက သွေးပေါင်ချန် 120/80 ထိချရန်လိုသည်ဟု ညွှန်ကြသည်။ တချို့လမ်းညွှန်များက သွေးပေါင်ချိန်ပုံမှန်ရှိသူများတွင်ပင် ကုလျှင်အကျိုးရှိသည်ဟု ဖော်ညွှန်းကြသည်။

         လေ့လာသုတေသန ခပ်ကြီးကြီးနှစ်ခု၊ သုံးခုက Thiazide ဆီးဆေးနှင့် ACEI သွေးကျဆေးတို့နှစ်ခုပေါင်း သည့်အခြားသွေးကျဆေးများထက် လေထပ်ဖြတ်ခြင်းကို ကာကွယ်နိုင်စွမ်းပိုကောင်းသည်၊ နှလုံးသွေးကြောပိတ်ခြင်း ကိုလည်း ကာကွယ်မှုပေးသည်။ လေဖြတ်ပြီး သူငယ်ပြန်မေ့လျော့ခြင်းဖြစ်ပွားမှုကိုလည်း လျော့နည်းစေသည်ဟု  ကောက်ချက်ချကြသကဲ့သို့ Atenolol ကဲ့သို့သော Betablocker သွေးကျဆေးများသည် လေထပ်ဖြတ်နှုန်းကို အနည်းငယ်ပိုများစေသည်ဟုဆိုသည်။ လက်တွေ့တွင် ဆရာ၀န်က ဤအချက်သာမက သွေးကျဆေးတို့ ၏ ရှောင်သင့်၊ သုံးသင့်၊ အကျိုး၊ အပြစ်အားလုံးကို ခြုံငုံသုံးသပ်ပြီး မိမိလူနာအတွက် အသင့်တော်ဆုံးဆေးကို ရွေးမည်ဖြစ်သည်။

 

လေဖြတ်လူနာများတွင် သုံးလေ့ရှိသောအခြားဆေးများ

        လေ့လာသုတေသနအားလုံးက သွေးခဲပျော်ဆေး ( Thrombolytic Drugs)၊ သွေးကျဲဆေး (Antiplatelets) သွေးမခဲဆေး (Anticoagulants) အားလုံးသည် လေဖြတ်လူနာများတွင် ထိရောက်သောအာနိသင် အကျိုးကျေးဇူးရှိသည်ဟု ပြတ်ပြတ်သားသားတွေ့ရှိဖော်ပြကြသည်။ နိုင်ငံတကာလေဖြတ်ရောဂါဟု လမ်းညွှန်များကလည်း ယင်းဆေးများကို လေဖြတ်လူနာများတွင် အသုံးပြုရန် တညီတညွတ်တည်း ညွှန်းဆိုကြသည်။ ယင်းဆေးများသည် လေဖြတ်လူနာများအတွက် ပထမတန်းစား ဆေးများဖြစ်ကြသည်ဟု ဆိုနိုင်သည်။ သို့ရာတွင် လေဖြတ်လူနာတိုင်းအတွက် မဖြစ်မနေသုံးနိုင်သည်တော့ မဟုတ်။ မသုံးသင့်သည့်အချိန်၊ မသုံးသင့်သည့် အခြေအနေစသည်ဖြင့် ရှိသေးသည်။ ဆရာ၀န်က တွက်ချက်ဆုံးဖြတ်မည်ဖြစ်သည်။

           လေဖြတ်လူနာတော်တော်များများတွင် သုံးနေကြသော လူသိများဆေးများလည်းရှိသေးသည်။ တချို့က လေဖြတ်က လေဖြတ်ကာကွယ်ဆေးဟုပင် ခေါ်ကြသည်။  လေဖြတ်လျှင် မဖြစ်မနေ သုံးရမည့် ဆေးဟုပင်ထင်ကြသည်။ သွေးခဲပျော်ဆေး၊ သွေးကျဲဆေးများကို သတိမရကြ။ ယင်းဆေးများကိုသာ လေဖြတ်ရောဂါအတွက် အကောင်းဆုံးဆေးဟုထင်ကြသည်။  သွေးတိုး၊ သွေးချိုထိန်းရန် လူနာကိုအရေးပေး ပြုစုရန်က သိပ်အရေးမကြီး၊ ယင်းဆေးများ မြန်မြန်တိုးနိုင်လျှင်ပင် အရာရာပြီးပြည့်စံုံပြီဟု ထင်ကြသည်။ Pirecetam, Cerebrolysin, Citicoline စသည့် ဆေးများဖြစ်ကြသည်။ ဆေးပညာအရ Neuroprotective Drugs များဟုခေါ်သည်။ သွေးကြောပိတ်သည့် ဦးနှောက်အစိတ်အပိုင်းသွေးမရသည့်ဒဏ် ခံနိုင်ရည်ရှိအောင် စွမ်းဆောင်ပေးသောဆေးများ၊ ဦးနှောက်ပျက်စီးမှုကို နည်းစေသောဆေးများဟု အဓိပ္ပါယ်ဖွင့်ဆိုကြသည်။  လေ့လာသုတေသနများက ယင်းဆေးများသည် ထိုက်သင့်သောအကျိုးကျေးဇူး ရစေသည်ဟုပြကြသည်။  ထို့ကြောင့် တချို့လေဖြတ်ကုထုံးလမ်းညွှန်များက ယင်းဆေးများကို ညွှန်းကြသည်။ ကုထုံးလမ်းညွှန်တိုင်းက ညွှန်းသည်တော့မဟုတ်။ ညွှန်းသည့်လမ်းညွှန်များကလည်း သွေးခဲ ပျော်ဆေး၊ သွေးကျဲဆေး ကို ဦးစားပေးအဖြစ် သတ်မှတ်ပြီး Neuroprotective ဆေးများကို အရန်ဆေးများအဖြစ် ဆိုကြသည်ကများသည်။ သွေးခဲပျော်ဆေး၊ သွေးကျဲဆေးတို့နှင့်အတူ သုံးကြသကဲ့သို့ အခြေအနေအရ သွေးခဲပျော်ဆေးမသုံးနိုင်သော လူနာများတွင်လည်းသုံးသည်။ အတိုင်းအတာတစ်ခုထိတော့ အကျိုးရှိသည်ဟု ဆိုကြသည်။ ယင်းဆေးများကို လေဖြတ်လူနာများတွင် စောနိုင်သမျှ စောစောပေးရန် ညွှန်းကြသည်။ သွေးခဲပျော်ဆေးကဲ့သို့ C.T.Scan အဖြေစောင့်ရန်မလို၊ ခပ်စောစောသုံးနိုင်သည်က ယင်းဆေးများ၏ အားသာချက်ဖြစ်သည်။

 

လေဖြတ်ပြီးနောက်

        လေဖြတ်ပြီးနောက် ပျက်စီးသွားသော ဦးနှောက်အစိတ်အပိုင်းပြန်လည်ပြုပြင်ပြီး ပြန်ကောင်းနိုင်သည်။ တချို့ဦးနှောက်ကလာပ်စည်းများ ခဏတစ်ဖြုတ်ပျက်စီး၊ ခဏကြာတော့့ ပြန်ကောင်းကြသည်။ ပျက်စီးဆုံးရှုံးသွားသော လုပ်ငန်းဆောင်တာများပြန်လည်သင်ယူအသုံးချနိုင်သည်။  ပျက်စီးသွားသော ဦးနှောက်အစိတ်အပိုင်းအစား မပျက်စီးသည့်အပိုင်းက အစားထိုးတာ၀န်ယူနိုင်သည်။ တစ်ခါတစ်ရံ မထင်မှတ်လောက်အောင်၊ ယုံလို့မရလောက်အောင် ပကတိပြန်ကောင်းကြသည်။

         လေဖြတ်လူနာအားလုံး၏ 10 ရာခိုင်နှုန်းသည် လုံး၀နီးပါးပြန်ကောင်းကြသည်။ 25 ရာခိုင်နှုန်းကတော့ မသန်မစွမ်း အနည်းငယ်ဖြစ်ကျန်ခဲ့ကြသည်။ 40 ရာခိုင်နှုန်းခန့်က ဆိုးဆိုးရွားရွား မသန်မစွမ်းဖြစ်၊ ကိုယ့်အားကိုယ် ကိုးပြန်လည်လှုပ်ရှားစွမ်းဆောင်နိုင်ခြင်းမရှိ၊ ဘေးလူ၊ မိသားစု၀င်တို့၏ ပံ့ပိုးမှုနှင့် နေကြရသည်။ 15 ရာခိုင်နှုန်း ကတော့ လေဖြတ်ပြီးသေဆုံးကြသည်ဟု လေ့လာချက်များကဆိုသည်။ လေဖြတ်ပြီး ပထမတစ်ပတ်အတွင်း သေဆုံးမှုကအများဆုံးဖြစ်သည်။  နောက်ပိုင်းတွင်တော့ သိပ်မများတော့။ တစ်နှစ်လျှင် 7 ရာခိုင်နှုန်းဖြင့်သာ သေဆုံးကြသည်ဟု ဆိုသည်။

         လေဖြန်းသူ၊ လေအသေးစားဖြတ်သူတို့က များသောအားဖြင့် လေဖြတ်မှန်းမသိ၊ အရေးကြီးသည်ဟုမထင်၊ ဘာသိဘာသာနေ၊ ဆေးရုံမရောက်ကြ၊ အကြီးစားလေဖြတ်သူများကတော့ ဆေးရုံသို့အရေးပေါ်ရောက်လာကြသည်။ ထို့ကြောင့် ရပ်ထဲ ရွာထဲအသေးစားလေဖြတ်လူနာများထက် ဆေးရုံတက်၊ အကြီးအကျယ်လေဖြတ်လူနာများက သေဆုံးမှုပိုများသည်။

         လေဖြတ်ပြီးတစ်ပတ်အတွင်း သေဆုံးခြင်းသည် လေဖြတ်ခြင်းနှင့် တိုက်ရိုက်ပတ်သက်မှုရှိ သည်။ လေဖြတ်ခြင်းကြောင့်သေဆုံးခြင်းဖြစ်သည်။ လေဖြတ်ပြီးတစ်ပတ်နောက်ပိုင်း သေဆုံးခြင်း ကတော့ လေဖြတ်ခြင်းကြောင့်ထက် နောက်ဆက်တွဲပြဿနာ များကြောင့်ဖြစ်ကြသည်က များသည်။ အဆုတ်ရောင် နမိုးနီးယား၊ ဆီးပိုး၀င်၊ သွေးဆိပ်တက်၊ ခြေထောက်သွေးပြန်ကြောပိတ်၊ သွေးခဲပြုတ်၊ အဆုတ်တွင်းဆို့ စသည့် နောက်ဆက်တွဲပြဿနာ များကြောင့် သေဆုံးကြသည်ကများသည်။  လေဖြတ်လူနာအား အဆင့်မီသူနာပြုစုစောင့်ရှောက်ခြင်းဖြင့် သေဆုံးမှုကိုလျော့နည်းစေနိုင်သည်။

         သွေးကြောပိတ်လူနာများသည် သွေးကြောပေါက်လူနာများထက် သေဆုံးမှုများ သည်။ သွေးကြောပိတ် လေဖြတ်လူနာများ၏ 10 ရာခိုင်နှုန်းခန့်သာ သေဆုံးကြသော်လည်း သွေးကြောပေါက်လူနာ 50 ရာခိုင်နှုန်းထိ သေဆုံးကြသည်ကို တွေ့ရသည်။

        လေဖြတ်လူနာလုံး၀ သတိမေ့မြောနေပါက ရောဂါဆိုးရွားမှုကို ပြသည်။ ယင်းလူနာများသည် အသက်ဆုံး ရှုံးရန်အလားအလာများကြသည်။ အသက်ရွယ်ကြီးသူ၊ သွေးချို၊ နှလုံးစသည့် ယှဉ်တွဲရောဂါရှိသူ၊ သွေးပေါင်ချိန် မြင့်လွန်း၊ နိမ့်လွန်းသူများသည်လည်း အသက်ဆုံးရှုံးရန် အန္တရာယ်ပိုများကြသည်။

         သွေးခဲပျော်ဆေး အချိန်မီပေးနိုင်ခြင်းကလည်း လေဖြတ်လူနာ၏ နောက်ပိုင်းရလဒ်ကို ကောင်းစေနိုင်သည်။  သွေးခဲပျော်ဆေး ထိုးသည့်လူနာများသည် သွေးခဲပျော်ဆေးအခြေအနေတစ်ရပ်ရပ်ကြောင့် မရနိုင်သည့် လူနာများထက် လေဖြတ်ပြီး သုံးလအကြာတွင် မသန်မစွမ်းဖြစ်မှု 30 ရာခိုင်နှုန်းခန့် အဖြစ်နည်းသည်ကိုတွေ့ရသည်။

         အမျိုးသမီးများသည် အမျိုးသားများထက် လေဖြတ်ရန်အလားအလာပိုများကြ သကဲ့သို့ လေတစ်ခါဖြတ်ပြီး နောက်တစ်ကြိမ်လေပြန်ဖြတ်နိုင်ခြေပိုများသည်။ လေဖြတ်ပြီးနာလန်ထူနှုန်း ပိုနည်းသည်။ နာတာရှည်မသန်မစွမ်း ဖြစ်ပွားမှုနှုန်းအမျိုးသားများထက် ပိုများသည်ဟု လေ့လာချက်များကဆိုသည်။

         အသက်ရွယ်ကြီးလာသည်နှင့် လေဖြတ်ရန်အန္တရာယ်ရှိလာသည်။ လေဖြတ်စေသော အခံရောဂါအရေ အတွက်များလေ အန္တရာယ်များလေဖြစ်သည်။  ဆင်းရဲ၊ ချမ်းသာမရွေးလေဖြတ်ကြသည်။ လေဖြတ်လူနာအားလုံး၏ 35 ရာခိုင်နှုန်းခန့်သည်လည်း ပြန်ကောင်းကြသည်။ လေဖြတ်ပြီး အသက်မသေ၊ ပြန်ကောင်းကြသူများ တွင် နိုင်ငံခေါင်းဆောင်များ၊ ရုပ်ရှင်အနုပညာရှင်များ၊ စီးပွားရေးသမားများ၊  စာရေးဆရာများ အများအပြားပါ၀င်သည်။  အမေရိကန်သမ္မတများဖြစ်ကြသော Gerald Ford, Franklin Roosevelt, Dwight Eisenhower, Richard Nixon တို့သည် လေဖြတ်ဖူးကြသူများဖြစ်သည်။ ရုပ်ရှင်သရုပ်ဆောင် Sharon Stone, Kirk Douglas, စာရေးဆရာကြီး Charles Dickens တို့သည်လည်း လေဖြတ်ဖူးကြသူများဖြစ်သည်။

 

 

Credit; ပါမောက္ခနေ၀င်း (ဆေးပညာ)

Health Digest Journal