/
news/အောင်မြင်စွာ-၀ိတ်ချ-နိုင်သူများ/၁၉-လအတွင်း-ကိုယ်အလေးချိန်-၁၂၀-ပေါင်ကျသွားအောင်

၁၉ လအတွင်း ကိုယ်အလေးချိန် ၁၂၀ ပေါင်ကျသွားအောင် တွန်းအားပေးနိုင်ခဲ့သော မွေးနေ့ပွဲလေးတစ်ပွဲ

Category
အောင်မြင်စွာ ၀ိတ်ချ နိုင်သူများ

        ကျွန်မနာမည်က Sarah Evans ဖြစ်ပြီး သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးသွားလာရတာကို ခုံမင်သူ တစ်ယောက်ဖြစ်ပါတယ်။ အစားကြူးလွန်းတာကြောင့် အလွန်အမင်း၀သူတစ်ယောက်ဖြစ်ခဲ့ဖူးသူပါ။ အ၀လွန်နေတဲ့ ကျွန်မအနေနဲ့ ပျော်ရွင်မှုတွေကို သူငယ်ချင်းတွေနဲ့ထပ်တူအပြည့်အ၀ခံစားရခြင်းမရှိခဲ့တဲ့အပြင် ဓာတ်ပုံထဲ ကြည့်လိုက်တိုင်း ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ ကျွန်မရဲ့ပုံသဏ္႑ာန်ကြောင့် စိတ်သောကရောက်ခဲ့ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်းပျောက်ကွယ်ခဲ့ပါတယ်။ ဒါပေမယ့် အသက် ၃၀ နှစ်ပြည့်မွေးနေ့လေးက အချိန်ကာလတစ်နှစ်ခွဲ အတွင်းမှာ ကိုယ်အလေးချိန် ၁၂၀ ပေါင်ကျသွားအောင် စွမ်းဆောင်နိုင်သူ တစ်ယောက်ဖြစ်စေခဲ့ပါတယ်။

 

အောင်မြင်မှု၏လမ်းစ

        အစားအစာကို စွဲလမ်းနှစ်ခြိုက်လွန်းသူ ကျွန်မအနေနဲ့ နေ့စဉ်ပင်မအစားအစာအဖြစ် မနက်စာအတွက် ၀က်ပေါင်ခြောက်၊ ကြက်အူချောင်း၊ ၀က်အူချောင်း၊ pancake နဲ့ ဘီစကွတ်တွေကို စားသုံးခဲ့ပြီး၊ နေ့လည်စာအတွက် ပီဇာလိုမျိုး အမြန်စာတွေ၊ ညစာအတွက် ဆီကြော်မုန့်တွေ၊ ကြက်ကြော်တွေနဲ့ အာလူးချောင်းကြော်တွေ၊ အဆာပြေ သရေစာအတွက် မလိုင်အပြည့်ပါ ငှက်ပျောသီးပူတင်းစတဲ့ အစားအသောက်တွေကို စိတ်ထင်သလိုစားခဲ့ပါတယ်။ တနေ့တခြား ၀သထက်၀လာတဲ့ ကျွန်မအနေနဲ့ ကိုယ်အလေးချိန်အတွက် စိတ်သောကရောက်ခဲ့ရပေမယ့်လည်း အစားအသောက်စားတဲ့စံချိန်ကိုတော့ မလျှော့ချနိုင်ခဲ့ပါဘူး။ ဒါကြောင့် ကိုယ်အလေးချိန် ၂၄၈ ပေါင်အထိ ဖြစ်လာခဲ့တာပါ။ အသက် ၃၀ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့ Las Vegas မြို့ကို သူငယ်ချင်းတွေနဲ့အတူ အလည်အပတ် သွားခဲ့စဉ် လမ်းလျှောက်ရာက ပေါင်တွေပွန်းပြီး ကောင်းကောင်းမလည်နိုင်တော့တာကြောင့် ပျော်ရွှင်ရ မယ့်အချိန်တွေကို လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။ ဒါ့အပြင် ရေကူး၀တ်စုံ ရောင်စုံလေးတွေ နဲ့ ရေကူးဖို့ဟန်ပြင်နေကြတဲ့ သူငယ်ချင်းတွေကို ငေးမောရုံနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ပျော်ရွှင်မှုတွေကို လိုလားနှစ်သက်တဲ့ ကျွန်မရဲ့ဗီဇနဲ့ ဆန့်ကျင်ဘက်ဖြစ်ခဲ့ရခြင်း ဟာ နောင်လာမယ့်မွေးနေ့တွေကို ပျော်ရွှင် စွာဖြတ်သန်းရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို တည်တံ့စေခဲ့ပါတယ်။

 

ကြိုးစားမှုရလဒ်နှင့်အတူ ထိုက်တန်သောပိုင်ဆိုင်မှုတစ်ခု

        ကိုယ်အလေးချိန်လျှော့ချတော့မယ်လို့ စိတ်ဆုံးဖြတ်ပြီးတာနဲ့ တပြိုင်နက် Couch to 5k app ကို ကူးယူထားပြီး ယင်း app ကသတ်မှတ်ထားတဲ့အဆင့်သတ်မှတ်ချက်တွေကို လိုက်မှီအောင် စွမ်းဆောင်နိုင်ရမယ် ဆိုတဲ့ ခံယူချက်၊ ကိုယ်အလေးချိန်ကိုတဆင့်ပြီးတဆင့် လျော့ချနိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်တို့နဲ့အတူ မျှော်လင့်ထားတဲ့ရည်မှန်းချက် ပန်းတိုင်ဆီကို စတင်လျှောက်လှမ်းခဲ့ပါတယ်။ Program စစချင်းမှာတော့ စက္ကန့် ၃၀ ထက်ပိုမပြေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ယင်း app ရဲ့ ညွှန်ကြားချက်တွေနဲ့ အမြဲမပြတ်လေ့ကျင့်ခဲ့တာကြောင့် အခုဆိုရင်တော့ app မှာပါ၀င်တဲ့ လုပ်ဆောင်ချက်တွေအားလုံးကို အောင်မြင်အောင်စွမ်းဆောင်နိုင်သူ တစ်ယောက်ဖြစ်နေပါပြီ။ ကျွန်မအနေနဲ့ app နဲ့ လေ့ကျင့်ခဲ့တဲ့အပြင် အားကစားခန်းမမှာလည်း တစ်ပတ်မှာ ၅ ရက် လေ့ကျင့်ခဲ့ပါတယ်။ ဒါ့အပြင် မနက်စာအတွက် ကြက်ဆင်သား၊ ကြက်ဥပြုတ်၊ ဒိန်ချဉ်၊ နေ့လည်စာအတွက် တူနာငါး၊ အရွက်သုပ်၊ ညစာအတွက် ကိုက်လန်၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဖျော်ရည်၊ အဆာပြေသရေစာအတွက် ဒိန်ခဲ တို့ကို ပြောင်းလဲ စားသောက်ခဲ့ပါတယ်။ ဒီလိုကျွန်မရဲ့ကြိုးစားမှုတွေကြောင့် ၁၉ လအတွင်း ကိုယ်အလေးချိန် ပေါင် 120 ကျသွားခဲ့ပါတယ်။ ဒါ့အပြင် မိမိဖြစ်ချင်တာကို လွယ်လင့်တကူအရှုံးမပေးဘဲ အောင်မြင်အောင် စွမ်းဆောင်တတ်တဲ့စိတ်ဓာတ်လေးတစ်ခုကို ပိုင်ဆိုင်နိုင်လိုက်တာဟာ ကျွန်အတွက် နောက်ထပ်ရရှိလိုက်တဲ့ အကျိုးရလဒ်တစ်ခုပဲဖြစ်ပါတယ်။

 

ရည်မှန်းချက်ပန်းတိုင်၏ ကမ်းလင့်ကြိုဆိုရာဆီ

        ကိုယ်အလေးချိန်တွေလျော့ကျသွားတာကြောင့် ယုံကြည်မှုတွေပြည့်၀နေတဲ့ကျွန်မအနေနဲ့ အသက် ၃၀ နှစ် ပြည့်မွေးနေ့တုန်းက လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ ပျော်ရွှင်စရာအချိန်တွေကို ပြန်လည်ရယူပေးမယ့် ၃၂ နှစ် ပြည့်မွေးနေ့ပွဲအတွက် အကောင်းဆုံးစီစဉ်ထားပြီးဖြစ်ပါတယ်။ ကျွန်မတို့တစ်ဦးတစ်ယောက်ချင်း စီမှာ ဖြစ်လိုတဲ့ဆန္ဒတွေ ကိန်းအောင်းနေကြပါတယ်။ ဒါပေမယ့် ဆန္ဒကိုထုတ်ဖော်ဖို့အတွက် အကောင်းဘက်ကို ဦးတည်လာတဲ့စိတ်ကို အဆိုးဘက်ကိုလက်ယက်လှမ်းခေါ်တဲ့ ဆွဲဆောင်မှုတို့က ချိုးဖျက်နိုင်လိုက်ခြင်းနဲ့ မိမိကိုယ်မိမိလိုရာ ခရီးရောက်နိုင်စွမ်းမရှိသူတစ်ယောက်အနေနဲ့ မှတ်ယူကာ လက်မှိုင်ချအရှုံးပေးလိုက်ခြင်းတို့ကြောင့် လက်တစ်ကမ်း မှာစောင့်ကြိုနေတဲ့ အောင်မြင်မှု ပန်းတိုင်ဆီကိုရောက်အောင် လျှောက်လှမ်းနိုင်ခြင်းမရှိခဲ့ကြတာပါ။ ကျွန်မအနေနဲ့ ရည်မှန်းချက်သို့သွားရာ ခရီးလမ်းတလျှောက် ပိတ်ပင်တားဆီးလာသမျှကို ချိုးဖျက်တွန်းလှန်ခဲ့ပြီး နေ့သစ်တွေတိုင်းကို စိတ်အားထက်သန်စွာနဲ့ လျှောက်လှမ်းခဲ့တာကြောင့် ယနေ့လိုကျန်းမာပျော်ရွှင် တဲ့ဘ၀ကိုပိုင်ဆိုင်နိုင်တာပါ။

          ‘စိတ်အားသန်ကြံတိုင်းပေါက်’ ဆိုတဲ့စကားပုံလေးနဲ့အညီ မိမိပြုမူသမျှကိစ္စရပ်တိုင်းကို စိတ်အားထက် သန်စွာနဲ့ ဆောင်ရွက်ပါက အရာရာကိုလွယ်ကူစွာနဲ့ ပြီးမြောက်အောင်မြင်နိုင်မှာပါလို့ အကြံပြုလိုက်ချင်ပါတယ်။ ဒါကြောင့် မိမိစိတ်သန္တန်ထဲမှာ ကိန်းအောင်းနေတဲ့ ကိုယ်အလေးချိန်လျော့ချလိုတဲ့စိတ်ကလေးကို စိတ်အားထက် သန်စွာနဲ့ လက်တွေ့အကောင်အထည်ဖော်နိုင်ကြသူတွေဖြစ်ကြပါစေလို့ ဆုတောင်းပေးရင်း၊ ကိုယ်အလေးချိန် လျှော့ချလိုသူတွေအနေနဲ့ များများပြေးပါ။ ပြေးခြင်းဟာ ကိုယ်အလေးချိန်လျော့ကျစေနိုင်တဲ့ နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်လို့ ဆန္ဒပြုပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေ။

 

 

 CMS

www.drmyanmar.com