နို့စို့အရွယ် ကလေးငယ်တို့ကို လေထုတ်ပေးဖို့
ကလေးကို လေထုတ်ပေးတယ်ဆိုတာ ကလေးသေးသေးလေးတွေရဲ့ မေမေတွေအဖို့ နေ့စဉ်လုပ်ပေးရမယ့် အလုပ်ပါ။ ဘာကြောင့်လုပ်ပေးဖို့လိုတယ်၊ ဘယ်လိုတွေလုပ်ပေးရမယ်ဆိုတာ ကြည့်လိုက်ရအောင်။
ကလေးလေးတွေအဖို့ နို့စို့တဲ့အခါဖြစ်ဖြစ် တခြားအကြောင်းတွေကြောင့် ဗိုက်ထဲမှာ လေတွေ ရှိနေတတ်ပါတယ်။ သူတို့ရဲ့ကြွက်သားလေးတွေက မဖွံဖြိုးသေးတဲ့အခါ ပါးစပ်ကနေ သူ့ဘာသာ လေမထုတ်နိုင်သေးလို့ အကူအညီ လိုပါတယ်။ ဒီလေထုတ်ပေးတာက သူတို့အတွက် အစာကောင်းကောင်းချေစေနိုင်ပါတယ်။ လေမထွက်ရင် အစာအိမ်ထဲမှာ လေတွေပိတ်မိပြီး လေထိုး၊ လေအောင့် ဖြစ်တတ်ပါသေးတယ်။
ကလေးလေးတွေကို ၇ လ - ၉ လ လောက်ထိ လေထုတ်ပေးဖို့ လိုပါတယ်။ အစာစားပြီးတိုင်း လေထုတ်ပေးရပါမယ်။
>> ပိုပြီးလိုတဲ့အချိန်တွေက -
1. ကလေးက အစားအစားခင် အရမ်းဗိုက်ဆာထားရင် နို့ကို မြန်မြန်စို့တာကြောင့် လေတွေ ပိုဝင်သွားတတ်တဲ့အချိန်
2. အရမ်းငိုပြီးတဲ့အချိန်၊ အထူးသဖြင့် လေထိုးလို့ ငိုတဲ့အခါတွေ
3. ကလေးက နှာခေါင်းပိတ်လို့ ပါးစပ်နဲ့ အသက်ရှူရတဲ့အချိန် စတာတွေမှာ သေသေချာချာ လေထုတ်ပေးဖို့ လိုပါတယ်။
ပြီးတော့ ကလေး လေချဉ်တက်တဲ့အခါတွေမှာ နို့လေးတွေ ပြန်ပါတတ်ပါတယ်။ ငယ်ရွယ်စဉ်မှာတော့ နို့အန်တာက ဖြစ်တတ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ကြွက်သားတွေ ဖွံ့ဖြိုးလာပြီး နို့အန်တာလည်း နည်းလာပါတယ်။ နို့နည်းနည်းလောက် ပါးစပ်ကနေ ဒီတိုင်း ပြန်ထွက်လာရုံမဟုတ်ဘဲ အားနဲ့အန်သလိုဖြစ်ရင်တော့ ဆရာဝန်နဲ့ ပြရပါမယ်။
Ceelin 1
>> ဘယ်လိုလေထုတ်ပေးရမလဲ?
ပုံစံ (၁) ။ ။ Chest position
● ကိုယ့်ရင်ဘတ်နဲ့ ကပ်ပြီး ထောင်လျက်ချီ
● ကလေးရဲ့ မေးစေ့ကို ကိုယ့်ပခုံးပေါ်တင်
● ကလေးကို လက်တစ်ဖက်နဲ့ ထိန်းပြီး တစ်ဖက်က ကျောကို သာသာလေး ပုတ်ပေးပါ။
ပုံစံ (၂) ။ ။ Lap position
● ကလေးကို ကိုယ့်ပေါင်ပေါ်မှာ မှောက်ရက်ထား
● ခေါင်းကို ရင်ဘတ်ထက် မြင့်အောင် ထိန်းကိုင်ပါ
● ကျောကို လက်တစ်ဖက်နဲ့ အသာအယာ ပုတ်ပေး၊ ဒါမှမဟုတ် စက်ဝိုင်းပုံ ပွတ်ပေးပါ။
Ceelin 2
ပုံစံ (၃) ။ ။ Sitting up
● ကလေးကို ကိုယ့်ပေါင်ပေါ်မှာ ထိုင်ရက် ချီထားပါ
● ကိုယ့်ရဲ့လက်ဖဝါးကို ကလေးရဲ့မေးအောက်မှာထားပြီး
● လက်ဖနောင့်ကို ရင်ဘတ်မှာတင်ပြီး ကိုင်ထားပါ။ လည်ပင်းကို မညှစ်မိအောင် ဂရုစိုက်ပါ။
● နောက်တစ်ဖက်နဲ့ ကျောကို အသာအယာ ပုတ်ပေးပါ။
မိနစ်အနည်းငယ်ကြာအောင် လေထုတ်ပေးပါ။ ပုံစံတစ်မျိုးနဲ့ လေမထွက်ရင် နောက်တစ်မျိုးနဲ့ ပြောင်းပြီး လေထုတ်ပေးပါ။
နို့ဘူးတိုက်တဲ့ ကလေးကတော့ ၂-၃ အောင်စ တိုက်ပြီးတိုင်း လေထုတ်ပေးသင့်ပါတယ်။ မိခင်နို့တိုက်တဲ့ ကလေးတွေကတော့ နို့တစ်ဖက်ကနေ နောက်တစ်ဖက် ပြောင်းတိုက်တိုင်း လေထုတ်ပေးရပါမယ်။
ဒီလို လုပ်ပေးတာတောင် ကလေးက နို့အန်တာ များတဲ့အခါနဲ့ လေထိုးတဲ ပုံပေါ်ရင် ၁ အောင်စ တိုက်ပြီးတိုင်း တစ်ခါ၊ ၅ မိနစ် နို့တိုက်ပြီးတိုင်း တစ်ခါ လေထုတ်ပေးသင့်ပါတယ်။
Dr. Htar (www.drmyanmar.com)






























