/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ဖို့-ကြိုးစားနေကြတဲ့-မိခင်လောင်းတို့အတွက်

ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေကြတဲ့ မိခင်လောင်းတို့အတွက် နည်းလမ်းကောင်း

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          သားသမီးဆိုတာ ရတနာပါတဲ့။ ကလေး လိုချင်လွန်းလို့ ဘုရား သွားဆုတောင်းရတာကလည်း အခါခါပဲဆိုတဲ့ အမျိုးသမီးတွေအတွက် ကလေးရနိုင်ခြေ ပိုများစေနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးမယ်နော်။

          ကလေးရဖို့အတွက် အရင်ဆုံး မေမေတို့ ကိုယ့်ခန္ဓာကိုယ်ကို သေချာဂရုစိုက်ဖို့ လိုပါတယ်။

          ကလေးရနိုင်ဖို့ အရေးအကြီးဆုံး အချက်တစ်ချက်ကတော့ ကိုယ့်ဓမ္မတာစက်ဝန်းကို ကိုယ်သိဖို့ပါ။

          ဓမ္မတာ ဘယ်နှစ်ရက်ခြားတစ်ခါ လာတယ်ဆိုတာကိုသိမှ ကိုယ်ဝန်ရဖို့ ဘယ်အချိန်မှာ အမျိုးသားနဲ့ အတူနေသင့်တယ်ဆိုတာကို သိနိုင်မှာပေါ့။

          ကိုယ်ဝန်ရဖို့ အရေးကြီးတဲ့အချက် (၁၀) ချက်ကို ဝေမျှပေးပါ့မယ်။

၁။     ဓမ္မတာစက်ဝနး်ကို သေချာမှတ်သားထားပါ။

          ကလေး လိုချင်တဲ့ အမျိုးသမီးတိုင်းဟာ ဘယ်ရက်မှာ ရာသီစလာတယ်ဆိုတာကို လစဉ်လတိုင်း မှတ်သားထားဖို့ လိုပါတယ်။ တစ်လနဲ့တစ်လ ရာသီစလာတဲ့ရက်ကြား ရက်အပိုင်းအခြားတူတယ်ဆိုရင် ရာသီမှန်တယ်ဆိုနိုင်ပြီး မတူရင်တော့ ရာသီမမှန်ဘူး ဆိုနိုင်ပါတယ်။ ဒီလို ရာသီရက်အပိုင်းအခြားကိုသိမှ ဘယ်ရက်မှာ သားဥကြွေနိုင်သလဲ ခန့်မှန်းနိုင်မှာပေါ့။

          အမျိုးသမီးတစ်ယောက်ရဲ့ သားဥဟာ သားဥအိမ်ကနေ ထွက်လာပြီး ၁၂ နာရီကနေ ၂၄ နာရီအတွင်းသာ ရှင်သန်နေထိုင်နိုင်ပြီး အမျိုးသားတစ်ယောက်ရဲ့ သုတ်ပိုးလေးကတော့ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲ ၅ ရက်အထိ နေနိုင်တယ်ဆိုတာလည်း သိထားသင့်ပါတယ်။

 

၂။     သားဥကြွေတဲ့ရက်ကို စောင့်ကြည့်ပါ။

          ရာသီရက် မှန်သူတွေဆိုရင် ရာသီမလာမီ ၂ ပတ်အလိုမှာ သားဥကြွေလေ့ရှိပါတယ်။ ရာသီမမှန်သူတွေမှာတော့ ခန့်မှန်းရ နည်းနည်းပိုခက်ပေမယ့် ရာသီမလာမီ ၁၂ ရက်နဲ့ ၁၆ ရက်ကြားမှာ ကြွေတတ်ပါတယ်။

          သနေ္ဓအောင်နိုင်ခြေ အများဆုံးရက်ကို မှန်းနိုင်မယ့်နည်းတွေ အများကြီးရှိပါတယ်။

          နောက်တစ်နည်းကတော့ သားအိမ်ခေါင်းချွဲပမာဏကို စစ်ဆေးကြည့်ဖို့ပါ။ သားဥမကြွေမီမှာ သားအိမ်ခေါင်းချွဲပမာဏ များလာတာကြောင့် ပိုကြဲ၊ ပိုကြည်ပြီး ပိုချွဲလာတတ်ပါတယ်။ ဒီလိုပိုချွဲလာတာကြောင့်လည်း အမျိုးသားရဲ့သုတ်ပိုးလေးက သားဥဆီကို သွားတဲ့လမ်းကြောင်း ပိုမိုချောမွေ့လာတာပေါ့။ မျိုးအောင်မှုကို စစ်ဆေးတဲ့လေ့လာမှုတစ်ခုမှာ ဒီလိုသားအိမ်ခေါင်းချွဲပမာဏကို မှန်မှန်သတိထားတဲ့ အမျိုးသမီးတွေမှာ ၆ လအတွင်း ကိုယ်ဝန်ရနိုင်ခြေ ၂.၃ ဆ ပိုများတယ်လို့ ဆိုပါတယ်။

 

၃။     မျိုးအောင်နိုင်ခြေများချိန် အတောအတွင်းမှာ အမျိုးသားနဲ့ တစ်ရက်ခြားလောက် ပုံမှန်အတူနေပေးသင့်ပါတယ်။

          မျိုးအောင်နိုင်ခြေများချိန်ဆိုတာ သားဥမကြွေမီ ၅ ရက်နဲ့ သားဥကြွေတဲ့ရက်ကို ဆိုလိုပါတယ်။

          အရင်ခေတ်က အယူအဆ အစွဲဟောင်းတွေကလည်း အများသားပါနော်။ ဥပမာ - အတူနေချိန် အနေအထားက ကလေးရနိုင်ခြေကို သက်ရောက်မှုမရှိသလို အတူနေပြီးချိန် ပက်လက် ခဏနေပေးခြင်းကလည်း ကလေးရနိုင်ခြေ ပိုမများစေနိုင်ပါဘူး။

          ဒါပေမဲ့ တချို့ရေပါတဲ့ ချောဆီတချို့ကတော့ သုတ်ပိုးရဲ့လှုပ်ရှားမှုကို လျော့နည်းစေနိုင်တာကြောင့် သတိထားဖို့ လိုပါတယ်နော်။

 

၄။     ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

          အဝလွန်နေရင်လည်း ကလေးရနိုင်ခြေနည်းသလို ပိန်လွန်းတာကလည်း ကလေးရဖို့ အဟန့်အတားတစ်ခုပါ။

          အဝလွန်နေသူတစ်ယောက်ဟာ ပုံမှန်ကိုယ်အလေးချိန်ရှိသူတစ်ဦးထက် ကိုယ်ဝန်ရဖို့ အခွင့်အလမ်း ၂ ဆ နည်းသလို ပိန်လွန်းနေသူတစ်ယောက်ဟာလည်း ကိုယ်ဝန်ရဖို့ ၄ ဆ ပိုနည်းပါတယ်နော်။

          အဆီတွေများတဲ့အခါ အီစထရိုဂျင် အထွက်များပြီး သားဥကြွေခြင်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် ၅-၁၀% လောက် လျှော့ချပေးခြင်းဖြင့် ကလေးရနိုင်ခြေကို ပိုများစေနိုင်ပါတယ်။

          ပိန်လွန်းသူတွေဟာလည်း ရာသီ ပုံမှန်မလာတာ၊ သားဥလုံး လုံးမကြွေတော့တာမျိုးတွေကြောင့် ကလေးရဖို့ ခက်ခဲတတ်ပါတယ်။

 

၅။     ကိုယ်ဝန်မဆောင်မီ ဗီတာမင်သောက်ပါ။

          ကလေး လိုချင်သူတွေဟာ ကိုယ်ဝန််မဆောင်မီကတည်းက ဗီတာမင်အားဆေးတွေ သောက်ပေးဖို့ လိုပါတယ်။

          အထူးသဖြင့် ကလေးဦးနှောက်နဲ့ ကျောရိုးဆစ် မွေးရာပါချို့ယွင်းမှုတွေကို ကာကွယ်ဖို့ လိုအပ်တဲ့ ဖာလစ်အက်ဆစ် ၄၀၀ မိုင်ခရိုဂရမ်နဲ့ ဗီတာမင်ဘီဓာတ်တွေပေါ့။

          အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ရှိနေမှန်း မသိနိုင်သေးတဲ့ သနေ္ဓအောင်ပြီး ၃ ပတ်ကနေ ၄ ပတ်အတွင်း ဦးနှောက်နဲ့ အာရုံကြောမ စတင်ဖွံ့ဖြိုးတဲ့အတွက် ဖောလစ်အက်ဆစ်ကို ကလေးရကြောင်း မသိခင် ၁ လလောက်ကတည်းက ကြိုသောက်ပေးထားဖို့ လိုပါတယ်။

 

၆။     ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသာက်ပါ။

          ကိုယ်ဝန်ရဖို့ ဘယ်အစားအစာတွေ စားပေးရမယ်ဆိုတာမျိုး မရှိပေမယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားပေးခြင်းဖြင့် ကယ်လ်ဆီယမ်၊ ပရိုတင်း၊ သံဓာတ်စတဲ့ အရေးပါတဲ့ အာဟာရဓာတ်တွေကို သိုလှောင်ထားနိုင်မှာပါ။ အသီးအရွက်အမျိုးမျိုး၊ အဆီမပါတဲ့အသားသက်သက်၊ အရောင်မချွတ်ထားတဲ့ ဆန်ကြမ်း၊ နို့နဲ့နို့ထွက်ပစ္စည်းတွေ များများစားပေးပါ။ ဖောလစ်အက်ဆစ်ပါတဲ့ အားဆေးတွေ သောက်ပေးတဲ့အပြင် ဗီတာမင်ဘီကြွယ်ဝတဲ့ အစိမ်းရင့်ရောင်အသီးအရွက်တွေ၊ ပန်းဂေါ်ဖီစိမ်း၊ အာဟာရဖြည့်စွက်ထားတဲ့ ပေါင်မုန့်တွေ၊ ပဲအမျိုးမျိုး၊ အချဉ်သီးတွေနဲ့ လိမေ္မာ်ရည် လတ်လတ်ဆတ်ဆတ်တွေ သောက်ပေးသင့်ပါတယ်။

          ဒါ့အပြင် ရှောင်ကြဉ်ရမှာတွေလည်း ရှိသေးတယ်။ နှုတ်သီးရှည်ငါး၊ ငါးမန်း၊ မက်ကရယ်ငါးသေတ္တာ၊ စတဲ့မာကျူရီများတဲ့ ငါးအမျိုးအစားတွေကို ရှောင်ရပါမယ်။ တူနာငါးအဖြူကို တစ်ပတ် ၆ အောင်စလောက်သာ စားပေးပါ။

          ကဖိန်းကိုလည်း လျှော့သောက်ပါ။ တစ်ရက်ကို ကဖိန်း ၅၀၀ မီလီဂရမ်ထက် ပိုသောက်ခဲ့ရင် အမျိုးသမီးတွေမှာ မျိုးပွားနိုင်စွမ်း လျော့နည်းတယ်လို့ ဆိုပါတယ်။ တစ်နေ့ကို ကော်ဖီ တစ်ခွက်၊ နှစ်ခွက် ဒါမှမဟုတ် ကဖိန်းဓာတ် ၂၅၀ မီလီဂရမ်လောက်တော့ သောက်လို့ရပါတယ်။

 

၇။     ပြင်းပြင်းထန်ထန် လှုပ်လှုပ်ရှားရှား မလုပ်ပါနဲ့။

          တစ်နေ့လုံး လှုပ်လှုပ်ရှားရှားနေခြင်းက အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ကြံ့ခိုင်စေပေမယ့် လေ့ကျင့်ခန်းတွေ အပြင်းအထန် ပြုလုပ်မယ်ဆိုရင်တော့ သားဥထုတ်လုပ်ရာမှာ အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

          လေ့ကျင့်ခန်း အပြင်းအထန် ပြုလုပ်သူတွေမှာ ရာသီမမှန်တာမျိုးကို တွေ့ရတတ်ပြီးတော့ ကိုယ်ဝန်ဆောင်ချင်ရင် နည်းနည်းလျော့လုပ်ဖို့ လိုပါတယ်။

 

၈။     အသက်ကြီးလာတာနဲ့အမျှ ကလေးရနိုင်ခြေ လျော့နည်းလာတာကို သတိပြုပါ။

          အသက်ကြီးလာတာနဲ့အမျှ သားဥအိမ်လည်း တဖြည်းဖြည်း ယိုယွင်းလာပြီး သားဥတွေရဲ့ ပမာဏနဲ့ စွမ်းဆောင်အားတွေ ကျဆင်းလာပါတယ်။ ဒါ့အပြင် အသက်ကြီးလာတဲ့အခါ သားအိမ်အသားလုံးတွေ၊ သားအိမ်အတွင်းသား နေရာလွဲမှားရောဂါတွေ၊ သားဥပြွန်ပိတ်တာတွေ ပိုဖြစ်လာနိုင်တာကြောင့်လည်း ပါပါတယ်။

          အသက် ၃၀ အရွယ်ကစပြီး ကလေး ရနိုင်စွမ်း တဖြည်းဖြည်း လျော့နည်းလာပြီး ၃၇ နှစ်နဲ့ ၄၀ နောက်ပိုင်းမှာတော့ တောက်လျှောက်ကို ထိုးကျသွားပါတော့တယ်။

 

၉။     ဆေးလိပ်၊ အရက် ဖြတ်ပါ။

          ဆေးလိပ်ငွေ့မှာပါတဲ့ နီကိုတင်းနဲ့ အောက်ဗွန်မိုနောက်ဆိုဒ်ဓာတ်တွေဟာ အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ ကလေးရနိုင်ခြေကို လျော့ပါးစေနိုင်ပါတယ်။

          ဆေးလိပ်က အမျိုးသမီးတွေရဲ့ သားဥအိမ်ကိုပါ အိုမင်းစေပြီး အရွယ်မတိုင်ခင်ဘဲ သားဥထုတ်လုပ်မှုကို နည်းပါးစေနိုင်ပါတယ်။

          တစ်ဆင့်ခံဆေးလိပ်ငွေ့ ရှူရှိုက်ရတာကိုလည်း လျော့နည်းပါစေ။

          ကလေးယူဖို့ ကိုယ်ဝန်တားဆေးတွေ ရပ်လိုက်ပြီဆိုတာနဲ့ အရက်ကိုပါဖြတ်ဖို့ အရေးကြီးပါတယ်။

          သာမန်ပမာဏ (တစ်ရက်ကို ၁ ခွက်၊ ၂ ခွက်) ဖြစ်ဖြစ်၊ လွန်ကျူးပမာဏ (တစ်ရက်ကို ၂ ခွက်ထက်ပို) ဖြစ်ဖြစ် အရက်သောက်သူတွေဟာ ကလေးရနိုင်ခြေ ပိုနည်းပါတယ်။

          ကိုယ်ဝန်ရှိသွားပြီဆိုရင်တော့ အရက်ကို လုံးဝရှောင်ရပါတော့မယ်။

 

၁၀။    ဘယ်အချိန် ဆရာဝန်နဲ့ တိုင်ပင်ရမလဲဆိုတာ သိထားသင့်ပါတယ်။

          အမျိုးသမီးသည် အသက် ၃၅ နှစ်ကျော်နေပြီဖြစ်စေ၊ တားဆေးမသုံးဘဲ ပုံမှနိအမျိုးသားနဲ့ ၆ လတိတိ နေပြီးချိန်မှာတောင် ကလေးမရနိုင်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

          အသက် ၃၅ နှစ်အောက်ဖြစ်ပေငြား ၁ နှစ်တိတိ ပုံမှန်အတူနေတာတောင် ကလေးမရနိုင်ရင်လည်း ဆွေးနွေးတိုင်ပင်ကြည့်တာ အကောင်းဆုံးပါ။

Dr. Emerald (www.drmyanmar.com)