သားသားမီးမီး ထမင်းမစားတဲ့အခါ
ကလေးတွေထမင်းမစားတဲ့အခါ မိဘတွေအရမ်းကို စိတ်ညစ်ကြရတာပါပဲ။ အထူးသဖြင့် လမ်းလျောက်စ ကလေးလေးတွေပေါ့။
ကလေးတွေတကယ်ထမင်းမစားတာလား? မစားဘူးလို့ထင်တာလား?
မိဘအများစုဟာ ကလေးအစာကောင်းကောင်း မစားဘူးဆိုပြီး စိတ်ပူတတ်ကြတယ်။ တကယ်တော့ ဒီလိုလမ်းလျောက်စအရွယ်လေးတွေဟာ နည်းနည်းပဲ စားတတ်ကြတာ သဘာဝပါပဲ။
• ကလေးတွေဟာ သူတို့ရဲ့ကြီးထွားမှုနဲ့ လှုပ်ရှားမှုပေါ်မူတည်ပြီး ထမင်းစားတတ်ကြတယ်။
• ဒီလိုလမ်းလျောက်စအရွယ်တွေဟာ ကလေးသေးသေးလေးတုန်းကလောက် ကြီးထွားမှုမမြန်တော့လို့ အစာသိပ်မစားတတ်ကြတော့ဘူး။
• ပြီးတော့သူတို့ရဲ့အစာအိမ်လေးတွေကလည်း သေးသေးလေးပဲ။
• ဒီအရွယ်လေးတွေဟာ ဘေးပတ်ဝန်ကျင်ကို စူးစမ်းစိတ်တွေများလွန်းလို့ ထမင်းစားရတာကို သိပ်ပြီးအာရုံမရှိတတ်ဘူး။
• နောက်တစ်ချက်က ဒီအရွယ်လေးတွေဟာ သူတို့ရဲ့ကိုယ့်အားကိုယ်ကိးုနိုင်စွမ်းကို စူးစမ်းစိတ်လည်း ရှိတတ်ကြတယ်။
ဒီနေ့ဒါစားပေမယ့် နောက်နေ့ကျရင် လုံးလုံးမစားတော့တာကလည်း ကလေးတွေရဲ့ အကျင့်တစ်ခုပါပဲ။ ဒါကြောင့် ကလေးကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားတစ်ချို့ကိုပေးပြီး သူကြိုက်တာရွေးစားပါစေ။
Ceelin Plus 1

မစားတစ်လှည့်စားတစ်လှည့်
ကလေးဟာ ထမင်းကို ကုန်တဲ့နေ့ကုန်၊ မကုန်တဲ့နေ့မကုန်တာလည်း ရှိတတ်တယ်။ ဒါကြောင့် နည်းနည်းနည်း နည်းစီ ထည့်ကျွေးတာကောင်းတယ်။ ကလေးတွေဟာ နည်းနည်းပဲစားတာ သဘာဝပါပဲ။
ကလေးကို မကုန်မချင်းအတင်းကျွေးတာမျိုး မလုပ်ပါနဲ့။ ဒီလိုကျွေးတာဟာ ကလေးကိုပိုပြီးစိတ်ဖိစီးမှု များစေနိင်တယ်။ ကလေးတစ်ဇွန်းလောက်ပဲစားစား၊ ရေလေးတစ်တို့ပဲသောက်သောက် ကလေးကိုချီးကျူးပေးပါ။
ထမင်းစားချိန်ကြားတွေမှာ အဆာပြေအနေနဲ့ အသီးလေးတွေကျွေးပေးလို့ရတယ်။ ဒါမှ ထမင်းစားချိန် နည်းနည်းပဲစားရင်တောင် ကလေးဗိုက်ပြည့်နေမှာပါ။
ကလေးကိုကျန်းမာရေးနဲ့ညီညွတ်တာသာ ကျွေးပါ။ ကလေးနည်းနည်းပဲစားစား များများပဲစားစား စိတ်ပူစရာမလိုဘူး။ ကလေးတွေဟာ သူတို့ကိုယ်သူတု့ိ ဘယ်တော့မှအဆာမခံပါဘူး။
ပြီးတော့ တစ်ရက်တည်းစားတာထက်စာရင် တစ်ပတ်အတွင်းဘယ်လောက်စားတယ်ဆိုတာကို ကြည့်ပြီးကလေးစားမစားကို ခန့်မှန်းသင့်တယ်။ ဒီနေ့တစ်ရက်နည်းနည်းပဲစားပေမယ့် နောက်နေ့ကျရင် ဗိုက်ဆာပြီးများများစားတာလည်း ရှိနိုင်တာပဲ။ ကလေးကောင်းကောင်းမွန်မွန် ဆော့နိုင်တယ်၊ သင်ကြားစူးစမ်းနိုင်တယ်ဆိုရင် ကလေးအာဟာရဓာတ်လူံလုံလောက်လောက် ရနေလို့ပါပဲ။
တစ်ခါတစ်လေကျရင် ရောဂါတစ်ခုခုကြောင့် မစားတာမျိုးလည်းရှိနိုင်တာကြောင့် ကလေး အစာလုံးဝမစားရင်၊ ကလေးကြီးထွားမှုနဲ့ အာဟာရကို စိုးရိမ်ရင် ဆရာဝန်နဲ့ ပြကြည့်ပါ။
Ceelin Plus 2

ကလေးတွေကိုထမင်းကျွေးချိန်မှာ
♦ ထမင်းစားချိန်တိုင်းဟာ ပျော်စရာမိသားစုအချိန်လေးတွေ ဖြစ်သင့်တယ်။
♦ ဖေဖေမေမေတို့က ထမင်းကိုဘယ်လို မြိန်မြိန်ယှက်ယှက်စားတယ်ဆိုတာ ကလေးမြင်ပါစေ။
♦ ထမင်းဟင်းချက်တဲ့အခါ ကလေးကိုပါ ဘေးကနေ ရောက်တက်ရာရာလေး ခိုင်းပေးပါ။
♦ အစားအစာတစ်ခုခု အသစ်အဆန်းစကျွေးတော့မယ်ဆိုရင် ကလေးရောမေမေတို့ပါ ပင်ပန်းနေချိန်မဟုတ်ဘဲ သက်သောင့်သက်သာရှိတဲ့အချိန်မျိုးမှာ ကျွေးသင့်တယ်။
♦ ထမင်းစားချိန်ကို မိနစ်၂၀ စသဖြင့် သတ်မှတ်ပေးထားသင့်တယ်။ ဒီအတွင်း ကလေး ဘာမှမစားဘူးဆိုရင်တောင် ထမင်းပန်ကန်ကို သိမ်းလိုက်ပါ။ တစ်ခြားမုန့်တစ်ခုခု အစားထိုးပြီး မကျွေးပါနဲ့။
♦ ကလေးအစားအသစ်တစ်မျိုးမျိုး ကျွေးကြည့်လို့ မစားရင်လည်း ကလေးကို ရိုက်နှက်တာမျိုး မလုပ်ပါနဲ့။ ဒီလို ဆူပူရိုက်နှက်တာက နောက်ပိုင်းမှာလည်း မစားချင်အောင် လှုံ့ဆော်ပေးနိုင်တယ်။
♦ ကလေးကို ကျန်းမာရေးနဲ့ညီညွတ်တာတွေ ကျွေးတဲ့အခါမှာလည်း ဆုချတဲ့အနေနဲ့ မုန့်တွေအချိုတွေကျွေးတာမျိုး အကျင့်မလုပ်ပါနဲ့။ ကျန်းမာရေးနဲ့ညီညွတ်တာတွေ စားကိုစားဖို့လိုတယ်ဆိုတာကို ပြဖို့လိုတယ်။
အစားအစာအသစ်တွေ စမ်းကျွေးတဲ့အခါ
♦ လူကြီးတွေစားတာနဲ့တူတူကျွေးကြည့်ပါ။ ဒီလိုကျွေးတာဟာ အစားအစာအသစ်တွေရဲ့ ကျန်းမာရေးကောင်းကျိုးကို ရစေနိုင်တဲ့အပြင် ဒီလိုအစားအစာတွေဟာ ပုံမှန်စားနေကျအစားအစာတွေဆိုတာ သိသွားစေတယ်။
♦ ကလေးကြိုက်တတ်တဲ့အစားအစာလေးတွေနဲ့ ရောပြီးကျွေးပါ။
♦ ကလေးမစားရင်တောင် အထပ်ထပ်ကျွေးကြည့်ပါ။ ကလေးတစ်ယောက် အစားအစာအသစ်ကို လက်ခံဖို့ ၁၀ ခေါက်ကနေ ၁၅ ခေါက်လောက် ကြိုးစားသင့်တယ်လို့ဆိုတယ်။
♦ ကလေးမစားချင်ဘူးဆိုရင် နောက်တစ်ပတ်လောက်အကြာ ထပ်ကြိုးစားကြည့်ပါ။ ဒီအကြိမ်မှာ ကလေးဟာ ထပ်တောင်တောင်းစားချင်တောင်းစားပါလိမ့်မယ်။
ကလေးအကြိုက်လိုက်ပါ။
♦ ကလေးတွေစားတဲ့အခါ အစားအစာတွေကို လျက်ပါစေ၊ ကိုင်ပါစေ၊ ဆော့ပါစေ။
♦ ကလေးကို ကိုယ့်ဘာသာကိုယ်စားပါစေ။ သူလိုရင် ဘေးကနေ ကူညီပေးပါ။
♦ ကလေးစိတ်မပါတော့ဘူး၊ ပင်ပန်းနေပြီဆိုရင် ဆက်မကျွေးပါနဲ့တော။
ကလေးကြိုက်တာတစ်ခုတွေ့ပြီဆိုရင် ဒီတစ်မျိုးတညး်ကို ကျွေးချင်ကြတယ်။ ဒါပေမယ့် ကလေးတွေဟာ အစားစုံစားကြည့်ဖို့ အရေးကြီးတယ်နော်။ ဒါမှ ကြီးထွားဖို့ဖွံ့ဖြိုးဖို့ လိုတဲ့အာဟာရဓာတ်တွေ ပြည့်ပြည့်ဝဝရမှာပါ။
(Unicode)




























