/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးငယ်များနှင့်-စကားထစ်ခြင်း

ကလေးငယ်များနှင့် စကားထစ်ခြင်း

Category
ကလေးများနှင့်ကျန်းမာရေး

          ကလေးငယ်တွေမှာ စကားထစ်တာက နှစ်တွေကြာလာတဲ့အခါမှာ ပျောက်သွားတတ်ပါတယ်။ မိဘနဲ့ ကလေးကို စောင့်ရှောက်တဲ့သူတွေအနေနဲ့ စကားထစ်တဲ့ကလေးငယ်တွေကို ဘယ်လိုမျိုး ပြုစုစောင့်ရှောက်ရမယ်ဆိုတာကို သိဖို့တော့ အရေးကြီးပါတယ်။

          ကလေးအချို့က အသက် ၂ နှစ်ကနေ ၅ နှစ် အရွယ်အတွင်းမှာ စကားထစ်ကြတယ်။ ဒါက ပျမ်းမျှအားဖြင့် ကလေးတွေရဲ့ ၅% လောက်မှာ တွေ့ရတတ်ပါတယ်။ အများအားဖြင့်တော့ ၁ နှစ် ၂ နှစ်အတွင်းမှာ ပြန်ပျောက်သွားတတ်ပါတယ်။

          စကားထစ်တာက ရုတ်တရက်ကြီး ပေါ်လာနိုင်သလို ဖြည်းဖြည်းချင်းလည်း ဖြစ်တတ်ပါတယ်။ အများအားဖြင့်တော့ နည်းနည်းလေးပဲ စကားထစ်ပြီးတော့ သွက်သွက်ပြောနိုင်တတ်ပေမယ့် တချို့ကျတော့လည်း စကားထစ်တာကြောင့် စကားပြောရာမှာပါ အခက်အခဲဖြစ်တတ်ပါတယ်။ ကလေးအများစုမှာ သူတို့ စိတ်အားထက်သန်နေတဲ့အချိန် (သို့) မောပန်းနေတဲ့အချိန်တွေမှာဆိုရင် စကားထစ်တာ ပိုဆိုးလာတတ်ပါတယ်။ အများအားဖြင့်တော့ စကားထစ်တာက သူ့အလိုလို ပြန်ပျောက်သွားတတ်ပေမယ့်လည်း တချို့ကျတော့လည်း မပျောက်ဘဲနဲ့ ကျန်နေတတ်ပါတယ်။

          စကား ဘာကြောင့်ထစ်ရသလဲ ဆိုတာကတော့ မသိပါဘူး။ ဒါပေမဲ့လည်း ကလေးမှာ ဘာမှမမှားနေပါဘူး။ ကလေးက စကားထစ်နေတာကလွဲခြင်း တခြားကလေးတွေနဲ့ အားလုံးအတူတူပါပဲ။

 

>>    မိဘတွေအနေနဲ့ ဘာလုပ်ပေးနိုင်သလဲ?

          မိဘတွေနဲ့ ကလေးကို စောင့်ရှောက်သူတွေအတွက် အကြံကောင်းလေးတွေကတော့ -

●        ကလေးကို စကားလုံးရှာဖို့အတွက် အချိန်ပေးပါ။

●        ကလေး ပြောနေတဲ့အကြောင်းအရာကို စိတ်ဝင်တစား နားထောင်ပေးပါ။

●        ကလေးက တစ်ခုခု ပြောပြနေတ့ဲအချိန်မှာ စကားလုံး ပြင်ပေးတာ၊ ကြားဖြတ်ပြောတာတွေ မလုပ်ပါနဲ့။

●        ကလေးကို မေးခွန်းတွေ မမေးပါနဲ့။ ဒီအစား ကိုယ့်ရဲ့အတွေ့အကြုံလေးတွေ ပြောပြပေးရင် ကလေးကလည်း သူ့ရဲ့အတွေ့အကြုံတွေကို ပြန်ပြောပြချင်လာမှာပါ။

●        ကလေးနဲ့ မျက်လုံးချင်းဆုံပြီးတော့ ပြောပါ။

●        ကလေးကို အခုပြောဖို့ ခက်နေတာကို သိပါတယ်လို့ ပြောပေးပါ။

 

>>    ဆရာဝန်နဲ့ ရက်ချိန်းယူပြီးတော့ ပြပါ။

          ကလေး စကားထစ်နေလို့ ကိုယ့်အနေနဲ့ တစ်ခုခု စိုးရိမ်တယ်ဆိုရင်၊ စကားထစ်တာက တစ်နှစ်ကျော်လာရင်၊ စကားထစ်လို့ ကလေးက စကားပြောဖို့ ငြင်းဆိုရင် ဆရာဝန်နဲ့ပြသပြီးတော့ ဆွေးနွေးပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)