ပေါင်ချိန် 300 မှ ထက်၀က်ခန့်ကျသွားအောင် စွမ်းဆောင်နိုင်ခဲ့သူ
ကျွန်မနာမည်က Ashley Donahoo ပါ။ လက်ရှိမှာ Livestrong ရဲ့ သံတမန်တစ်ယောက် ဖြစ်နေပေမယ့် အရင်တစ်ချိန်ကတော့ ကိုယ်အလေးချိန် ပေါင် 300 ရှိသူတစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ ကျွန်မဒီဆောင်းပါးလေးကို ရေးဖြစ်ခဲ့တဲ့ရည်ရွယ်ချက်ကတော့ ၀ိတ်များလွန်းလို့ မိမိဘာသာ စိတ်ပျက်အားလျှော့နေတဲ့သူတွေကို စိတ်ဓာတ်ခွန်အားဖြစ်စေလိုတဲ့ အချက်ကြောင့်ပဲဖြစ်ပါတယ်။ ဒါကြောင့်ကျွန်မကိုယ်အလေးချိန် စတက်လာရတဲ့ အခြေခံအကြောင်းရင်းကစပြီး ပြောပြသွားပါမယ်။
မထင်မှတ်ထားတဲ့ အချိုးအကွေ့များနဲ့ ငယ်ဘ၀
ကျွန်မအနေနဲ့ Scholarships နှစ်ကြိမ်ရဖူးတဲ့အထိ စာတော်တဲ့အထက်တန်းကျောင်းသူ တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မမျှော်လင့်ဘဲ ကိုယ်၀န်ဆောင်လိုက်ရတဲ့အချိန်မှာ ထိတ်လန့်တုန်လှုပ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့နဲ့အတူ ကိုယ်၀န်ဆောင်ချိန်မှာ 35 ပေါင်လောက် ကျသွားခဲ့ပြီး ကလေးမွေးပြီးနောက် 6 လအကြာမှာ ကိုယ်အလေးချိန်ပြန်တက်လာခဲ့ပါတယ်။ ဒီလိုကိုယ်အလေးချိန် အတက်အကျဖြစ်ခြင်းက ကျွန်မရဲ့ဗိုက်ကအသားအရေကို များစွာပျက်စီးမှုဖြစ်စေခဲ့ပြီး အသက် 17 နှစ်နောက်ပိုင်းမှာတော့ ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပမှုကို ဘယ်တော့မှ ပြန်ရနိုင်တော့မှာ မဟုတ်ဘူးဆိုတဲ့ စိတ်ခံစားချက်၀င်ခဲ့ပြီး အဲဒီကတည်းက ကိုယ့်ကိုယ်ဂရုစိုက်တာမျိုး မရှိခဲ့တော့ပါဘူး။ ကိုယ့်ကိုယ်ကိုချစ်တဲ့စိတ်ကို မထားတော့တာပါ။ ဒီလိုသဘောထားလိုက်တော့ စားချင်တာကို စိတ်ကြိုက်စား၊ လေ့ကျင့်ခန်းလုပ်ဖို့ဆိုတာလဲ စိတ်ကူးထဲတောင် မထည့်တော့ပါဘူး။ စိတ်ကြိုက်စားတယ်ဆိုရာမှာလည်း အာဟာရမဖြစ်တဲ့ အမြန်ပြင်စာတွေ၊ အချိုဓာတ်ကဲအစားအစာတွေ၊ ဆိုဒါပါတဲ့ အချိုရည်တွေကို ဗိုက်ဆံ့ရင်ဆံ့သလောက် ပြည့်အင့်သည်အထိ စားခဲ့တာကြောင့် ၀ဖိုင့်လွန်းတဲ့သူတစ်ယောက်ဖြစ်ခဲ့ရတာဟာလည်း မဆန်းပါဘူးလေ။
အပျက်၊ အပျက်တွေဆက်မဖြစ်စေဖို့
ပေါင်ချိန် 300 ရှိနေစဉ်မှာ ကျွန်မမကြာခဏဆိုသလို ဖျားနာခဲ့ပါတယ်။ ဒါနဲ့ ဆရာ၀န်က နေကောင်းဖို့က ဆေးသောက်တာအပြင် ၀ိတ်ချဖို့လည်းအရေးကြီးတယ်လို့ မှာကြားတာကြောင့် ကျွန်မအမျိုးသားကကျွန်မကို ညနေတိုင်းလမ်းလျှောက်ဖို့ တွန်းအားပေးပါတော့တယ်။ ဒါနဲ့ပဲ ကျွန်မညနေတိုင်းလိုလို လမ်းလျှောက်ဖြစ်ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် စလမ်းလျှောက်ခြင်းရက်မှာပဲ အရှုံးနဲ့ရင်ဆိုင် ခဲ့ရပါတယ်။ ဖြည်းဖြည်းလေး တစ်လှမ်းချင်းလျှောက်တာတောင် မောဟိုက်လွန်းတာ၊ ခြေလက်တွေ ကိုက်ခဲလွန်းတာကြောင့် ငိုတောင်ငိုခဲ့ရပါတယ်။ ဒါပေမယ့် ကလေးတွေက ကျွန်မနဲ့အတူကစားချင်ပေမယ့် ကျွန်မ မကစားပေးနိုင်ခဲ့တာတွေ၊ ကျွန်မဓာတ်ပုံကို အများရှေ့မှာ မပြဝံ့ခဲ့တာတွေ၊ ကိုယ်အလေးချိန် အတက်အကျ ဖြစ်လွန်းတာကြောင့် ကျွန်မဗိုက်က အသားအရေပျက်စီးခဲ့ရခြင်းအပေါ် စိတ်မချမ်းမြေ့ခဲ့ရတာတွေ စတဲ့အတွေးတွေအစုံခေါင်းထဲကို ၀င်ရောက်လာချိန်မှာ ကျွန်မတစ်ချက်တွေေ၀ သွားခဲ့ပါတယ်။ ကျွန်မဒီပုံစံအတိုင်းဆက်သွားရင် ဒီထက်အခြေအနေပိုဆိုးသွားဖို့ပဲရှိတယ်၊ တခြားမိခင်တွေ ကိုယ့်ကလေးကို ပြုစုစောင့်ရှောက်ပေးသလိုမျိုး ကျွန်မလည်းကျွန်မကလေးတွေကို ပြုစုစောင့်ရှောက်ပေးချင်တယ်၊ လက်ရှိမှာတောင်မိခင်တစ်ယောက်အနေနဲ့ သားသမီးတောင်းဆို၊ လုပ်ပေးစေချင်တဲ့ကိစ္စတိုင်းလိုလို မလုပ်ပေးနိုင်တာတွေက များနေပြီဆိုပြီး ကိုယ့်ကိုယ်ကိုပြန််လည်ဆင်ခြင်သုံးသပ်မိခဲ့ပါတယ်။ ဒီလိုသုံးသပ်မှုအပြီးမှာတော့ “ ငါဘာကြောင့် ကိုယ့်ကိုယ်ကိုလျစ်လျူခဲ့မိသလဲ” ဆိုတဲ့ နောင်တ၊ ဒီလိုနောင်တမျိုးတွေနောက်ထပ်မရအောင် လုပ်ရမယ်ဆိုတဲ့စိတ်တွေ ပြင်းပြရင်းကိုယ်အလေးချိန််လျှော့ချဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတယ်။
အရာရာတိုင်းမှာ ဇွဲ၊ လုံ့လ၊ ၀ီရိယက အရေးကြီး
ကိုယ်အလေးချိန်လျှော့ချဖို့အတွက် Livestrong.com မှလေ့လာပြီး ၀ိတ်လျှော့ချရေးအတွက် အထောက်အကူပြုတဲ့ App ကို အသုံးပြုကာ ၀ိတ်လျှော့ချခြင်းလုပ််ငန်းစဉ်ကို စတင်ခဲ့ပါတယ်။ ဘယ်နှစ််လ၊ ဘယ်နှစ်ရက်အတွင်း ကိုယ်အလေးချိန်ကျစေရမယ်လို့ ကိုယ့်စိတ်ကိုချုပ်တည်း မထားဘဲ နေထိုင်စားသောက်ပုံတွေကို တဖြည်းဖြည်းချင်း ပြောင်းလဲယူခဲ့ပါတယ်။ နွားနို့သောက်ရာမှာ အဆီထုတ်ပြီးသားကိုသာ သောက်ပြီး၊ ကြက်ဥစားရင် ကြက်ဥအကာကိုသာ စားခဲ့ကာ၊ အသင့်ပြင် အစားအစာတွေကို လုံး၀မစားတော့ဘဲ ကျန်းမာရေးနဲ့ညီညွတ်စေမယ့် အစားအစာတွေကိုသာ ကိုယ်တိုင်ချက်ပြုတ်စားသောက်ခဲ့ပါတယ်။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားခဲ့ပြီး ဂျုံကြမ်းနဲ့လုပ်ထားတဲ့ ပေါင်မုန့်၊ ဆန်လုံးညို စတဲ့ကယ်လိုရီမတက်စေမယ့် အစားအစာတွေကိုသာ ရွေးချယ် စားသောက်ခဲ့ပါတယ်။
Yoga ကျင့်တာ၊ လမ်းလျှောက်တာတွေကို တကယ့်ကိုအခြေခံအဆင့်ကနေ စခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Advanced Yoga ကိုကျင့်နိုင်သွားသလို ပြေးရာမှာလည်း ခပ်သွက်သွက်နဲ့ ဆက်တိုက်ပြေးနိုင်ခဲ့ပါတယ်။ ပြင်းထန်တဲ့ ကို်ယ်ကာယလေ့ကျင့်ခန်းတွေကိုလည်း လုပ်နိုင်လာပါတယ်။ ဒီလိုပုံမှန်ကြိုးစားခဲ့တာကြောင့် ပေါင် 150 ကျသွားခဲ့ပါတယ်။ နောက်ပြီးကိုယ်အလေးချိန်အတက်အကျ ဖြစ်ခဲ့ခြင်းကြောင့် တွဲကျသွားတဲ့ဗိုက်သားတွေကို နဂိုအတိုင်းတင်းတင်းရင်းရင်း ပြန်ဖြစ်စေဖို့ ခွဲစိတ်ပြုပြင်မှုလုပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းလည်း ကိုယ်အလေးချိန်ပြန်တက်မလာစေဖို့ အရင်ကထက်ပိုပြီး ဂရုတစိုက်နဲ့ နေထိုင်စားသောက်ဖြစ်ပါတယ်။ ဖက်တီးမဖြစ်နေချိန်မှာ ခံစားခဲ့ရတဲ့ ခံစားချက်မျိုးတွေကို နောက်တစ်ကြိမ်ဘယ်တော့မှ ပြန်မလိုချင်တော့ပါဘူး။ အခုဆိုရင်တော့ ကျွန်မကလေးတွေ အားကိုးအားထားရတဲ့ မိခင်တစ်ယောက်ဘ၀ကို ပိုင်ဆိုင်နိုင်ပြီဖြစ်တဲ့အတွက် ကျွန်မအတိုင်းမသိ ၀မ်းသာပျော်ရွှင်မိပါတယ်။
CMS















