ကိုယ်ဝန်ဆောင်ချိန်ရိုက်တဲ့ အာထရာစောင်း
ကိုယ်ဝန်ဆောင်မေမေတွေ မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုက အာထရာစောင်း ဘယ်အချိန်မှာ ရိုက်ရမလဲဆိုတာပါ။ ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဗိုက်ထဲက ကလေးလေးကို အာထရာစောင်းမှာ မြင်ရတဲ့အချိန်ဟာ ကိုယ်ဝန်ဆောင်ချိန်အတွက် သက်တန့်တစ်ခုလို့တောင် တင်စားနိုင်ပါတယ်နော်။
ကိုယ်ဝန်ဆောင်ချိန်ရိုက်တဲ့ အာထရာစောင်းဆိုတာဟာ ဖွံ့ဖြိုးနေတဲ့ သနေ္ဓသားလောင်းလေးကိုရော မေမေ့ရဲ့မျိုးပွားအင်္ဂါတွေကိုပါ ကြိမ်နှုန်းမြင့် အသံလှိုင်းတွေနဲ့ ကြည့်တာပါ။ ကိုယ်ဝန်တစ်ခုနဲ့တစ်ခု အာထရာစောင်းရိုက်ရတဲ့ အကြိမ်အရေအတွက် မတူညီပါဘူး။
အာထရာစောင်းဟာ ဘာလေးလဲဆိုတာ သိဖို့ထက် ကလေးရဲ့ ပုံမှန်ဖွံ့ဖြိုးမှုတွေ၊ ဖြစ်လာနိုင်တဲ့ပြဿနာတွေကို စောင်ကြည့်နိုင်တဲ့အရာတစ်ခုပါ။ နောက်ပိုင်း နည်းပညာ တိုးတက်လာတာနဲ့အမျှ ရုပ်လုံးကြွ 3D တို့၊ 4D တို့အပြင် ကလေးရဲ့နှလုံးကို အသေးစိတ်ကြည့်နိုင်တဲ့ သနေ္ဓသားနှလုံး echo ပါ ပေါ်လာပါတယ်။
>> ကိုယ်ဝန်ဆောင်ချိန် အာထရာစောင်းရိုက်ရတဲ့ အကြောင်းရင်းတွေ
ကိုယ်ဝန်ဆောင်ချိန်မှာ အာထရာစောင်းကို အကြောင်းအမျိုးမျိုးနဲ့ ရိုက်ရပါတယ်။ အရင်အာထရာစောင်းတွေ၊ သွေးအဖြေတွေမှာ တစ်ခုခု ၀ိတ်မချတာရှိရင် အာထရာစောင်း ထပ်ရိုက်ခိုင်းလေ့ရှိပါတယ်။ ဆေးပညာနဲ့မဆိုင်ဘဲ ကလေးလေးရုပ်ပုံ ကြည့်ချင်လို့၊ ကလေး ဘာလေးလဲသိချင်လို့ ရိုက်တာမျိုးလည်း ရှိတာပေါ့။ ကလေးရော၊ အမေရောအတွက် အာထရာစောင်းဆိုတာ အန္တရာယ်မရှိပေမယ့် ဆရာဝန်တွေကတော့ မလိုအပ်ဘဲ မရိုက်စေချင်ကြပါဘူး။
>> ကိုယ်ဝန် ပထမကာလအတွင်းမှာ -
ကိုယ်ဝန် စတည်ခါစကနေ ၁၂ ပတ်အထိကို ပထမကာလလို့ ခေါ်ပါတယ်။ ဒီအချိန်မှာ -
● ကိုယ်ဝန်ရှိနေတာ သေချာစေဖို့
● ကလေးနှလုံးခုန်သံ ကြားနိုင်ဖို့
● ကလေးရဲ့ သနေ္ဓတည်ချိန်ကို ခန့်မှန်းပြီး မွေးမယ့်ရက်ကို ခန့်မှန်းနိုင်ဖို့
● အမြွာတွေ ဖြစ်နေ၊ မနေ ကြည့်ဖို့
● အချင်း၊ သားအိမ်၊ သားဥအိမ်နဲ့ သားအိမ်ခေါင်းတွေကို ကြည့်ဖို့
● ကလေးမှာ ဖွံ့ဖြိုးမှု ပုံမမှန်တာမျိုး ရှိ၊ မရှိ သိဖို့ အာထရာစောင်း ရိုက်လေ့ရှိပါတယ်။
>> ကိုယ်ဝန်ဒုတိယကာလနဲ့ တတိယကာလအတွင်းမှာ -
၁၂ ပတ်ကနေ ၂၄ ပတ် - ဒုတိယကာလ နဲ့ ၂၄ ပတ်ကနေ အပတ် ၄၀ - တတိယကာလတွေမှာတော့
● ကလေးရဲ့ကြီးထွားမှုနဲ့ ဦးတည်နေပုံ (တင်ပါးဆုံလှည့်၊ ကန့်လန့်လှည့်၊ ခေါင်းလှည့် စသဖြင့်) ကို သိဖို့
● ကလေး ဘာလေးလဲ သိရဖို့
● အမြွှာ ဟုတ်၊ မဟုတ် ပြန်စစ်ဆေးဖို့
● အချင်း ရှေ့ရောက်နေတာ၊ အချင်းကွာကျတာ ရှိ၊ မရှိ သိဖို့
● Down syndrome လို့ခေါ်တဲ့ ဒေါင်းရောဂါစု ရှိ၊ မရှိ သိဖို့ (၁၃ ပတ်နဲ့ ၁၄ ပတ်ကြား လုပ်နိုင်ပါတယ်)
● မွေးရာပါချို့ယွင်းချက်တွေ ရှိ၊ မရှိ သိဖို့
● ပုံပန်းသဏ္ဌာန်ချို့ယွင်းမှုနဲ့ သွေးလှည့်လည်မှုပြဿနာ ရှိ၊ မရှိ သိရဖို့
● ရေမြွာရည်ပမာဏကို သိဖို့
● ကလေးအောင်စီဂျင် လုံလောက်မှု ရှိ၊ မရှိ သိဖို့
● သားဥအိမ်နဲ့သားအိမ်မှာ ပြဿနာ ရှိ၊ မရှိ သိဖို့
● သားအိမ်ခေါင်းအရှည်ကို တိုင်းတာဖို့
● ရေမြွာရည် စစ်ဆေးတာလိုမျိုး စစ်ဆေးမှုတွေ လုပ်ဖို့
● သနေ္ဓသား သေဆုံးမှုကိုကြည့်ဖို့ စသဖြင့် အကြောင်းရင်းတွေကြောင့် ရိုက်ကြပါတယ်။
>> အာထရာစောင်း ရိုက်တော့မယ်ဆိုရင် -
ကလေးလေးနဲ့ မျိုးပွားအင်္ဂါတွေကို သေချာမြင်ရဖို့ ဆိးအိမ် တင်းနေရပါမယ်။ အာထရာစောင်း မရိုက်မီ ၁ နာရီခန့်ကြိုပြီး ရေ ၁၆ အောင်စကနေ ၂၄ အောင်စလောက် ကြိုသောက်ထားဖို့ လိုပါတယ်။
>> အာထရာစောင်း ရိုက်တဲ့အခါ -
အာထရာစောင်းရိုက်ဖို့အတွက် စမ်းသပ်ခုတင်ပေါ် တက်လှဲပြီးတော့ ဗိုက်နဲ့ ဆီးခုံနားတစ်ဝိုက်ကို အထူးဂျယ်လ်တစ်မျိုးနဲ့ သုတ်ပါလိမ့်မယ်။ ရေကို အခြေပြုထုတ်လုပ်ထားတဲ့ ဂျယ်လ်ဖြစ်တာမို့ အကျႌတွေ၊ အသားတွေမှာ အရောင်စွန်းမှာတော့ စိုးရိမ်စရာ မလိုပါဘူးနော်။ အသံလှိုင်းတွေ ကောင်းကောင်း ကူးလူးနိုင်အောင် သုတ်ရခြင်းပါ။
နောက်ပြီးတော့ အာထရာစောင်း တုတ်တံလေးနဲ့ ဗိုက်ကိုထောက်ပြီး အာထရာစောင်း ကွန်ပျူတာမျက်နှာပြင်မှာ အဖြူအမည်း ရုပ်ပုံလွှာတွေကို ဖမး်ယူပါတယ်။ မျက်နှာပြင်မှာ မြင်ရတဲ့ပုံတွေကို တိုင်းတာပါလိမ့်မယ်။ လိုအပ်ရင် အသက်ရှူ ခဏအောင့်ခိုင်းပါလိမ့်မယ်။
လိုအပ်တဲ့ပုံတွေကို ဖမ်းယူပြီး၊ ကြည်လင်ပြတ်သားတဲ့ပုံတွေကို ရပြီဆိုရင် ဂျယ်လ်တွေကို သုတ်ပြီးတော့ ဆီးသွားလို့ရပါပြီ။
>> ကိုယ်ဝန်ဆောင် အာထရာစောင်း အမျိုးအစားတွေကတော့ -
ပိုပြီးတိကျပြတ်သားတဲ့ပုံတွေကို ရဖို့အတွက် ပိုပြီးအဆင့်မြင့်တဲ့ အာထရာစောင်းနည်းလမ်းတွေကို သုံးလာကြပါတယ်။ ရိုးရိုးအာထရာစောင်းမှာ ပြဿနာတစ်စုံတစ်ရာရှိနေရင် ရောဂါရှာဖွေဖို့ ဒီနည်းလမ်းတွေက ကူညီပေးနိုင်ပါတယ်။
● မိန်းမကိုယ်တွင်းကြည့် အာထရာစောင်း
မိန်းမကိုယ်တွင်းကနေကြည့်တဲ့ အာထရာစောင်းဟာ ပိုပြီးကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေကို ထုတ်ပြနိုင်ပါတယ်။ ကိုယ်ဝန်အစောပိုင်းကာလမှာ ကြည်လင်တဲ့ပုံရိပ်တွေမြင်ရဖို့ သုံးလေ့ရှိပါတယ်။ အာထရာစောင်းတုတ်တံလေးကို မ်န်းမကိုယ်ထဲထည့်ပြီး ရိုက်တာပါ။
● ၃ ဖက် ရုပ်လုံးကြွ 3D အာထရာစောင်း
ရိုးရိုး ၂ ဖက်ကြွ 2D အာထရာစောင်းထက်စာရင် ၃ ဖက် ရုပ်လုံးကြွ အာထရာစောင်းက ကလေးနဲ့ မျိုးဆက်ပွားအင်္ဂါတွေရဲ့ အကျယ်၊ အမြင့်၊ အနက်ကို အတိအကျ သိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် တစ်ခုခုပြဿနာ ရှိ၊ မရှိသိချင်ရင် အကောင်းဆုံး အာထရာစောင်းတစ်မျိုးပါ။
ရိုးရိုးအာထရာစောင်း ရိုက်တာနဲ့ အတူတူပါပဲ။ သူ့မှာတော့ အထူးပြုလုပ်ထားတဲ့ အာထရာစောင်းတုတ်တံနဲ့ နည်းပညာကို သုံးထားတာပေါ့။ ဆရာဝန်မှာလည်း အထူးနည်းပညာကို လေ့လာသင်ယူထားဖို့ လိုပါတယ်။
● ၄ ဖက် ရုပ်လုံးကြွ 4D အာထရာစောင်း
4D အာထရာစောင်းကို လှုပ်ရှားနေတဲ့ 3D အာထရာစောင်းလို့လည်း ပြောနိုင်ပါသေးတယ်။ တခြားအာထရာစောင်းတွေနဲ့ မတူတဲ့အချက်က ကလေးလေးရဲ့ လှုပ်ရှားမှုဗီဒီယိုကို ဖန်တီးပေးနိုင်တာပါ။ ကလေးရဲ့မျက်နှာလေးနဲ့ လှုပ်ရှားမှုတွေကို အသေအချာ မြင်တွေ့ရနိုင်ပါတယ်။ အလင်းအမှောင်တွေကိုလည်း သေချာဖမ်းယူနိုင်ပါတယ်။ သူလည်း တခြားအာထစောင်းတွေနဲ့ အတူတူပါပဲ။ အထူးနည်းပညာပဲ တိုးသွားတာပါ။
● ကလေးနှလုံး Echo
ကလေးမှာ မွေးရာပါ နှလုံးရောဂါ ရှိနေတယ်လို့ထင်ရင် ကလေးနှလုံး Echo ရိုက်နိုင်ပါတယ်။ ရိုးရိုးအာထရာစောင်းလိုပါပဲ။ အချိန်တော့ ပိုပေးရပါတယ်။ ကလေးရဲ့ နှလုံးအရွယ်အစား၊ ပုံသဏ္ဌာန်နဲ့ တည်ဆောက်ပုံတွေကို သေချာသိနိုင်ပါတယ်။
ကလေးနှလုံး အလုပ်လုပ်ပုံကိုလည်း သေချာသိနိုင်ပါတယ်။ ဒါကြောင့်လည်း ကလေးနှလုံးပြဿနာတွေကို ရှာဖွေနိုင်တာပေါ့။
Dr. Mya Phoo Ngon (www.drmyanmar.com)




























