/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးငယ်တွေမှာ-နှုတ်ခမ်းခြောက်သွေ့ကွဲအက်ခြင်းကို-သက်သာစေနိုင်မယ့်

ကလေးငယ်တွေမှာ နှုတ်ခမ်းခြောက်သွေ့ကွဲအက်ခြင်းကို သက်သာစေနိုင်မယ့် အကြံပြုချက်များ

Category
ကလေးများနှင့်ကျန်းမာရေး

         နှုတ်ခမ်းအရေပြားဟာ တခြားနေရာတွေထက် ပိုမိုပါးလွှာတဲ့အပြင် နှုတ်ခမ်းခြောက်သွေ့ကွဲအက်ခြင်းကို ဖြစ်စေနိုင်တဲ့ ပြင်ပလေအေးတွေနဲ့ အစဉ်အမြဲထိတွေ့နေလို့ဖြစ်ပါတယ်။ ကလေးငယ်တွေမှာဆိုရင် မကြာခဏလျှာသပ်ခြင်း၊ ချိုလိမ်စို့ခြင်းနဲ့ ဖျားနာခြင်းတို့ကြောင့်လည်း နှုတ်ခမ်းခြောက်သွေ့ခြင်းဖြစ်စေနိုင်ပါတယ်။

          ဆယ့်နှစ်ရာသီပတ်လုံး မိမိကလေးငယ်လေးရဲ့နှုတ်ခမ်း စိုပြေလှပစေနိုင်ဖို့အတွက် အောက်ပါ နည်းလမ်းများကို လိုက်နာကျင့်သုံးနိုင်ပါတယ်။

ကလေးငယ်တွေမှာ နှုတ်ခမ်းခြောက်သွေ့စေရခြင်းအကြောင်းအရင်းများ

        နှုတ်ခမ်းခြောက်ခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး ရာသီမရွေးတွေ့ရနိုင်ပါတယ်။ ၎င်းတို့မှာ -

- ခြောက်သွေ့သောလေအေးများ

- နေရောင်

- အိမ်တွင်း၌ခြောက်သွေ့ခြင်း

- ချိုလိမ်အသုံးပြုခြင်းကြောင့် ခံတွင်းနားတစ်ဝိုက်မှာ အမြဲတံတွေးစိုစွတ်၍ အစိုဓာတ်ဖြည့်ပေးနေတာကြောင့် နှုတ်ခမ်းခြောက်ရခြင်း

- နှာခေါင်းလမ်းကြောင်းပိတ်ဆို့ခြင်းကြောင့် အိပ်နေစဉ်ပါးစပ်ဖြင့် အသက်ရှူရခြင်း

- မကြာခဏ လျှာသပ်ခြင်း - ပါးစပ်နားတစ်ဝိုက်မှ အရေပြားတွေတင်းရင်းလာတာကြောင့် ကလေးအများစုဟာ လျှာဖြင့်သပ်တတ်ကြပါတယ်။ ဒါပေမယ့် အဲလိုပြုလုပ်ခြင်းဟာ ပိုမိုဆိုးရွားစေပြီး အရေပြားရောင်ရမ်းခြင်းအထိ ဖြစ်စေနိုင်ပါတယ်။

ကာကွယ်ရန်နည်းလမ်းများ

        ကလေးငယ်တွေရဲ့ ခြောက်သွေ့အက်ကွဲနေတဲ့ နှုတ်ခမ်းတွေကို ချောမွေ့စေနိုင်မယ့် လွယ်ကူရိုးရှင်းတဲ့နည်းလမ်းများစွာရှိပါတယ်။

အစိုဓာတ်ဖြည့်တင်းခြင်း - ကလေးငယ်တွေကို ရေပိုသောက်စေ၍ အိမ်တွင်း၌လည်း စိုထိုင်းစမြင့်မားစေရန် ရေနွေးငွေ့စက်များကို အသုံးပြုနိုင်ပါတယ်။ သတိပြုရန်မှာ ၎င်းစိုထိုင်းစကို မြင့်တက်စေတဲ့စက်တွေကို သန့်ရှင်းရေးမကြာခဏပြုလုပ်၍ ကလေးတွေအလှမ်းမမီနိုင်တဲ့ နေရာမှာထားသင့်ပါတယ်။

အရေပြားလန်နေတာကို မဆွဲခွာမိစေရန် ကာကွယ်ခြင်း - နူးညံ့တဲ့သွားပွတ်တံအဟောင်းတစ်ချောင်းနဲ့ ကလေးငယ်ရဲ့နှုတ်ခမ်းကို ညင်သာစွာပွတ်ပေးခြင်းဖြင့် အရေပြားလန်နေတဲ့အဖတ်တွေကို ဖယ်ရှားနိုင်ပါတယ်။

လျှာသပ်ခြင်းကို တားဆီးခြင်း - ကလေးငယ်ကို လျှာမသပ်စေရန် အမြဲမပြတ်သတိပေးနေပါ။ ထိုကဲ့သို့ စိုလိုက်ခြောက်လိုက်ဖြစ်နေတဲ့ နှုတ်ခမ်းတွေဟာ ပိုမိုကွဲအက်လွယ်ပါတယ်။ ဒါကြောင့် ကလေးငယ်မှာ လျှာသပ်နေတာမြင့်တွေ့ရတိုင်း မပြုလုပ်ရန် ညင်သာစွာပြောဆိုစည်းရုံး၍ နှုတ်ခမ်းအဆီများကို လိမ်းကျံပေးပါ။ ကလေးကိုယ်တိုင်လိမ်းနိုင်ရန်လည်း နှုတ်ခမ်းအဆီတစ်ဗူးဝယ်ထားပေးပါ။

မျက်နှာကို အကာအကွယ်ပြုလုပ်ပေးခြင်း - လေတိုက်နှုန်းပြင်းထန်တဲ့ ဆောင်းရာသီမှာဆိုရင်တော့ ကလေးငယ်ကို လည်စည်း (သို့) ဦးထုတ် စတာတွေနဲ့ အကာအကွယ်ပေးပါ။ လေကြောင့် နှုတ်ခမ်းခြောက်သွေ့ ကွဲအက်ခြင်းမဖြစ်အောင် ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ ၎င်းလေနဲ့ မထိတွေ့စေဖို့ပဲဖြစ်ပါတယ်။

နှုတ်ခမ်းအဆီကိုပုံမှန် ဆိုးပေးပါ - နှုတ်ခမ်းအဆီဝယ်ယူရာတွင် အရသာမပါတာမျိုးကိုသာ ရွေးချယ်ဝယ်ယူပါ။ အရသာပါတဲ့ နှုတ်ခမ်းအဆီတွေဟာ နှုတ်ခမ်းသပ်ခြင်းကို ပိုမိုဖြစ်စေနိုင်တာကြောင့် နှုတ်ခမ်းခြောက်ခြင်းကို ပို၍ဆိုးရွားစေနိုင်ပါတယ်။ အလှဆီ အမျိုးမျိုးကိုလည်း အသုံးပြုနိုင်ပြီး အလွန်ခြောက်သွေ့နေပါကမူ ဆေးအလှဆီကို အသုံးပြုသင့်ပါတယ်။ ထို့ပြင် နေရောင်သည်လည်း နှုတ်ခမ်းခြောက်သွေ့ခြင်းကိုဖြစ်စေ၍ ခြောက်သွေ့နေတဲ့နှုတ်ခမ်းကိုလည်း ပိုမိုဆိုးရွားစေနိုင်တာကြောင့် အပြင်သွားတဲ့အခါတိုင်း နေရောင်ကာခရင်မ်လိမ်းရန်မမေ့ပါနှင့်။

သန့်ရှင်းစွာထားပါ - အစားအသောက်စားပြီးနောက် ကလေးငယ်ကို မျက်နှာသစ်စေ၍ နှုတ်ခမ်းအဆီကို ပြန်လည်လိမ်းကျံပေးပါ။ အကောင်းဆုံးကတော့ နှုတ်ခမ်းအဆီကို အမြဲအသင့်ဆောင်ထားပါ။

Dr. Thinzar Wynn (www.drmyanmar.com)

(Unicode)



















Dr. Thinzar Wynn (www.drmyanmar.com)