သေချာရင် လွယ်လာမယ်
ကုရခက်တဲ့ သွေးတိုးဟာ အကြောင်းများစွာကြောင့်ဖြစ်ရတယ်။ အောင်အောင်မြင်မြင်ကုချင်ရင် အကုခက် စေတဲ့အကြောင်းအရာတွေကို ရှာဖွေပြီး ပြင်ဆင်ကုသရမယ်။ အခြားရောဂါကြောင့်ဖြစ်တဲ့ သွေးတိုး (Secondary Hypertension) ဆိုရင်ဖြစ်စေတဲ့ ရောဂါကိုရှာပြီး အဲဒီရောဂါကို ကုရတယ်။ ထိရောက်တဲ့ ဆေးသုံးမျိုးမက လေးမျိုးကိုသုံးရလိမ့်မယ်။ အခက်အခဲက ဒီလိုအကုခက်တဲ့သွေးတိုးရောဂါရှင်တွေကို တစုတေ၀းတည်းကုထုံးလေ့လာတဲ့ သုတေသနမရှိတာပဲ။ အမျိုးမျိုးပြောကြ၊ ရေးကြပေမယ့် သွေးတိုးကုခက်ရတဲ့ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် မသိကြဘူး။ မျိုးရိုးစဉ်ဆက်ပညာမှာ ကုခက်တဲ့သွေးတိုး အကြောင်းကို ကောင်းကောင်းမလေ့လာရသေး ဘူး။ ဆေးသုံးမျိုး၊ လေးမျိုးပေါင်းပေးရင်လည်း စနစ်တကျလေ့လာတာမဟုတ်ဘဲ တို့စမ်းတို့စမ်းကုကြည့် တာဖြစ်တယ်။ မလေ့လာရသေးတဲ့ အကြောင်းကလည်း ကုခက်တဲ့ သွေးတိုးလူနာတွေ အများကြီးရှိပေမယ့် တစုတေ၀းတည်း မတွေ့နိုင်တဲ့အတွက်ပဲ။ အမေရိကန်အမျိုးသားကျန်းမာရေးနဲ့ အာဟာရသုတေသန (NHANES) National Health and Nutrition Examination Survey က သွေးတိုးရှိပြီး ဆေးကုနေတဲ့လူတွေကို လေ့လာရာမှာ သွေးပေါင်ချိန် 140/90mmHg အောက်ကျအောင် 53 ရာခိုင်နှုန်းမှာက ထိန်းနို်င်ပါတယ်။ Framingham Heart Study ခေါ်တဲ့ အမေရိကန်ပြည်ထောင်စု မန်ဆာချူးဆက် Massachusetts ပြည်နယ်က လူဦးရေခြောက်သောင်း ရှစ်ထောင့် သုံးရာတစ်ဆယ့်ရှစ်ယောက်ရှိတဲ့မြို့ကလေးမှာ နှလုံးရောဂါကို လေ့လာခဲ့တယ်။ သွေးပေါင်းချိန် 140/90 mmHg အောက်ရောက်အောင် 48 ရာခိုင်နှုန်းမှာပဲ ဆေးကုနိုင်သတဲ့။ အသက် 75 နှစ်အရွယ် လူကြီးတွေမှာ ရည်မှန်းထားတ့ဲ သွေးပေါင်ချိန်ရအောင်အများစုမှာ မစွမ်းဆောင်နိုင်ဘဲ 40 ရာခိုင်နှုန်းမှာသာ ထိန်းချုပ်နိုင်တယ်။ Joint National Committee (JNC7) က သွေးတိုးနဲ့ ကျောက်ကပ်ရှိတဲ့လူတွေမှာ ပိုပြီးကောင်းကောင်းထိန်းဖို့ လိုတယ်လို့ သတ်မှတ်တယ်။ ဒါပေမယ့် ကျောက်ကပ်ရောဂါရှိတဲ့ လူတွေမှာ သတ်မှတ်တဲ့ 130/80 mmHg ရဖို့ရာ 37 ရာခိုင်နှုန်းမှာသာ စွမ်းဆောင်နိုင်သတဲ့။ ဆီးချိုရှိတဲ့လူတွေမှာဆိုရင် သာဆိုးသေးတယ်။ မှန်းချက် 130/85 mmHg ရဖို့ရာ 25 ရာခိုင်နှုန်းမှာသာ စွမ်းဆောင်နိုင်သတဲ့။ (Uncontrolled Hypertension) ဆေးသောက် မမှန်လို့ သွေးပေါင်းချိန်မကျတာနဲ့ ဆေးသောက်လည်းမှန်ကြိုးစားလည်း ကုလျက်နဲ့ သွေးပေါင်ချိန်မကျရတဲ့ အခြေအနေ (Resistant Hypertension)ဟာ မတူပါဘူးတဲ့။ ကုခက်တာက ကုရဲ့သားနဲ့ သွေးပေါင်းချိန် မကျတာဖြစ်တယ်။ Framingham မြို့သားတွေကို သွေးတိုးကုသတဲ့နေရာတွေမှာ အောက်သွေးပေါင်းချိန် 90mmHg အောက်ရောက် အောင် 90 ရာခိုင်နှုန်းမှာ စွမ်းနိုင်ပေမယ့် အထက်သွေး 140mmHg အောက် ရောက်အောင် 45 ရာခိုင်နှုန်းမှာသာ စွမ်းဆောင်နိုင်ပါသတဲ့။ အပေါ်သွေးနဲ့ အောက်သွေးထိန်းရခက်ပုံ မတူတာကိုပြတာပဲ။ အသက် 60 အောက်ဆိုရင် အပေါ်သွေးကို 60 ရာခိုင်နှုန်းကျော် ထိန်းလို့ရတယ်။ အသက် 70 ကျော်ရင် 40 ရာခိုင်နှုန်းမှာသာ ထိန်းနိုင်တယ်။ အသက်ကြီးလေ အပေါ်သွေးထိန်းရခက်လေပဲဖြစ်တယ်။ အပေါ်သွေးထိန်းရတာခက်တဲ့ အခြေအနေနှစ်ခု ရှိသေးတယ်။ တစ်ခုက နှလုံးကြီးနေတဲ့ Left Ventricular Hypertrophy ရနေတဲ့လူတွေနဲ့ အလွန်၀နေတဲ့လူတွေမှာ အထိန်းရခက်တယ်။ အလွန်၀တဲ့လူတွေမှာ အောက်သွေး Diastolic Pressure ကိုထိန်းရတာ ခက်တာပဲ။ ဖင်လန် နိုင်ငံမှာ လူ 347 ယောက်ရဲ့ ဗီဇကို လေ့လာဖူးတယ်။ Epithelial Sodium Channel (ENAC) ဒီ Gene တွေမှားခဲ့လို့ရှိရင် Liddle’s Syndrome လို့ခေါ်တဲ့ သွေးတိုးရောဂါမျိုးရတယ်။
၀ရင် ပိန်အောင်လုပ်ရမယ်။ လေ့ကျင့်ခန်းလုပ်ရမယ်။ အရက်များများသောက်တာ ရှောင်ရမယ်။ အငန် မစားရဘူး။ ဆော်ဒါပါတာများတာမစားရဘူး။ အသီးအရွက်များများစားရမယ်။ အကိုက်အခဲပျောက်ဆေးတွေ၊ စိတ်ကြွဆေးတွေ၊ နှာခေါင်းပိတ်ရင်သုံးတဲ့ဆေးတွေ၊ ကိုယ်၀န်တားဆေးတွေ၊ နွယ်ချိုပါတဲ့ဆေးတွေရှောင်ရမယ်။ စပြီး ဂုတ်တိုရင် ညအိပ်တဲ့အခါမှာ ဟောက်ပြီး နေ့မှာငိုက်နေရင် အဆုတ်ဆရာ၀န်နဲ့ တွေ့ရမယ်။ ကျောက်ကပ်ရောဂါ နဲ့ ကျောက်ကပ်အထက်မှာ ကပ်နေတဲ့ Adrenal Gland ရောဂါတွေဟာ ထိန်းခက်တဲ့သွေးတိုးရောဂါဖြစ်စေ တဲ့အတွက်ရှာဖွေပြီး ကုသဖို့လိုမယ်။ ဆီးဆေးကို သွေးတိုးကုတဲ့နေရာမှာအသုံးနည်းတယ်။ ဆီးဆေးအမျိုးမျိုးကို သင့်တော်သလို အကောင်းဆုံးသုံးပြီးကုဖို့လိုမယ်။ တကယ်တော့ သုံးနေတဲ့ဆေးတိုင်း၊ ဆေးတိုင်းကို အကောင်းဆုံး၊ အမြင့်ဆုံးမသုံးဘဲ တစ်၀က်တစ်ပျက်သာသုံးပြီး ဆေးတစ်မျိုးပြီးတစ်မျိုး ထပ်ပေါင်းနေတဲ့အတွက် သွေးတိုး မကျနိုင်တာတွေကလည်း 50 ရာခိုင်နှုန်းလောက်ရှိတဲ့အတွက် ဆေးတိုင်းဆေးတိုင်းကို အကောင်းဆုံးသုံးပြီး မျိုးမတူကွဲပြားတဲ့ ဆေး 3 မျိုး သို့မဟုတ် 4 မျိုးကို ပေါင်းပြီးသွေးတိုးကို ထိန်းရမယ်။
Credit; ပါမောက္ခဒေါက်တာသံစစ်
















