ကိုယ်ဝန်ဆောင်ကာလမှာ ဗိုက်နာဗိုက်အောင့်ဖြစ်စေသော အကြောင်းအရင်းများ
ကိုယ်ဝန်ဆောင်ကာလမှာ ဗိုက်နာဗိုက်အောင့်ဖြစ်တဲ့အခါ စိတ်ပူကြမှာပေါ့နော်။ စိတ်ပူပန်မှုတွေသက်သာဖို့ အရေးကြီးတာကို ခွဲခြားနိုင်ဖို့ ကိုယ်ဝန်ဆောင်ကာလမှာ ဗိုက်နာစေနိုင်တဲ့ အကြောင်းအရင်းများကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ပထမကိုယ်ဝန်ဆောင် သီတင်းပတ်တွေထဲမှာ နာတတ်တဲ့ အပျော့စားဗိုက်နာတာလောက်ကတော့ သိပ်အရေးမကြီးပါဘူး။ သားအိမ်လေးက ကလေးလေးရောက်လာလို့ ဖြည်းဖြည်းချင်း ကြီးထွားလာတာ ဖြစ်ပါတယ်။ ဗိုက်အောင့်တာနဲ့ သွေးဆင်းတာနဲ့ တွဲရင်တော့ သားဖွားမီးယပ်အထူးကုကို ချက်ချင်းပြသ စစ်ဆေးပါနော်။
၂။ ကိုယ်ဝန်ပျက်တာဆိုရင်တော့ သွေးဆင်းမယ်၊ ဗိုက်အလွန်အောင့်မယ်။ ခါးနာခါးကိုက်တွေ ဖြစ်မယ်ပေါ့။
၃။ သားအိမ်လေးက ကြီးထွားတင်းမာလာတာနဲ့အမျှ ထောက်ပံ့ထားတဲ့ အရွတ်လေးတွေပါ တင်းလာပြီပေါ့။ အိပ်ရာထခါစမှာ ဗိုက်အောက်ပိုင်း စူးခနဲ နာသွားတာ။ တင်းတင်းလေးလေးကြီး ခံစားရတာကတော့ ပြဿနာကြီးကြီး မရှိနိုင်ပါဘူးနော်။
၄။ သားဥပြွန်ထဲ သန္ဓေတည်တဲ့ ရောဂါကတော့ ဗိုက်အောင့်ဗိုက်နာထဲမှာ အဆိုးဆုံးပေါ့၊ ကိုယ်ဝန်ရှိတဲ့အခါ တတ်နိုင်သမျှစောစော အာထရာဆောင်း ရိုက်ထားလိုက်တာက သန္ဓေသားလေး နေသားတကျ ရှိ၊ မရှိ သေချာသိနိုင်တာပဲလေ။
၅။ နံရိုးအောက်မှာ မကြာခဏစူးစူးကြီး နာနေတတ်ရင် သည်းခြေကျောက်ကနေ အသည်းရောင်တာတွေအထိ ဖြစ်နေနိုင်တာမို့ ခဏခဏနာနေတတ်ရင် သားဖွားမီးယပ် အထူးကုကို ပြသပါနော်။
၆။ သားအိမ်လေးက အစမ်းညှစ်ကြည့်နေတတ်တဲ့ အခြေအနေတွေရှိပြန်ပါနော်။ တစ်ခါတလေ နာတာမို့ အန ္တရာယ်မရှိဘူးလေ။ ခဏခဏဆိုရင်တော့ သိပ်မဟုတ်သေးတာမို့ ဆရာဝန်ပြသပါလို့။
၇။ ကိုယ်ဝန်ပတ် ၃၇ ပတ်မတိုင်မီ ဗိုက်နာလာတတ်ရင် သွေးဆင်းတာမျိုး ကိုက်တာတွေရှိလာရင် လမစေ့မှီ စောမွေးတာတွေ ဖြစ်နေတတ်တာမို့ ရေများများ သောက်တာ အနားယူတာတွေကို ကိုယ်ဝန်လရင့်လာတာနဲ့အမျှ လုပ်ဆောင်သင့်ပါပြီ။
၈။ တကယ်မွေးချင်လို့လဲ ဖြစ်နေဦးမယ်နော်။ ကိုယ်ဝန် ၃၇ ပတ်ကျော်ပြီးရင်တော့ စိတ်မပူနဲ့တော့ပေါ့။ သူ့အချိန်နဲ့သူ လာတော့မှာမို့ စိတ်အေးလက်အေးသာ တကယ်မွေးဖွားချိန်ကိုသာ စောင့်လိုက်ပါတော့လို့။
၉။ ကိုယ်ဝန်ဆောင်ကာလမှာ ဝမ်းချုပ်တတ်တာကတော့ ထုံးစံပါပဲ။ အသီးအနှံများများစား ရေများများသောက်ပြီး အနားယူပါလို့။ ရေကို တစ်ရက်ကို ရှစ်ခွက်လောက်သောက်မှ အဆင်ပြေမယ်နော်။ မသက်သာရင်တော့ ဝမ်းပျော့ဆေးလေးသောက်ရင် အဆင်ပြေပါပြီ။
၁၀။ ရင်ပြည့်ရင်ကယ် အစာမကြေလို့ ဗိုက်အောင့်တာက ဖြစ်လေ့ရှိပေမယ့် အဖျားအနာ၊ သွေးဝမ်းသွားတာ။ ဗိုက်နာတာ၊ အန်တာတွေရှိနေခဲ့ရင်တော့ ဆရာဝန်ချက်ချင်းပြသဖို့ လိုအပ်ပါတယ်။
၁၁။ ရှားပေမယ့် ဖျားတာ၊ အန်တာအပြင် ညာဘက်ဝမ်းဗိုက် အပြင်းအထန်နာရင် အူအတတ်ရောင်တာမို့ ဆရာဝန်ပြသဖို့ လိုပါတယ်။
၁၂။ ဗိုက်အောက်ပိုင်း အပြင်းအထန် နာလာရင်တော့ သားဥအိမ်အလုံး အကျိတ်တစ်ခုခု ဖြစ်တာတွေ ရှိတတ်ပါတယ်။
၁၃။ ဆီးလမ်းကြောင်း ပိုးဝင်တာ၊ ကျောက်ကပ် ကျောက်တည်လို့ ဆီးကျင် ဆီးအောင့်တာတွေမှာ ဗိုက်အောင့် ဗိုက်နာအပြင် ချမ်းတုန်တာတွေပါ ဖြစ်လာတတ်လို့ ချက်ချင်းပြသကုသဖို့ လိုပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)





























