ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်စက်သင့်တဲ့ပုံစံ
ကိုယ်ဝန်ဆောင်ချိန်မှာ ဖွံ့ဖြိုးလာတဲ့ ရင်သားနဲ့ ဝမ်းဗိုက်ကြောင့် မှောက်အိပ်လို့တော့ အဆင်မပြေပါဘူး။ ကိုယ်ဝန်လရင့်လာချိန်မှာ ပက်လက်လဲ မအိပ်သင့်ပါဘူး။ ပက်လက်အိပ်တဲ့အခါ သားအိမ်ရဲ့့ အလေးချိန်က ကိုယ်၀န်ဆောင်မိခင်ရဲ့ ကျောရိုး ကြွက်သားနှင့် သွေးကြောများကို ဖိမိခြင်းကြောင့် မိခင်ရဲ့ ခန္ဓာကိုယ်နှင့် သနေ္ဓသားဆီသို့ သွေးစီးဆင်းမှုနည်းစေပါတယ်။ ဒါ့အပြင် ပက်လက်အိပ်ခြင်းကြောင့် ကြွက်သား နာကျင်ကိုက်ခဲခြင်း၊ လိပ်ခေါင်းရောဂါ၊ သွေးပေါင်ချိန်ကျ၍ ခေါင်းမူးခြင်း အထူးသဖြင့် လှဲရာမှ ရုတ်တရက် ထထိုင်လိုက်သောအခါ မူးဝေခြင်း နှင့် အသက်ရှူလမ်းကြောင်း ပြဿနာကြောင့် အိပ်နေစဉ်ဟောက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
သနေ္ဓသားကို လွယ်ထားရချိန်မှာ အသင့်တော်ဆုံးကတော့ ဘေးစောင်းအိပ်တာပဲ ဖြစ်ပါတယ်။ မိခင်လောင်းအနေနဲ့ ဝမ်းဗိုက်အောက် ကျောနောက်နှင့် ခြေထောက်နှစ်ချောင်းကြားမှာ ခေါင်းအုံးခုပြီး အိပ်စက်နိုင်ပါတယ်။ တချို့က ဘယ်ဘက်စောင်းအိပ်တာ ပိုကောင်းတယ်လို့ ပြောကြပေမယ့် တိကျတဲ့ အချက်အလက်တော့ မရှိသေးပါဘူး။ ဒါကြောင့် ဘယ်ညာ အဆင်ပြေသလို စောင်းအိပ်နိုင်ပါတယ်။ ရင်ပူကာ စားချဥ့်ပြန်တတ်သူတွေကတော့ ကျောဘက်မှာ ခေါင်းအုံးခုကာ ခပ်လျောလျော ထိုင်အိပ်ခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ နောက်ပြီး ကိုယ်၀န်ဆောင်မေမေအနေနဲ့ တရေးနိုးလာချိန်မှာ ပက်လက်ဖြစ်နေတာကို သတိထားမိရင်လည်း အရမ်းလန့်စရာ မလိုပါဘူး။ ဘေးဘက်ကို ပြန်စောင်းပြီးတော့ အိပ်ပျော်အောင်သာ ကြိုးစားလိုက်ပါ။
Khin Cho (www.drmyanmar.com)















