/
news/ကလေးများနှင့်ကျန်းမာရေး/၅-နှစ်အရွယ်ကလေးတစ်ယောက်မှာ-ရှိဖို့လိုအပ်တဲ့-အရည်အသွေးများ

၅ နှစ်အရွယ်ကလေးတစ်ယောက်မှာ ရှိဖို့လိုအပ်တဲ့ အရည်အသွေးများ

Category
ကလေးများနှင့်ကျန်းမာရေး

1. အခြေခံလိုအပ်တဲ့ကိုယ်ရေးအချက်အလက်တွေကို သိရပါမယ်။

          ကလေးက ကိုယ့်နာမည်ကို ကောင်းကောင်းသိတဲ့အပြင် တခြားကိုယ်ရေးအချက်အလက်တွေကို သိထားဖို့သင်ပေးထားရပါမယ်။ ကလေးကို သူ့ရဲ့နာမည်အပြည့်အစုံ၊ မိဘနှစ်ပါးရဲ့နာမည်အပြည့်အစုံနဲ့ အိမ်လိပ်စာတွေကို မှတ်မိစေဖို့သင်ပေးပါ။ နောက်တစ်ဆင့်အနေနဲ့ အနည်းငယ်ခက်ခဲပေမယ့် အဖေ၊ အမေဖုန်းနံပတ်၊ အိမ်ဖုန်းနံပါတ်တွေကိုလည်း မှတ်မိစေဖို့ ကြိုးစားသင်ပေးပါ။

 

2. သူ့အရွယ်နဲ့သူ တတ်နိုင်တဲ့အလုပ်တွေ ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်ရမယ်။

          ကိုယ့်ရှူးဖိနပ်ကိုယ်ကြိုးချည်တာ၊ ကိုယ့်နှာခေါင်းကိုယ်သန့်ရှင်းအောင်သုတ်တာ၊ အစာစားတဲ့အခါအသုံးအဆောင်တွေ (ပန်းကန်၊ဇွန်း စတာတွေ)ကို မှန်မှန်ကန်ကန်သုံးတတ်အောင်စတဲ့ နေ့စဉ်လုပ်ဆောင်နေရတဲ့အလုပ်တွေကို သူ့ဖာသာ လုပ်တတ်သင့်ပါတယ်။ ဒီလိုလုပ်တတ်စေခြင်းဖြင့် ကလေးငယ်ဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပြီး သူတစ်ပါးကို မှီခိုမှုကင်းစေပါတယ်။

3. ငြိမ်ငြိမ်လေးထိုင်နေတတ်ဖို့ လေ့ကျင့်ပေးပါ။

          တီဗွီ၊ ကွန်ပြူတာ၊ ဖုန်းစတဲ့ ဖန်သားပြင်တွေကိုအကြည့်များတဲ့ကလေးတွေက မူကြိုစတက်တဲ့အခါမှာ ငြိမ်ငြိမ်ထိုင်နေဖို့ခက်တာ၊ ဉာဏ်စမ်း (သို့) အရောင်ခြယ်တာကို အပြီးသတ်မလုပ်နိုင်တာ၊ စောင့်ဆိုင်းရတာကိုစိတ်မရှည်တဲ့အတွက် သူများတွေနဲ့ မျှဝေပြီးမလုပ်တတ်တာတွေ ဖြစ်နို်င်ချေများပါတယ်။

          ကလေးတစ်ယောက်က ဘယ်လောက်ကြာကြာငြိမ်ငြိမ်လေးထိုင်နေနို်င်သလဲ။ အသက် ၄ နှစ်အရွယ်ကလေးတစ်ယောက်က ငြိမ်ငြိမ်ထိုင်နေလို့ပြောရင် အနည်းဆုံး ၁၅-၂၀ မိနစ်လောက်ထိုင်နေနိုင်သင့်ပါတယ်။ ကိုယ့်ကလေးက ဒီလိုမထိုင်နိုင်ဘူးဆိုရင် အိမ်ကိုမူကြိုလိုသဘောထားပြီး လေ့ကျင့်ပေးပါ။

 

4. အခြားကလေးတွေနဲ့ ဘယ်လိုဆက်ဆံရမလဲဆိုတာ သိသင့်ပါတယ်။

          ကလေးတစ်ယောက်က အခြားကလေးတွေနဲ့အတူ သဟဇာတဖြစ်စွာ နေတတ်၊ ဆော့တတ်ဖို့လိုပါတယ်။ ကိုယ့်အလှည့်ကိုယ်စောင့်ပြီး ဆော့တတ်ရပါမယ်။ တကယ်လို့ အဲလိုမဖြစ်သေးဘူးဆိုရင် လေ့ကျင့်ပေးထားဖို့ လိုပါတယ်။

5. ကိုယ့်ဖာသာအိမ်သာသွားတတ်ရမယ်။

          ကလေး အသက် ၂ နှစ်လောက်ဆိုရင် အိုးနဲ့ဝမ်းသွားတတ်ဖို့ကျင့်ပေးလို့ရပါပြီ။ ကလေး တစ်ယောက်နဲ့တစ်ယောက်တော့ မတူပါဘူး။ တစ်ချို့က ပိုပြီးစောစောသွားတတ်နေပါပြီ။ မူကြိုအရွယ်လောက်ရောက်ပြီဆိုရင် အိမ်သာသုံးတတ်ဖို့ သင်ပေးလို့ရပါပြီ၊ ဘောင်းဘီဆွဲချနည်း၊ အိမ်သာရေလောင်းနည်းနဲ့ အိမ်သာသွားပြီးတိုင်း ဆပ်ပြာ၊ရေတို့နဲ့ လက်သေချာဆေးနည်းတွေကို သင်ပေးထားပါ။

 

6. လမ်းဖြတ်ကူးတဲ့အခါမှာ အန္တရာယ်ကင်းတဲ့နည်းလမ်းတွေကို သိနေဖို့လိုပါတယ်။

          ကလေးဆိုတာက လမ်းဖြတ်ကူးတိုင်း လူကြီးနဲ့ကူးရမယ်ဆိုပေမယ့်လည်း လမ်းဖြတ်ကူးတဲ့အခါမှာ သိထားသင့်တဲ့အချက်တွေကို ကလေးသိအောင် ပြောပြပေးဖို့လိုပါတယ်။ လမ်းဖြတ်ကူးရင် လမ်းနှစ်ဖက်စလုံးကိုကြည့်ဖို့၊ ကားတွေအသံတွေကိုနားထောင်ဖို့သေချာပြောပြပေးပါ။ ကလေးကိုလူကြီးမပါဘဲလမ်းဖြတ်ကူးခွင့်မပေးဘူးဆိုပေမယ့် ကြိုတင်ပြင်ဆင်ပေးထားတာက မမှားပါဘူး။

 

7. ကောင်းတဲ့၊ ဆိုးတဲ့အမူအကျင့်အထိအတွေ့တွေနဲ့ပတ်သက်ပြီး ခွဲခြားသိဖို့လိုပါတယ်။

          လုပ်သင့်တဲ့အပြုအမူနဲ့ မလုပ်သင့်တဲ့အပြုအမူတွေကို ခွဲခြားတတ်အောင် ကူညီပေးပါ။ ဥပမာအားဖြင့် တစ်ယောက်ယောက်ကို ဂရုစိုက်ကြောင်းပြဖို့အတွက် ဖက်ပေးတာ၊ လက်တွေကို ဆုပ်ကိုင်ပေးတာက ကောင်းတယ်။ ဒါပေမယ့် တခြားသူတွေ ကြောက်လန့်သွားအောင် မသက်မသာဖြစ်အောင် ရိုက်ပုတ်တာ၊ ကန်တာ၊ တခြားသူရဲ့မကိုင်သင့်တဲ့ကိုယ်ပိုင်နေရာတွေကို ကိုင်တွယ်ခြင်းက မပြုလုပ်သင့်ဘူး မကောင်းဘူးဆိုတာကို ခွဲခြားပြောပြပေးထားပါ။ ဒီလိုမျိုးမကောင်းတာတွေကိုယ့်ကို အလုပ်ခံရရင်လည်း အဖေ၊ အမေ၊ ဆရာမစတဲ့ယုံကြည်စိတ်ချရတဲ့လူကြီးတစ်ယောက်ယောက်ကို ချက်ချင်းပြောဖို့ ပြောပြထားပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)