ကလေး ထပ်ယူဖို့ အဆင်သင့်ဖြစ်ပြီလား
ကလေးရှိပြီးသား မိဘတွေအနေနဲ့ ဒုတိယကလေးကို ဘယ်အချိန်မှာ ထပ်ယူဖို့ အကောင်းဆုံးဖြစ်မလဲဆိုတာ အလွန်အရေးကြီးသောမေးခွန်း ဖြစ်နိုင်ပါတယ်။
● လေ့လာချက်များအရ ကလေးတစ်ဦးနဲ့တစ်ဦး အသက်ချင်း သိပ်မကွာပါက မိခင်ကော ကလေးအတွက်ပါ ဆိုးကျိုးများ ဖြစ်စေတယ်လို့ သိရပါတယ်။
● အခြားလေ့လာချက်တွေမှာလည်း ကလေးတစ်ဦး မွေးဖွားပြီးချိန်တွင် ကိုယ်ခန္ဓာက နောက်ထပ်ကိုယ်ဝန်အတွက် အဆင်သင့်ဖြစ်ဖို့ ၁၂ လကနေ ၁၈ လအထိ စောင့်ရတယ်လို့ ဆိုပါတယ်။
● မကြာသေးမီက လေ့လာချက်တစ်ခုတွင် ပထမကိုယ်ဝန်နဲ့ ဒုတိယကိုယ်ဝန်ကြား တစ်နှစ်အောက် လောက်သာခြားသော ကိုယ်ဝန်သည်များတွင် ဆိုးရွားသောပြဿနာများနဲ့ သေဆုံးခြင်း ပိုမိုအဖြစ်များတာ တွေ့ရှိရပါတယ်။ ထိုနည်းတူ ကလေးအသေမွေးခြင်း၊ လမစေ့ဘဲမွေးခြင်းတို့ပါ ဖြစ်စေနိုင်ပါတယ်။
● ဒါဆိုရင် ဘယ်လောက်ထိ စောင့်ရမလဲဆိုတာ သိချင်ကြပါလိမ့်မယ်။ ပထမကိုယ်ဝန်ကို နေ့စေ့လစေ့မွေးနိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးမရှိသော အမျိုးသမီးများအနေဖြင့် နောက်ကိုယ်ဝန်ဆောင်ဖို့ အနည်းဆုံး ၁၂ လ စောင့်သင့်ပါတယ်။ သို့သော် ပထမကိုယ်ဝန်ကို ခွဲမွေးထားသူများအနေဖြင့် ၁၈လ စောင့်မှသာ သားအိမ်ကွဲခြင်းကို ကာကွယ်နိုင်မှာပါ။
● ပထမကလေးမွေးပြီး ၆ လအတွင် ကိုယ်ဝန်ဆောင်ခြင်းကိုတော့ လုံးဝမပြုလုပ်သင့်ပါဘူး။ ဒါကို ကာကွယ်နိုင်ဖို့ သားဆက်ခြားနည်းလမ်းများအနက် တစ်ခုကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
● ကိုယ်ဝန်တစ်ခုနဲ့တစ်ခုကြား အနည်းဆုံး တစ်နှစ်ခြားခြင်းဖြင့် ကျန်းမာသော ရင်သွေးလေးများကို ပိုင်ဆိုင်နိုင်မယ့်အပြင် မိခင်အနေနဲ့လည်း ဆိုးရွားသောပြဿနာများကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























