အရွယ်တင်တဲ့ အရေပြား
မကြာသေးခင်က ကျွန်တော်တို့သူငယ်ချင်းတွေ စုပေါင်းပြီး ကျေးဇူးရှင် ဆရာကြီးများကို ဂါရ၀ပြုကန်တော့ပွဲ ကျင်းပခဲ့ကြပါတယ်။ 1969 ခုနှစ်၊ မန္တလေးဆေးတက္ကသိုလ်၀င်ခွင့်ရ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပြန်လည်ဆုံ စည်းပွဲနဲ့ ဆရာကန်တော့ပွဲဆိုတော့ တပည့်တွေက အသက် 60 ကျော်တွေ၊ ဆရာ ဆရာမတွေက အသက် 70၊ 80 ကျော်တွေချည်းပါ။ ပြောရရင် အားလုံးဟာ ဘ၀ရဲ့နေညိုချိန်ရောက်နေကြသူချည်းပါ။ တချို့ဆရာကြီးတွေနဲ့ သူငယ် ချင်းတွေကတော့ ကံမကောင်းအကြောင်းမလှလို့ ဆည်းဆာချိန်လွန်မြောက်သွားခဲ့ကြသလို၊ ဆည်းဆာချိန်တောင် မရောက်လိုက်ရသူတွေလည်း ရှိလေရဲ့။
အရွယ်တင်လိုက်တာ
ဒီလို နှစ်ပေါင်းများစွာမတွေ့ရ၊ မဆုံရတဲ့ သူငယ်ချင်းတွေ၊ ဆရာကြီးတွေနဲ့ ပြန်လည်တွေ့ကြရတော့ စကားတွေလည်း ပြောလို့မ၀၊ ဓာတ်ပုံတွေလည်း ရိုက်လို့မ၀နဲ့ ပျော်ရွှင်ချမ်းမြေ့စရာပါ။ ဒါပေမဲ့ သတိထားမိတာက ကန့်တော့ခံဆရာကြီး၊ ဆရာမကြီးတွေထဲမှာ နုပျိုလန်းဆန်းနေသေးတဲ့သူတွေ ရှိနေသေးသလို ကျွန်တော်တို့တပည့် တွေထဲမှာလည်း ငယ်ရုပ် ငယ်သွေးရှိနေသူတွေလည်းတွေ့နေရတာပါ။
ပြောရရင် အရွယ်တင်တဲ့သူတွေ ထူးထူးခြားခြားရှိနေတာပါ။ အချင်းချင်းလည်း မင်းကအရွယ်တင်လိုက်တာ၊ ခုထိ ငယ်ရုပ်မပျောက်သေးဘူး၊ နုပျိုနေတုန်းပဲ စသဖြင့် ချီးမွမ်းသံတွေပြောကြဆိုကြနဲ့ပါ။ ဒါပေမဲ့ တချို့တပည့်တွေ ကျတော့ ဆရာအိုလား ထင်ရလောက်အောင် အိုရုပ်ဆင်နေတာမျိုးလည်းရှိလေရဲ့။ ဆရာ၀န်ဖြစ်ပြီးကတည်းက မတွေ့ကြလေတော့ သူတို့ကိုကြည့်ပြီး သူငယ်ချင်းမှ ဟုတ်ရဲ့လား၊ ဆရာတစ်ယောက်ယောက်များလားလို့တောင် ထင်မှားမိသူတွေ ရှိပါတယ်။ အသက် အရွယ်တွေက မတိမ်းမယိမ်းပေမဲ့ ရုပ်သွင်တွေကတစ်ယောက်နဲ့တစ်ယောက် ကွာခြားသွားတဲ့ကိစ္စမှာ အကြောင်းတရားတွေအများကြီးရှိပါတယ်။ အထူးသဖြင့် အရေပြားမှာ ထင်သာမြင်သာတဲ့ ပြောင်းလဲမှုတွေကို ပေါ်လွင်လာတော့တာပါ။
အိုချင်း (2) မျိုး
သက်ရှိလူသား တစ်ယောက်ရဲ့ အရေပြားဟာ ကြီးထွားတဲ့အဆင့်ကို လွန်မြောက်သွားပြီးရင် အိုစာတဲ့ ပြောင်းလဲမှုတွေကိုအစပြုတော့တာပါ။ တိတိကျကျ ပြောရရင် လူတစ်ယောက်ရဲ့ အရေပြားဖွ့ံဖြိုးမှု အထွတ်အထိပ် ဖြစ်တဲ့အချိန်ဟာ အသက်နှစ်ဆယ်၊ အစိတ်၀န်းကျင်ပါပဲ။ အရေပြားရဲ့ အလှပဆုံးအရွယ်ပေါ့။
တက္ကသိုလ်၊ ကောလိပ်ကျောင်းသား၊ ကျောင်းသူအရွယ်၊ အလွန်လှပနုပျိုတဲ့ အရွယ်တွေပါ။ အဲဒီအသက်ထက် အကျော်လွန်လာရင်တော့ အရေပြားမှာ ပျက်စီးမှုတွေနည်းနည်းချင်း အစပြုလာပါပြီ။ ကြာလေ၊ အသက်အရွယ်ရ လာလေ၊ ပျက်စီးမှုတွေ သိသာထင်ရှားလာလေပါပဲ။ ဒီလိုအသက်အရွယ်အရ သဘာ၀အတိုင်း အိုစာလာတဲ့ဖြစ်စဉ်ကို Intrinsic aging လို့ အမည်ပေးပါတယ်။ ဒီဖြစ်စဉ်ကတော့ ဘာနဲ့မှ တားဆီးလို့ကိုမရပါဘူး။
သူ့အသက် အပိုင်းအခြားအလိုက် သဘာ၀ဇီ၀ဖြစ်စဉ်တွေဟာ ဆုတ်လျော့လာတာမို့ မလွဲမသွေကို ကြုံရမှာ ပါ။ ပြောရရင် မအိုချင်လို့ကို မရပါဘူး။ ဒီလိုအတွင်း ပယောဂကြောင့် အိုမင်းတဲ့ဖြစ်စဉ်အပြင်၊ ပြင်ပပယောဂကြောင့် အရေပြား အိုစာနာကျသွားရတဲ့ကိစ္စလည်း ရှိပါတယ်။ အဲဒါကို Extrinsic aging လို့ခေါ်ပါတယ်။ ဒီဖြစ်စဉ်ကတော့ သဘာ၀နဲ့မဆိုင်ပါဘူး။ ဒါပေမဲ့ သဘာ၀အတိုင်း အိုစာလာတဲ့ဖြစ်စဉ်ကို ပြင်ပပယောဂတွေက အဆင်းတွန်းပေးလိုက် သလို မြန်ဆန်သွားစေပါတယ်။ တကယ်တော့ လူတစ်ဦးချင်းစီရဲ့ နေထိုင်မှုပုံစံနဲ့ ပတ်၀န်းကျင်ဟာ ပြင်ပကနေပြီး သဘာ၀အိုခြင်းကို လွှမ်းမိုးနေတဲ့ ပယောဂတွေပါပဲ။ ရှင်းအောင်ပြောရရင် ဒီပြင်ပ ပယောဂအကြောင်းတရားတွေပေါ် မူတည်ပြီးတော့ လူတစ်ဦးနဲ့တစ်ဦးဟာ အသက်တူပေမဲ့ အရွယ်နဲ့ ရုပ်ရည်က ကွာခြားသွားတာပါပဲ။
အရေပြားရဲ့ပြောင်းလဲမှု
အပြင်ပန်းမြင်ရတဲ့ ပြောင်းလဲမှုကို အထူးပြောစရာ မလိုတာမို့ အရေပြားရဲ့ဖွဲ့စည်းပုံမှာ ပါ၀င်တဲ့ ကလာပ်စည်းတွေ၊ တစ်သျှူးတွေ ပြောင်းလဲတာကိုပဲပြောချင်ပါတယ်။ အိုမင်းလာတဲ့အရေပြားမှာ အဓိကပြောင်းလဲမှုကတော့ အရေပြားရဲ့ အလယ်လွှာထဲက ကော်လာဂျင်နဲ့ ဒီလက်စတင်အမျှင်တွေပါပဲ။ အသက်နှစ်ဆယ်၊ အစိတ်နောက်ပိုင်းမှာ ဒီတစ်သျှူးတွေက ဖွ့ံဖြိုူးမှုနည်းလာပြီး ပျက်စီးမှုတွေပဲရှိလာတော့တာပါ။ အရေပြားကို ကျားကန်ထားတဲ့ပစ္စည်းတွေ အားနည်းလာလေ အရေပြားလည်းလျော့တိလျော့ရဲနဲ့တွဲလာလေပါ။ အရေပြားအောက်က အဆီလွှာလည်း အသက်ကြီးလာလေ၊ ပါးလာလေမို့ အရေပြားဟာ ပြည့်ပြည့်ဖြိုးဖြိုး မရှိတော့ဘဲ အရေးအကြောင်းတွေ၊ အတွန့်အခေါက်တွေ ပေါ်လာတော့တာပါ။
ဒါ့အပြင် အရေပြားရဲ့ အပေါ်လွှာမှာ ဖွဲ့စည်းထားတဲ့ ကလာပ်စည်းတွေရဲ့ အသစ်၊ အဟောင်းလဲလှယ်မှုဖြစ်စဉ်လည်း နှေးသွားပါတယ်။ အဲဒီကလာပ်စည်းတွေကြားက အရေပြားရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးတဲ့ အဆီလေးတွေလည်းခန်းလာပါတယ်။ နောက်ပြီး အရေပြားအလယ်လွှာထဲက အဆီအိတ်တွေက အရွယ်အစားပိုကြီးလာပေမဲ့ အဆီကျတော့ သိပ်မထွက်တော့ပါဘူး။ အဆီခန်းလာတော့ အရေပြားကို စွတ်စိုချောမွေ့အောင် မစွမ်းဆောင်တော့ပါဘူး။ အကျိုးဆက်ကတော့ အသားအရေက ခြောက်လည်းခြောက်၊ ကြမ်းလည်းကြမ်း၊ ပါးလည်း ပါးပေါ့။
ကော်လာဂျင်တစ်သျှူးတွေဟာ အရေပြားအကြောတင်းပြီး ပြည့်ဖြိုးနေဖို့ အရေးပါသလို အရေပြားအလယ်လွှာ ထဲက ဆံခြည်မျှင်သွေးကြောငယ်လေးတွေကို ကျားကန်ပေးရာမှာလည်း အခရာကျပါတယ်။ ဇရာပိုင်း၀င်လို့ ကော်လာ ဂျင်အားနည်းသွားတဲ့အခါ သွေးကြောမျှင်လေးတွေကို နေသားတကျဖြစ်အောင် အထောက်အကူမပေးနိုင်တော့ပါဘူး။ ဒီတော့ အရေပြားကို နည်းနည်းပါးပါးထိမိ၊ ပွတ်မိတာနဲ့ပဲ သွေးခြည်ဥပါလေရော။ လူအိုတွေရဲ့ လက်ဖျံမှာ တွေ့ရတတ်တဲ့ နီနီရဲရဲ (ဒါမှမဟုတ်) ညိုညိုမည်းမည်းအကွက်တွေဟာ ဆံခြည်မျှင်သွေးကြောလေးတွေ အခြေမခိုင်လို့ဖြစ်ရတာပါ။
ပြင်ပ ပယောဂဆိုတာ
သဘာ၀အတိုင်းအိုမင်းလာတဲ့ ခုပြောပြခဲ့တဲ့ ဖြစ်စဉ်တွေကိုမြန်ဆန်သွားအောင် တွန်းအား ပေးနေတာတွေကတော့ ပြင်ပပယောဂတွေပါ။ နေရောင်ခြည်ဟာ အရေပြားကို ပျက်စီးစေတဲ့ အဓိက တရားခံပါပဲ။ အရေပြားပျက်စီးယို ယွင်းသွားစေတဲ့ အကြောင်းကိစ္စတွေအားလုံးရဲ့ ရှစ်ဆယ်ရာခိုင်နှုန်း ဟာ နေရောင်ခြည်ပါ။ ဒီတော့ ဘ၀တစ်သက်တာမှာ နေပူများများမိခဲ့လေ အရေပြားအိုစာလေပါ။ နောက်ထပ် အဖျက်သမားတစ်ဦးကတော့ ဆေးလိပ်ပါ။ ဆေးလိပ် များများသောက်လေ အရေပြားလည်း ပျက်စီးရလေ ပါ။ ဆေးလိပ်စွဲလမ်းသူတွေရဲ့ ပါးရည်တွဲပြီးညိုပြာပြာအရောင် အဆင်းရှိတဲ့ မျက်နှာကို Smoker’s Face လို့တောင် သမုတ်ထားတာရှိပါတယ်။ ဆေးလိပ်မျက်နှာတဲ့၊ အိုစာတဲ့ အသွင်ရှိလို့ ဆေးလိပ်ချိုးတွေကို နှိမ်ချခေါ်ေဝါ် ထားတာပါ။ ဆေးလိပ်ချိုးတွေအပြင် အရက်ချိုးတွေလည်း အရေပြား ထိတာပါပဲ။ အရက်စွဲရင် ဗီတာမင်အေ ချို့တဲ့တာကိုး၊ ဗီတာမင် A ဆိုတာကလည်း အရေပြားကလာပ်စည်းတွေအတွက် မရှိမဖြစ်အာဟာရ ပါ။ ဆေးလိပ်ကြောင့် အရေပြားသွေးကြောငယ်လေးတွေ ကျဉ်းပြီး အရေပြားအတွက် အာဟာရလုံလောက်စွာ မရတာကပြဿနာဖြစ်ရသလို အရက်ကြောင့်သွေးကြောတွေ ပွရောင်းတော့လည်း ပြဿနာ ပါ။ အသားအရေမညီညာတော့တာပါ။
အစားအသောက် လုံလုံလောက်လောက်၊ ပြည့်ပြည့်စုံစုံ မမှီ၀ဲရရင်လည်း အရေပြားမှာ ထိတာပါပဲ။ သက်ရှိ ပစ္စည်းဖြစ်တဲ့ အရေပြားအတွက် အာဟာရလိုတာပေါ့။ အထူးသဖြင့် အင်တီအောက်ဆီးဒင့်ဆိုတဲ့ ဓာတ်တိုး ပစ္စည်းကို ဆန့်ကျင်တဲ့အာဟာရတွေ လုံလောက်စွာလိုအပ်ပါတယ်။ ဒီပစ္စည်းတွေက နေ့စဉ်စားသုံးတဲ့ အစားအစာ တွေမှာ ပြည့်ပြည့်၀၀ လုံလုံလောက်လောက်ရှိပါမှ အရေပြားအတွက် အကျိုးရှိမှာပါ။
အချိုတွေစားရင် အ၀လွန်တာ၊ ဆီးချိုဖြစ်တာတော့ အားလုံးသိကြပြီးသားပါ။ ဒါပေမဲ့ အချိုစားရင် အရေပြားလည်း အိုစာလွယ်တာလို့တော့ သိသူနည်းပါလိမ့်မယ်။ စားလိုက်တဲ့ သကြားဓာတ်ဟာ နောက်ဆုံးတော့ ခန္ဓာ ကိုယ်ထဲမှာ AGE ဖြစ်သွားသတဲ့။ AGE ဆိုတာ တကယ်တော့ Advanced Glycation Endproducts ရဲ့ အတိုကောက်ပါ။ ဒီပစ္စည်းဟာ အရေပြားထဲက ကော်လာဂျင်၊ အီလက်စတစ်အမျှင်တွေကို ပျက်စီးစေတာမို့ မအိုချင်ရင် အချိုကြဉ်၊ မအိုအောင် အချိုရှောင်ပေါ့လို့တောင် ပြောရမလိုပါ။ တိုက်တိုက်ဆိုင်ဆိုင် AGE ကို အဘိဓာန်တစ်ခုမှာ အိုသည်၊ ရင့်ရော်သည်၊ ကြီးရင့်သည့်လက္ခဏာပြသည်၊ ရုပ်ကျသည်၊ အရွယ်ကျသည်လို့ အဓိပ္ပာယ်ဖွင့်ထားပါတယ်။
ပါးရည်နားရည်တွန့်စေတဲ့ အခြားကိစ္စတစ်ခုကတော့ မျက်နှာအမူအရာများတာပါပဲ။ မကြာခဏ မျက်မှောင် ကျုံ့လွန်းတဲ့သူတွေ၊ အရယ်သန်တဲ့သူတွေမှာ အရေပြားထဲက အီလက်စတစ်တစ်သျှူးတွေညောင်းသွားပြီး ပါးမှာ၊ နဖူးမှာ အတွန့်တွေ တွဲကျတာတွေ ဖြစ်လွယ်ပါတယ်။ ဒီတော့ အရယ်သန်တိုင်းလည်း မကောင်းဘူးဆိုရမလိုပါ။
အားလုံးသိကြပြီးတဲ့ အရေပြားအိုမင်းစေတဲ့ တရားခံတစ်ဦးကတော့ စိတ်ဖိစီးမှုပါပဲ။ စိတ်ထောင်းလို့ ကိုယ်ကြေ၊ စိတ်ပျိုတော့ ကိုယ်နု၊ စိတ်ရွှင်တော့ ကိုယ်လန်းစတဲ့အဆိုတွေ အထင်ကရ ရှိပြီးသားပါ။ စိတ်နဲ့အရေပြားဆက် နွှယ်မှုတွေအများအပြားရှိပါတယ်။ စိတ်ပူပန်သောကများလွန်းရင် ပါးရည်နာရည်တွန့် မှာတော့ သေချာပါတယ်။ အပူရုပ်ပေါ့။ အင်္ဂလိပ်လိုလည်းဆိုကြပါတယ်။ Worrying Will give you wrinkles တဲ့။ ဝါရီ (ပူပန်သောကဗျာပါဒ) တွေဟာ သင့်ကိုအရေပြားတွန့်ခေါက်ခေါက်တွေ ပေးပါလိမ့်မယ်တဲ့။
အရွယ်မတိုင်မီ မအိုစေဖို့
အချိန်မတိုင်မီ (ဒါမှမဟုတ်) အရွယ်မတိုင်ခင်အိုရုပ် ထင်သွားတာကို Premature aging တဲ့။ စောစောစီးစီး အိုနာကျသွားတာကို ဆိုလိုတာပါ။ ဒီလိုအဖြစ်မျိုး မကြုံရအောင် စောစောကပြောခဲ့တဲ့ ပြင်ပပယောဂတွေကို အထူးအလေးပေးပြီး ရှောင်ရန်၊ ဆောင်ရန်တွေ လုပ်ဆောင်ဖို့ပါပဲ။ ရှောင်ရန်တွေကို အလေးပေးရှောင်ရှားဖို့ လိုသလို တစ် ချိန်တည်းမှာပဲ ဆောင်ရန်တွေကိုလည်း အလေ့အကျင့်ကောင်းအဖြစ် စွဲမြဲနေအောင် ဆောင်ရွက်ဖို့လိုပါတယ်။
အထူးသဖြင့် အိုမင်းခြင်းရဲ့ အဓိက တရားခံနေရောင်ခြည်ကိုတော့ ဦးစားပေးရှောင်ရှားကာကွယ်ဖို့ အရေးကြီးဆုံးပါ။ အရွယ်ကျခါမှ ခွဲစိတ်ပြုပြင်တာ၊ အရေပြားအောက်ထဲ ဆေးထိုးတာ၊ ဟိုဆေး၊ ဒီဆေးလိမ်းတာ၊ သောက်တာ၊ ဟိုအလှပြင်ပစ္စည်း၊ ဒီအလှပြင်ပစ္စည်းတွေလိမ်းတာ စတာတွေက အဓိကမဟုတ်ပါဘူး။ မိုးလွန်မှ ထွန်ချတာပါ။ အကုန်အကျလည်း များပါတယ်။ လူတစ်ဦးချင်းစီရဲ့ရှေ့မှာ ဆွေးနွေးခဲ့တဲ့ လူနေမှုပုံစံကသာ လူတစ်ယောက်ရဲ့အရွယ် တင်ခြင်း၊ မတင်ခြင်းကို ဆုံးဖြတ်ပေးသွားတာပါ။
ဒါကြောင့် အရေပြားနုပျိုချင်ရင် ကျန်းမာရေးနဲ့ လိုက်လျောညီတဲ့ အနေအထိုင်နဲ့ အစားအသောက်တွေအပြင် စိတ်ဖိစီးမှုပါ လျော့ပါးအောင် လေ့ကျင့်နေထိုင်တတ်ဖို့လိုပါကြောင်း တိုက်တွန်းလိုက်တာပါ။ ဇရာကို မလွန်ဆန်နိုင်ပေမဲ့ အဲဒီဇရာကို တွန်းအားပေးနေတဲ့ ပယောဂတွေကို လျော့ပါးအောင် နေတတ်ထိုင်တတ်ရင် အရွယ်တင်ကြမှာပါ။
Credit; ဒေါက်တာကျော်ကျော် (အရေပြားအထူးကုဆရာ၀န်ကြီး)
ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း
No. 243, April 2015
















