ကလေးက သူ့နှာခေါင်းထဲကို ပစ္စည်းတွေ ကောက်ကောက်ထည့်နေရင် ဘယ်လိုလုပ်ကြမလဲ
ကိုယ့်ကလေးရဲ့ နှာခေါင်းထဲမှာ တစ်ခုခုနဲ့ ပိတ်မိနေတာက ထိတ်လန့်စရာ အတွေ့အကြုံပါ။ ဒါကလည်း ကလေးတွေ စူးစမ်းတတ်တဲ့အရွယ်မှာ ဖြစ်လေ့ရှိတဲ့ဖြစ်ရပ်ပါပဲ။ ကလေးက ဖရဲစေ့လေး နှာခေါင်းထဲ ထည့်လိုက်ရင် အပင်များ ပေါက်လာမလားဆိုပြီးတော့ ကောက်ထည့်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ကလေးတွေမှာ စူးစမ်းတတ်တဲ့သဘာဝရှိလို့ ပစ္စည်းတွေကို ဟိုရွှေ့ဒီရွှေ့လုပ်မယ်၊ ပလပ်တွေထဲ ထိုးထည့်မယ်၊ နှာခေါင်းထဲကို ထည့်မယ် စသည်ဖြင့် မျိုးစုံလုပ်တတ်ပါတယ်။ တစ်ခါတလေတော့လည်း ကလေးတွေက သူတို့နှာခေါင်းထဲမှာ တစ်ခုခ ဝင်နေတယ်လို့ ပြောတတ်ပေမယ့် တစ်ခါတလေကျတော့လည်း သူတို့ဟာသူတို့တောင်မှ မေ့နေတာမျိုး ဖြစ်တတ်ပါတယ်။ ပြီးတော့ တချို့အရာတွေက ကလေးနှာခေါင်းထဲ ဝင်နေတာ မြင်သာပြီးတော့ တချို့ကျတော့ ကလေး မပြောမချင်း မမြင်သာတာမျိုးတွေလည်း ရှိပါတယ်။ ဒီတော့ ကလေးနှာခေါင်းထဲမှာ တစ်ခုခု ရှိ၊ မရှိ စောင့်ကြည့်လို့ရတဲ့ လက္ခဏာတွေကတော့ -
● နှာခေါင်းတစ်ဖက်တည်း ပိတ်နေခြင်း
● နှာခေါင်းမှ သွေးထွက်ခြင်း
● အသက်ရှူမကောင်းခြင်း တို့ဖြစ်ပါတယ်။
>> ဘာလုပ်ကြမလဲ?
ကလေးရဲ့နှာခေါင်းထဲမှာ တစ်ခုခု ဝင်နေပြီလို့ သိတာနဲ့ ဒါ ထွက်သွားအောင်လုပ်ဖို့ အကြံပေးချင်တာကတော့ -
● နှာခေါင်းထဲ ဝင်နေတဲ့အရာက နှာခေါင်းအပြင်ကို အစထွက်မနေရင်၊ နှိုက်ထုတ်လို့ရတဲ့နေရာမှာ မရှိနေရင် (သို့) နှာခေါင်းထဲမှာရှိတဲ့ တခြားတစ်သျှူးတွေကို မထိခိုက်မိဖို့ မသေချာရင် ဒါကို နှိုက်မထုတ်ပါနဲ့။
● နှာခေါင်းထဲ ဝင်နေတဲ့အရာကို ဂွမ်းစ၊ ပတ်တီးစနဲ့ အခြားအိမ်သုံးပစ္စည်းတွေသုံးပြီး နှိုက်မထုတ်ပါနဲ့။ ဒီလိုလုပ်တာက အထဲကို ပိုဝင်သွားစေနိုင်ပါတယ်။
● ကလေးက နားလည်တတ်တဲ့ အရွယ်ရောက်ပြီဆိုရင် ဝင်နေတဲ့အရာအထဲကို ပိုမဝင်သွားအောင်လို့ အသက်ရှူရင် ပါးစပ်ကနေပဲ ရှူခိုင်းပါ။
● မှုတ်ထုတ်ကြည့်ဖို့ ကြိုးစားမယ်ဆိုရင်တော့ ဘာမှမရှိတဲ့ နှာခေါင်းပေါက်ကို ပိတ်ပြီးတော့ ဖြည်းဖြည်းချင်း မှုတ်ထုတ်ပါ။ အရမ်းပြင်းပြင်းကြီး မှုတ်ထုတ်လိုက်ရင် မတော်တဆ ရှူသွင်းမိသွားတတ်လို့ ပြင်းပြင်းကြီး မှုတ်မထုတ်ပါနဲ့။ ဒါက အလုပ်ဖြစ်ရင် တစ်ချက်၊ နှစ်ချက် မှုတ်ထုတ်ရင် ရပါတယ်။ မရတာက ထပ်ခါထပ်ခါ လုပ်နေမယ် ဆိုရင်တော့ နှာခေါင်းအတွင်းကို ထိခိုက်စေနိုင်ပါတယ်။
● နှာခေါင်းထဲ ဝင်နေတာကို ထုတ်လို့မရဘူး၊ မြင်နေရတယ် ဆိုရင်တော့ ဆေးခန်းသွားပြပါ။
ကိုယ့်ဟာကိုယ် ကြိုးစားကြည့်လို့ရတဲ့ နည်းလမ်းတစ်ခုတော့ ရှိပါတယ်။ ဒါပေမဲ့လည်း ဒါက ၁၀ ကြိမ်မှာ ၆ ကြိမ်လောက်ပဲ ထိရောက်မှုရှိတာကို တွေ့ရပါတယ်။
● ကလေးကို အသက်ရှူသွင်းခိုင်းပါ။
● ကလေး အသက်ရှူထုတ်တဲ့အခါမှာ ဘာမှမရှိတဲ့ နှာခေါင်းကို ပိတ်ထားပါ။
● Mouth-mouth သုံးပြီးတော့ ကလေးကို နမ်းပါ။
● Resistance တစ်ခုခုကို ခံစားရတဲ့အထိ လေမှုတ်ပေးပါ။
● ပြီးတော့မှ ကလေးနှာခေါင်းထဲ ပိတ်နေတာထွက်လာဖို့ မြန်မြန်မှုတ်ထုတ်ပေးပါ။
>> ဆေးရုံရောက်ရင် ဘာလုပ်ပေးမလဲ?
ဆေးရုံမှာတော့ ကိရိယာအစုံပဲ ရှိမှာပါ။ ပိတ်တာက အရမ်းဆိုးရွားရင်တော့ နှာခေါင်းထဲမှာ ထိခိုက်ဒဏ်ရာ ရနိုင်ပါတယ်။ ပြင်ပအရာကို မျိုချမိသွားပြီလို့ထင်ရင် ရင်ဘတ်နဲ့ဝမ်းဗိုက်ကို ဓာတ်မှန် ရိုက်ကြည့်ပါလိမ့်မယ်။ ချွန်ထက်တဲ့အရာတွေကို မျိုချမိရင် အန္တရာယ် များပြီးတော့ တစ်ခါတလေ ခွဲစိတ်ဖို့တောင် လိုကောင်းလိုနိုင်ပါတယ်။
>> ကာကွယ်ခြင်း
ကလေးတွေအတွက် လုံးဝအန္တရာယ်ကင်းတဲ့ အိမ်လို့တော့ မရှိပါဘူး။ ဒါပေမဲ့လည်း ကလေးနေရာနားမှာ ကောက်ထည့်နိုင်တဲ့ အရာသေးသေးလေးတွေ အတတ်နိုင်ဆုံး မရှိပါစေနဲ့။ ကလေးတွေကို ပြောပြပေးဖို့လည်း လိုပါတယ်။ ကလေးတွေကို စားစရာတွေကလွဲပြီးတော့ တခြားအရာတွေကို ပါးစပ်။ နှာခေါငး်နဲ့ နားတွေထဲကို မထည့်ဖို့ ပြောပြထားပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























