ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှုများတဲ့အခါ ...
စိတ်ပျိုတော့ကိုယ်နု၊ စိတ်နွမ်းတော့ကိုယ်ပန်း ဆိုသလိုပဲ စိတ်ဖိစီးမှုတွေ များလာတဲ့အခါ ညအိပ်မပျော်တာ၊ စိတ်မရှည်ဒေါသထွက်လာတာ၊ အစားအသောက်ပျက်တာ ဒါမှမဟုတ် ပိုစားလာတာ၊ ခေါင်းကိုက်တာ၊ စိတ်ကူးဉာဏ်စတွေ ဆုံးရှုံးကုန်တာ၊ စိတ်ဓာတ်ကျတာ စသည်ဖြင့် ကိုယ်ခန္ဓာ ပင်ပန်နွမ်းနယ်မှုတွေ ဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် သားသမီးရတနာ လွယ်ထားရသူ မိခင်လောင်းတွေ စိတ်ဖိစီးမှုဖြစ်တဲ့အခါ ရင်သည်းအနှစ် သားသားမီးမီးတွေမှာ ဆိုးကျိုးတွေကို ပိုခံစားရတတ်ပါတယ်။ စိတ်ဖိစီးမှုဟာ ဝမ်းဗိုက်ထဲက ကလေးငယ်ရဲ့ ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးမှု၊ ဦးနှောက်ကြီးထွားဖွံ့ဖြိုးမှုတွေကို ထိခိုက်စေတဲ့အပြင် ကြီးပြင်းလာချိန်မှာ မှတ်ဉာဏ်နဲ့ လေ့လာသင်ယူမှုအပေါ်မှာလည်း အကျိုးသက်ရောက်မှု ရှိပါတယ်။
>> ကိုယ်ဝန်ဆောင်ချိန် စိတ်ဖိစီးမှုနဲ့ ကလေးအပေါ်အကျိုးသက်ရောက်မှု
အစောပိုင်းကာလတွေမှာ ကိုယ်ဝန်ဆောင်ချိန် စိတ်ဖိစီးမှုဟာ ကလေးတွေအပေါ်မှာ အကျိုးသက်ရောက်မှု နည်းတယ်လို့ သိခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာတော့ လမစေ့၊ ပေါင်မပြည့်တာမျိုးတွေ ဖြစ်စေနိုင်တတ်တယ်လို့ သိလာရပါတယ်။
● ကလေးလမစေ့၊ ပေါင်မပြည့်ခြင်း : စိတ်ဖိစီးမှု၊ ကိုယ်ဖိစီးမှု များလာတဲ့အခါ ခန္ဓာကိုယ်က epinephrine, norepinephrine လို့ခေါ်တဲ့ ဖိစီးမှုတုန့်ပြန်ဟော်မုန်းတွေ ထွက်လာပါတယ်။ ဒီဟော်မုန်းတွေဟာ ကလေးဆီကို အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ပို့ပေးနေတဲ့ သွေးကြောတွေကို ကျဉ်းပစ်လိုက်တာကြောင့် ကလေးဟာ အစာအာဟာရလျော့နည်းပြီး စောမွေးတာ၊ ပေါင်ချိန်နည်းတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
● ကိုယ်ဝန်ပျက်ကျခြင်းနဲ့ အာရုံကြောဆိုင်ရာ ရောဂါများ : ကိုယ်ဝန်အစောပိုင်း ပထမကာလတွေမှာ စိတ်ဖိစီးမှုများတဲ့အခါ ကိုယ်ဝန်ပျက်ကျတာ၊ လှုပ်ရှားမှုဆိုင်ရာ အာရုံကြောရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးဆဲကာလတွေဖြစ်တဲ့ ကိုယ်ဝန် ၁၉ ပတ်နဲ့ ၂၆ ပတ်ကြားမှာ စိတ်ဖိစီးမှုများခဲ့ရင် ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။
>> ကိုယ်ဝန်ဆောင်ချိန်မှာ ဘာကြောင့် စိတ်ဖိစီးမှု များတတ်သလဲ?
ကိုယ်ဝန်ဆောင်ဘဝဟာ ကလေးတစ်ယောက်လုံးကို ဝမ်းဗိုက်မှာ လွယ်ထားရတဲ့ အချိန်ဖြစ်တာကြောင့် အလွန်စိတ်ပန်းကိုယ်နွမ်း ဖြစ်တတ်တဲ့အချိန်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို ဖိစီးမှုတွေဟာ နေ့စဉ်ဘဝကို ထိခိုက်စပြုလာပြီ ဆိုရင်တော့ စိတ်ဖိစီးမှုကို ဘယ်လိုဖြေဖျောက်ရမလဲ ဆိုတာကို စတင်တွေးတော စဉ်းစားသင့်ပါပြီ။
1. စိတ်ဖိစီးမှုတွေဟာ မိခင်ဘဝ ရောက်လာမှာကို တွေးပူတာ၊ ကလေးရဲ့ကျန်းမာရေးကို စိတ်ပူတာ၊ မကြာခဏ စိတ်အပြောင်းအလဲမြန်တာ၊ စိတ်ရှုပ်ထွေးတာ၊ ခင်ပွန်း၊ ဘေးပတ်ဝန်းကျင် စတာတွေနဲ့ ဆက်ဆံရတာ အဆင်မပြေတာ၊ ငွေရေးကြေးရေး စိတ်ပူတာ၊ အလုပ်အကိုင်၊ အကျိုးအမြတ်တွေကို စိတ်ပူတာ စတဲ့ ပူပန်မှုတွေ၊ သောကတွေကြောင့် ဖြစ်လေ့ရှိပါတယ်။
2. ကိုယ်ဖိစီးမှုတွေဟာ ပင်ပန်းနွမ်းနယ်တာ၊ နာကျင်ကိုက်ခဲတာ၊ အအိပ်ပျက် အစားပျက်တာ၊ ကိုယ်ခန္ဓာပြောင်းလဲမှုတွေ ဖြစ်လာတာ၊ စိတ်အပြောင်းအလဲမြန်တာ၊ စိတ်တိုလွယ်တာ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
Dr. Mya Phoo Ngon (www.drmyanmar.com)






























