ချက်လေး စူနေတာ ပြဿနာလား?
တကယ်တော့ ချက်ဆိုတာက မိခင်ဝမ်းတွင်းမှာကတည်းက သနေ္ဓသားကို အစာအာဟာရပေးခဲ့တဲ့ အချင်းနဲ့ ဆက်နေတဲ့ အချင်းတိုင်လက်ကျန်ပါ။
အချင်းတိုင်လေးဟာ မွေးပြီး ဖြတ်လိုက်တဲ့အခါ ငုတ်တိုလေး ကျန်ခဲ့ပါတယ်။
အဲဒီငုတ်တိုလေးဟာ အချိန်တန်တော့ သူ့အလိုလို နွမ်းခြောက်ပြီး ကြွေကျသွားပါတယ်၊ အဲဒီနေရာမှာ အသားလေး တက်လာပြီး ချက်အဖြစ်နဲ့ အမာရွတ်လေး ကျန်နေခဲ့တာ ဖြစ်ပါတယ်။
အသားတက်တဲ့ ပမာဏပေါ် မူတည်ပြီး အမာရွတ်ဖြစ်တဲ့ အတိုင်းအတာအလိုက် ချက် စူမလား၊ ချက် ချိုင့်မလား၊ ကြီးမလား၊ သေးမလား အလိုအလျောက် ဖြစ်တည်လာတာ ဖြစ်ပါတယ်။
ဒါကြောင့် ချက် စူတာ၊ ချက် မစူတာက အချင်းတိုင် ဘယ်လိုဖြတ်ခဲ့တယ် ဆိုတာတွေ ကလေးမွေးတုန်းက အကျိုးဆက်တွေနဲ့ လားလားမှ မသက်ဆိုင်ပါဘူးနော်။
ဘယ်လိုပဲ သတိထားထား ချက်စူမယ့်ကလေးက စူနေတတ်ပြီး ဒါကလည်း သဘာတရားက ဖန်တီးထားတဲ့ အမာရွတ်လေးသာ ဖြစ်ပါတယ်။ ဒီအမာရွတ်လေးကို ဖန်တီးပြုပြင်လို့ ရကောင်းတဲ့အရာ မဟုတ်ပါဘူး။
ချက်ကနေ စူထွက်တဲ့အထဲမှာ တစ်ခု သတိပြုစရာက အူကျွံတာပါ။ အူကျွံရင် ချက်နေရာလေးက ပိန်လိုက်၊ ဖောင်းလိုက် ဖြစ်နေတတ်ပြီး ချောင်းဆိုးတဲ့အခါ၊ ငိုတဲ့အခါ ပိုမိုကြီးလာတတ်ပါတယ်။ ချက်က သာမန်ထက် သိပ်စူလွန်းတယ် ထင်ခဲ့ရင် အူကျွံတာကို အလေးထား စဉ်းစားပြီး ဆရာဝန် ပြသကြည့်ဖို့ လိုပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























