ကိုယ်ဝန်ဆောင်မိခင်တွေ ရေဘယ်လောက်သောက်သင့်သလဲ?
ကိုယ်ဝန်ဆောင်ပဲဖြစ်ဖြစ် ဘယ်သူမဆို ကျန်းမာနေစေဖို့အတွက် ရေကို လိုအပ်ပါတယ်။ ကျွနု်ပ်တို့ရဲ့ခန္ဓာကိုယ်နဲ့ မရှိမဖြစ် အရေးကြီးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပုံမှန်အလုပ်လုပ်နိုင်ဖို့အတွက် ရေအလုံအလောက် ရရှိရပါမယ်။ ရေက ဗီတာမင်တွေကို ဆဲလ်တွေဆီကို ရောက်ရှိစေဖို့၊ အစာချေခြင်းတွေကို ကူညီပေးပြီး အညစ်အကြေးတွေကို ခန္ဓာကိုယ်ကနေ ထွက်သွားစေရုံသာမက ခန္ဓာကိုယ်အပူချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ ကျွနု်ပ်တို့ ကိုယ်အလေးချိန်ရဲ့ 55-65% က ရေကနေ လာပါတယ်။ ဒါကြောင့် ရေကို လုံလောက်စွာ သောက်သုံးဖို့ အလွန်ကို အရေးကြီးပါတယ်။
>> ကိုယ်ဝန်ဆောင်ချိန်မှာ ရေပိုသောက်ဖို့ လိုပါသလား?
လိုပါတယ်။ ကိုယ်ဝန်ဆောင် တစ်လျှောက်လုံးမှာ ပြောင်းလဲကြီးထွားနေတဲ့ ကလေးရဲ့လိုအပ်ချက် ပြည့်မီဖို့အတွက် မိခင်က ရေပိုသောက်ဖို့ လိုပါတယ်။ သွေးဆဲလ်တွေ ကျန်းမာစေဖို့အတွက် ရေကို အထူးလိုအပ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာ ပိုပြီးအဓိကကျပါတယ်။
>> ကိုယ်ဝန်ဆောင်ချိန်တွင် ရေသောက်ခြင်း၏ အကျိုးကျေးဇူးများ
1. ရေဓာတ် ခန်းခြောက်ခြင်းကို ကာကွယ်ပေးသည်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ်ပြည့်ဝနေဖို့ အလွန် အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ်ခန်းခြောက်ခြင်းက မွေးချိန်မတိုင်ခင် သားအိမ်ညှစ်ခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်း၊ ဖောရောင်ခြင်းစတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ပိုဖြစ်စေနိုင်ပါတယ်။
2. အဖြစ်များတဲ့ ကိုယ်ဝန်ဆောင်ပြဿနာတွေကို သက်သာစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်တွင် ရေလုံလောက်စွာ သောက်သုံးခြင်းက ခေါငး်ကိုက်ခြင်း၊ မောပန်းခြင်း၊ ပျို့အန်ခြင်းစတဲ့ ကိုယ်ဝန်ဆောင်ပြဿနာတွေကို လွယ်ကူစွာ ကျော်လွှားနိုင်စေပါတယ်။
3. သနေ္ဓသားဆီကို အာဟာရဓာတ်တွေ ပို့ဆောင်ဖို့အတွက် အထောက်အကူပြုပါတယ်။ ရေက မိခင်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ အသက်ရှင်ဖို့အတွက် အရေးကြီးတဲ့ အာဟာရဓာတ်တွေကို ဆဲလ်တွေထဲကို ပို့ဆောင်ပေးသလို ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဟော်မုန်းတွေကိုလည်း ကလေးရဲ့သွေးဆဲလ်ထဲကို ပို့ဆောင်ရာမှာ အထောက်အကူပေးပါတယ်။
4. ဆီးလမ်းကြောင်း ပိုးဝင်ခြင်းမှ ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရဲ့ခန္ဓာကိုယ်ထဲကနေ စွန့်ထုတ်ဖို့အတွက် အညစ်အကြေးတွေ ပိုထွက်ပါတယ်။ ရေက ဒီအညစ်အကြေးတွေကို ဖြိုခွဲပြီး စွန့်ထုတ်ရာမှာ ကူညီပေးတဲ့အတွက် ကျောက်ကပ်၊ ဆီးလမ်းကြောင်းတွေကို ကျန်းမာစေပြီး ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။
5. ဝမ်းချုပ်ခြင်းနဲ့ လိပ်ခေါင်းရောဂါကို ကာကွယ်ပေးပါတယ်။ ရေများများသောက်ခြင်းက အစာချေခြင်းနဲ့ အူလမ်းကြောင်း လှုပ်ရှားမှုတွေကို ကူညီပေးတဲ့အတွက် အစာဟောင်းတွေကို မြန်မြန်ရွေ့လျားစေခြင်းဖြင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ ဝမ်းချုပ်ခြင်းက ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များတဲ့ စိတ်ပျက်စရာပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ ဝမ်းချုပ်တဲ့အချိန်မှာ စအိုမှာ သက်ရောက်တဲ့ဖိအားက လိပ်ခေါင်းထွက်စေတဲ့အတွက် ရေများများသောက်ခြင်းဖြင့် ဝမ်းချုပ်ခြင်းနဲ့ လိပ်ခေါင်းတွေကို ကာကွယ်နိုင်ပါတယ်။
>> ကိုယ်ဝန်ဆောင်ချိန်မှာ ရေရဲ့အရသာကို မနှစ်သက်ဘူးဆိုရင် ဘာလုပ်မလဲ?
အမျိုးသမီးအချို့က ကိုယ်ဝန်ဆောင်ချိန်မှာ ရေရဲ့အရသာ (အရသာမရှိတာ) ကို မကြိုက်နိုင်ဘဲ ဖြစ်တတ်ကြပါတယ။ ဒီပျို့အန်ချင်စရာ ခံစားချက်ကို ကျော်လွှားနိုင်ဖို့ အချက်အချို့ကတော့ -
● ဘူးတစ်ခုထဲမှာ ရေသန့်ထည့်ပြီး သံပုရာသီးတစ်စိတ် (သို့) ပူရှိန်းရွက် (သို့) အနံ့ရှိတဲ့ အရာတစ်ခုကို ထည့်ပြီး အချိန်အနည်းငယ်ကြာအောင ်ထားပါ။ ပြီးမှာ ဒီအရသာရှိတဲ့ရေကို သောက်သုံးပါ။
● ရေထဲမှာ coriander seeds, fennel seeds, ကြိတ်ထားသော ချင်းစတာတွေ ထည့်ပြီးတော့လည်း ကျိုချက် သောက်သုံးနိုင်ပါတယ်။
● အုန်းရေ၊ စတာတွေကို သောက်သုံးခြင်းကလညး် ရေဓာတ်ခန်းခြောက်ခြင်းမှ ကင်းဝေးစေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အန္တရာယ်ကင်းတဲ့ရေကို သောက်သုံးဖို့လည်း လိုပါတယ်။
● သေချာစစ်ထားသော၊ ကျိုချက်ထားသောရေ (သို့) သေချာပိတ်ထားသောရေဘူးမှ ရေများကို သောက်သုံးပါ။
● အပြင်ထွက်ရင်လည်း စိတ်ချရစေဖို့ ကိုယ့်ရေဘူးကို ကိုယ်ထည့်ယူသွားပါ။
● ရေသန့်ဘူး ဝယ်သောက်ရင်လည်း ရေသန့်ဘူးက ပျက်စီးမှု မရှိစေဖို့၊ ကောင်းကောင်း ပိတ်ထား၊ မထား သေချာစစ်ပါ။
● အပြင်မှာ ညစာစားရင်လည်း ရေသန့်ဘူးတောင်းပြီး ကိုယ့်စားပွဲရောက်မှ ကိုယ်အဖုံး ဖွင့်ပါ။
● ရေခဲရေ သောက်ချင်တယ်ဆိုရင် ရေထဲကို ရေခဲတုံးထည့်ပြီး သောက်မယ့်အစား ရေသန့်ဘူးကို အအေးခံပြီးသောက်ပါ။ ရေခဲတုံးတွေက မသန့်စင်ထားတဲ့ရေတွေနဲ့ လုပ်ထားနိုင်တဲ့အတွက် ပိုးတွေ ပါနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
(Unicode)
Dr. Mya Myo Myo Swe (www.drmyanmar.com)













