/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်မှာ-အကိုက်အခဲပျောက်ဆေး-သောက်ရင်-သတိထား

ကိုယ်ဝန်ဆောင်ချိန်မှာ အကိုက်အခဲပျောက်ဆေး သောက်ရင် သတိထား

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

         ကိုယ်ဝန်ဆောင်လေးတွေဟာ မိမိကိုယ်မိမိ သတိပြုကာကွယ်ဖို့ တချို့အရေးကြီးတာတွေကို ကြိုကြိုတင်တင် သိရှိထားဖို့ လိုအပ်တဲ့အလျောက် အရေးကြီးတဲ့ သတိပေးချက်လေးတစ်ခုကို မျှဝေပါရစေ။

          သုတေသနပညာရှင်တွေရဲ့ တွေ့ရှိချက်လေးတစ်ခုအရ ကိုယ်ဝန်ဆောင်ကာလမှာ အကိုက်အခဲပျောက်ဆေးတွေ များများသောက်တတ်သူတွေ မွေးလာတဲ့ကလေးမှာ မျိုးပွားနှုန်း ထိခိုက်ကျဆင်းစေပါသတဲ့။

          သမီးမိန်းကလေးဆိုရင် အဲဒီအခြေအနေက ပိုဆိုးပါတယ်၊ အကိုက်အခဲပျောက်ဆေး မကြာခဏ သောက်တတ်တဲ့ မိခင်တွေက မွေးတဲ့ကလေးတွေဟာ သားဥအိမ် သေးကွေးခြင်း၊ မျိုးဥအနေအထား သေးငယ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ပြီး သူတို့လေးတွေ ကြီးပြင်းလာတဲ့အခါ အိမ်ထောင်ပြုတဲ့အခါ ကလေးရဖို့ မလွယ်တာတွေ ဖြစ်လာနိုင်ခြေ ရှိပါတယ်။

          ယောကျာ်းလေးမွေးရင်တော့ သုတ်ကောင်ပမာဏနဲ့ အနေအထား မမှန်ကန်တာ ရှိဖို့ အလားအလာ ရှိပေမယ့် အချိန်တန် အရွယ်ရောက်တဲ့အခါ သူ့အလိုလို ဖြည်းဖြည်းချင်း ပျောက်သွားလေ့ရှိပါတယ်။

          မိန်းကလေးနဲ့ ယောက်ျားလေးဆိုရင် မိန်းကလေးတွေအနေနဲ့ မျိုးပွားနိုင်စွမ်း လျော့နည်းတာကို ပိုမိုတွေ့ကြုံရနိုင်ပါတယ်။

          ဒီတော့ မိခင်လောင်းတွေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာ၊ ကိုက်ခဲ၊ နာကျင် ဒါတွေ ကြုံရတဲ့အခါ အလွယ်တကူ အကိုက်အခဲပျောက်ဆေးတွေ ကောက်မသောက်ကြဖို့ သတိပေးလိုက်ပါတယ်နော်။

          မိမိကိုယ်ဝန်ဆောင်ချိန်မှာ သတိမထားမိဘဲ ပြုမူမိတဲ့ အရာသေးသေးလေးတွေဟာ မွေးလာမယ့် သမီးငယ်လေးရဲ့ မျိုးပွားနိုင်စွမ်း၊ ကိုယ်ဝန်ရနိုင်စွမ်းကို တိုက်ရိုက်ထိခိုက်နိုင်တယ်ဆိုတာ သတိပြုကြဖို့ ဖြစ်ပါတယ်။

          မြေးချီဖို့ပါ စိတ်ကူးထားရင်တော့ အကိုက်အခဲပျောက်ဆေးတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ အလွယ်တကူ မသောက်ဘဲ ဆရာဝန်နဲ့ ပြသတိုင်ပင်ကာ သင့်တော်သလို အန္တရာယ်ကင်းကင်းဆေးကို ရွေးချယ်နိုင်ဖို့ အကြံပြုလိုက်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)