သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေစားပေးဖို့ ဘာကြောင့်လိုအပ်တာလဲ
အာဟာရချို့တဲ့မှုတွေထဲမှာ သံဓာတ်ချို့တဲ့တာဟာ အဖြစ်အများဆုံးပါ။ ကလေးတွေဟာ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို လုံလုံလောက်လောက် မစားဘူးဆိုရင် သံဓာတ်ချို့တဲ့နိုင်ချေ ရှိပါတယ်။ သံဓာတ်ချို့တဲ့ခဲ့ရင် ကြီးထွားဖွံ့ဖြိုးမှုနှေးပြီး သွေးအားနည်းရောဂါ ခံစားရနိုင်ပါတယ်။
သံဓာတ်ဟာ ဘာကြောင့်ခန္ဓာကိုယ်အတွက် အရေးကြီးရတာလဲ?
သွေးနီဥရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Haemoglobin တည်ဆောက်ရာမှာ သံဓာတ်လိုအပ်ပါတယ်။ Haemoglobin ဟာ အောက်စီဂျင်ကို အဆုတ်ကနေ ကျန်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီသို့ သယ်ယူပို့ဆောင်ပေးပါတယ်။ သံဓာတ်သာမရှိခဲ့ရင် Haemoglobin လည်း မတည်ဆောက်နိုင်တော့သလို၊ တစ်သျှူးနဲ့ဆဲလ်တွေဟာလည်း အောက်စီဂျင်မရတော့လို့ စွမ်းအင်ထုတ်လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။
Nutroplex 1
သံဓာတ်ချို့တဲ့ရင် ဘာတွေဖြစ်နိုင်သလဲ?
သွေးနီဥတွေ မတည်ဆောက်နိုင်တဲ့အခါ သွေးအားနည်းရောဂါ ဖြစ်လာပါလိမ့်မယ်။ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါဟာ ကလေးတွေမှာ အဖြစ်များပါတယ်။
သွေးအားနည်းရောဂါဖြစ်ရင် -
● အသားအရေ ဖြူဖျော့ခြင်း
● မောပန်းနွမ်းနယ်ခြင်း
● ခြေလက်တွေ အေးစက်ခြင်း
● ကြီးထွားဖွံ့ဖြိုးမှု နှေးခြင်း
● အစားအသောက်ပျက်ခြင်း
● ပုံမှန်မဟုတ်ဘဲ အသက်ရှူမြန်ခြင်း
● မကြာခဏ ရောဂါပိုးဝင်ခြင်း
● စားစရာမဟုတ်တာတွေကို ချင်ခြင်းတက်ခြင်း( ဥပမာ - ဖုန်မှုန့်၊ ရေခဲ၊ အိမ်သုတ်ဆေး) စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
Nutroplex 2
သံဓာတ်မချို့တဲ့အောင် ဘယ်လိုကာကွယ်လို့ရသလဲ?
● သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ ကျွေးပေးပါ။ ကလေးတစ်ယောက်အတွက် တစ်နေ့လိုအပ်တဲ့ သံဓာတ်ပမာဏဟာ အသက်အရွယ်ပေါ်လိုက်ပြီး ကွာခြားပါတယ်။
● နွားနို့၊ ဆိတ်နို့၊ ပဲနို့ စတာတွေမှာ သံဓာတ်ပါဝင်မှုနည်းလို့ တစ်နေ့ကို (၂၄) အောင်စထက်ပိုပြီး မတိုက်ပါနဲ့။
● သံဓာတ်ကြွယ်ဝတာတွေကို သံဓာတ်စုပ်ယူမှုကောင်းစေတဲ့ အစားအသောက်တွေနဲ့ တွဲစားပါ။ ဗီတာမင်စီဟာ သံဓာတ်စုပ်ယူမှုကို အားပေးပါတယ်။ ဒါကြောင့် ဗီတာမင်စီကြွယ်ဝတဲ့ လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ ငရုတ်ပွ၊ ခရမ်းချဉ်သီးနဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ စားပေးပါ။ သံဓာတ်စုပ်ယူမှုကို နည်းစေတဲ့ ကယ်လ်ဆီယမ်ကြွယ်ဝသော အစားအသောက်များ၊ ကော်ဖီ၊ လက်ဖက်ရည် စတာတွေနဲ့ တွဲမစားပါနဲ့။
သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေက ဘာတွေလဲ?
အနီရောင်ရှိသောအသားများ၊ ကြက်ဥအနှစ်၊ အသည်း၊ ပင်လယ်စာ၊ ငါးများ၊ ကြက်သား၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ အသီးခြောက်များ၊ ပဲအမျိုးမျိုး နဲ့ သံဓာတ်ဖြည့်စွက်ထားတဲ့ Cereals တွေကနေ သံဓာတ်ကို ရရှိနိုင်ပါတယ်။
ကလေးတစ်ယောက် ကြီးထွားဖွံ့ဖြိုးနေချိန်မှာ သံဓာတ်ချို့တဲ့တာဟာ အဖြစ်များလို့ ဒီလိုအချိန်မှာ သံဓာတ် လုံလုံလောက်လောက် မရခဲ့ဘူးဆိုရင် အရွယ်အစားညှက်နေပြီးတော့ သွေးအားနည်းရောဂါပါ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါကို သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားပေးခြင်း၊ သံဓာတ်ဖြည့်စွက်ထားသောအားဆေးများ တိုက်ကျွေးခြင်းဖြင့် ကာကွယ်ပေးနိုင်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)




























