/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်-ငှက်ပျောသီး-စားလို့ရသလား

ကိုယ်ဝန်ဆောင်ချိန် ငှက်ပျောသီး စားလို့ရသလား

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့အချိန်ပါ။ ဗိုက်ထဲက သားသားမီးမီးလေးတို့ ကျန်းမာစေဖို့၊ ကောင်းကောင်းကြီးထွားစေဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာအာဟာရကို စားသုံးပေးသင့်ပါတယ်။ အထူးသဖြင့် အမျှင်ဓာတ်တွေ၊ ဗီတာမင်နဲ့သတ္တုဓာတ်တွေပြည့်ဝတဲ့ အသီးအရွက်တွေကို များများစားပေးသင့်ပါတယ်။ ဒီထဲမှာ ငှက်ပျောသီးလည်း ပါတာပေါ့။
ငှက်ပျောသီးမှာ သန္ဓေသားကလေးအတွက် ကောင်းတဲ့ ကစီဓာတ်၊ အမျှင်ဓာတ်၊ အိုမီဂါအဆီဓာတ်၊ ဗီတာမင်စီ၊ ဗီတာမင်ဘီဓာတ်ပေါင်းတွေအပြင် မဂ္ဂနိစ်၊ မဂ္ဂနီဆီယမ်၊ ကော့ပါး၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ ဆီလီနီယမ်စတဲ့ သတ္တုဓာတ်တွေပါ ပြည့်ဝစွာပါဝင်ပါတယ်။

>> ကိုယ်ဝန်ဆောင်ချိန် ငှက်ပျောသီးစားတာ ဘာတွေကောင်းလဲ?
၁။ ပျို့ချင်၊ အန်ချင်စိတ်ကို သက်သာစေပါတယ်။
ငှက်ပျောသီးမှာပါတဲ့ ဗီတာမင်ဘီစစ်က ပျို့အန်ချင်စိတ်ကို သက်သာစေတာမို့ ကိုယ်ဝန်ဆောင် ပထမကာလမှာ စားပေးသင့်ပါတယ်နော်။

၂။ ဖောရောင်တာကို ကျစေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင် ဒုတိယနဲ့တတိယကာလတွေမှာ ခြေချင်းဝတ်၊ လက်ကောက်ဝတ်နဲ့ အဆစ်အမြစ်တွေမှာ ရေစုပြီး ဖောရောင်လာတတ်ပါတယ်။ ဒီလိုဖြစ်လာရင် ဆားလျှော့စားပေးပြီး ငှက်ပျောသီး စားပေးနိုင်ပါတယ်။

၃။ စွမ်းအင် အမြန်တိုးစေပါတယ်။
ငှက်ပျောသီးမှာ ရိုးရိုးသကြားဓာတ်တွေ အများကြီးပါတာမို့ ပင်ပန်းနွမ်းနယ်နေတာတွေကို တစ်မဟုတ်ချင်း သက်သာစွမ်းအင်တိုးစေနိုင်ပါတယ်။

၄။ ကလေးမှာ မွေးရာပါချို့ယွင်းချက်တွေ နည်းစေနိုင်ပါတယ်။
ငှက်ပျောသီးမှာ ကလေးရဲ့ ဦးနှောက်နဲ့အာရုံကြောမကြီး ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ဖောလစ်အက်ဆစ်ပါဝင်တဲ့အတွက် ကလေးမှာ မွေးရာပါချို့ယွင်းချက်နည်းစေပါတယ်။

၅။ ကလေးရဲ့ ဦးနှောက်နဲ့အာရုံကြောကို ဖွံ့ဖြိုးစေပါတယ်။
ငှက်ပျောသီးမှာ ဗီတာမင် B6 ကြွယ်ဝတာမို့ ကိုယ်ဝန်ဆောင်ပထမကာလမှာ စားပေးမယ်ဆိုရင် ကလေးရဲ့ ဦးနှောက်နဲ့အာရုံကြောအတွက် ကောင်းပါတယ်။

၆။ ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။
ငှက်ပျောသီး ခပ်လတ်လတ်တစ်လုံးမှာ အမျှင်ဓာတ် ၆ ဂရမ်ပါဝင်တာမို့ ဝမ်းကောင်းစေပြီး ကိုယ်ဝန်ဆောင်ဘဝမှာ ဖြစ်လေ့ရှိတဲ့ ဝမ်းချုပ်တာ၊ လေပွတာတွေကို သက်သာစေနိုင်ပါတယ်။

၇။ သွေးပေါင်ထိန်းပေးပါတယ်။
ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ကြွယ်ဝတာမို့ သွေးပေါင်ကို ထိန်းညှိပေးပါတယ်။

၈။ အစာအိမ်အချဉ်ပေါက်၊ ရင်ပူတာကို သက်သာစေနိုင်ပါတယ်။
အစာအိမ်အချဉ်ဓာတ်ရန်ကနေ အစာပြွန်နဲ့ အစာအိမ်နံရံတွေကို ကာကွယ်ပေးတာမို့ ကိုယ်ဝန်ဆောင်ချိန် ဖြစ်လေ့ရှိတဲ့ ဒီပြဿနာတွေကို ကာကွယ်ပြီးသား ဖြစ်ပါတယ်။

၉။ အရိုးကြီးထွားမှုအတွက်လည်း အရေးပါပါတယ်။
ငှက်ပျောသီးမှာ ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝတာမို့ ကလေးရောအမေမှာပါ အရိုးကြီးထွားမှုအတွက် အထောက်အကူဖြစ်ပါတယ်။

၁၀။ အသားအရေကို လှပစေနိုင်ပါတယ်။
ဗီတာမင်စီပါဝင်တာမို့ သံဓာတ်စုပ်ယူမှုကိုပါ အားကောင်းစေပါတယ်။ ဒါကြောင့် အရိုးသန်မာစေခြင်း၊ တစ်သျှူးတွေကို ပြုပြင်ပေးပြီး အသားအရေကိုလှပစေခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

>> ကိုယ်ဝန်ဆောင်ချိန် ငှက်ပျောသီးစားခြင်းကြောင့် ဘာဆိုးကျိုးတွေရှိနိုင်ပါသလဲ?
ငှက်ပျောသီးမှာ ကောင်းတဲ့ဓာတ်တွေ အများကြီးပါတဲ့အတွက် ကျန်းမာရေးအတွက်ကောင်းပြီး ဆိုးကျိုးမရှိပေမယ့် အချိုဓာတ်ကဲတဲ့အစားအသောက်ဖြစ်တဲ့အတွက် သွားကျန်းမာရေးကို သတိမထားရင် သွားပိုးစားတာမျိုး ဖြစ်စေတတ်ပါတယ်။
ဒီလိုအချိုဓာတ်လွန်ကဲတာမို့လည်း ကိုယ်ဝန်ဆောင်ဆီးချိုရှိတဲ့ အမျိုးသမီးတွေမှာ မစားခင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။
ငှက်ပျောသီးမှာပါတဲ့ chitinase ဆိုတဲ့ အင်ဇိုင်းတစ်မျိုးက ဓာတ်မတည့်ခြင်းကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ဓာတ်မတည့်တတ်တဲ့အမျိုးသမီးတွေမှာ ရှောင်ကြဉ်သင့်ပါတယ်။

>> ငှက်ပျောသီးကို ဘယ်လိုစားရမလဲ?
၁။ ငှက်ပျောသီး smoothie
အရသာလည်းရှိ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ငှက်ပျောသီး smoothie ရဖို့အတွက် ငှက်ပျောသီးအမှည့်ရယ်၊ စတော်ဘယ်ရီလေးနည်းနည်းရယ်နဲ့ အဆီလျှော့နို့ရယ်ကို ရောမွှေပြီး smoothie ဒါမှမဟုတ် မစ်ရှိတ်လုပ်သောက်နိုင်ပါတယ်။

၂။ ငှက်ပျောသီးကွေကာအုတ် လုပ်စားပါ။
ငှက်ပျောသီးရယ်၊ ကွေကာအုတ်ကိုရောမွေပြီး ဒိန်ချဉ်လေး ထည့်စားပေးနိုင်ပါတယ်။

၃။ ငှက်ပျောခြောက်ကြော်
တစ်ခုခု ကျွတ်ကျွတ်ဝါးချင်စိတ်ဖြစ်နေရင် ငှက်ပျောခြောက်ကို ဆားပေါ့ပေါ့ အချိုပေါ့ပေါ့ ဆီသန့်သန့်လေးနဲ့ ကြော်စားပေးပေါ့။
ဘာမှမလုပ်ချင်ရင်လည်းအသီးအတိုင်း ဒီတိုင်း အလုံးလိုက်စားလိုက်လည်း အရသာရှိပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)