ကိုယ်ဝန်ဆောင်မိခင်များနှင့် ဝမ်းချုပ်ခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်ခြင်းက အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပြီး ကို်ယ်ဝန်ဆောင်မိခင်တစ်ဝက်လောက်မှာ ကြုံတွေ့ရတတ်ပါတယ်။ ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ ပရိုဂျက်စတုန်းဆိုတဲ့ ဟော်မုန်းတစ်မျိုး မြင့်တက်လာပြီး အစာခြေလမ်းကြောင်းအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေကို လှုပ်ရှားမှုနည်းသွားစေလို့ပဲ ဖြစ်ပါတယ်။ အူတစ်လျှောက် အစာသွားတာ နှေးသွားပြီး ကိုယ်ဝန်ရင့်ချိန်မှာဆိုရင် ကိုယ်ဝန်က အစာဟောင်းအိမ်ပေါ် သွားဖိတာနဲ့ပါ ပေါင်းပြီး အကျိုးသက်ရောက်မှု ရှိသွားပါတယ်။ ဒါ့အပြင် သံဓာတ်အားဆေးတွေ အထူးသဖြင့် သံဓာတ်အားဆေးများများ သောက်ရင်လည်း ဝမ်းပိုချုပ်စေပါတယ်။
ဝမ်းချုပ်ခြင်းကို ကာကွယ်စေနိုင်ဖို့နဲ့ သက်သာစေဖို့အတွက် နည်းလမ်းကောင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
- ကောက်ပဲသီးနှံ၊ ပေါင်မုန့်ကြမ်း၊ ဆန်လုံးညို၊ ပဲသီး၊ လတ်ဆတ်သောသစ်သီးများ၊ ဟင်းသီးဟင်းရွက် ကဲ့သို့သော အမျှင်ဓာတ်များတဲ့ အစားအစာတွေကို နေ့စဉ်စားသုံးပါ။
- ရေများများ သောက်ပါ။ ဆီးအရောင်ကြည် (သို့) အရောင်ဖျော့တဲ့အထိ ရေကို နည်းနည်းချင်းသောက်ပါ။ တစ်နေ့ကို သစ်သီးဖျော်ရည်တစ်ခွက် သောက်ပေးခြင်းကလည်း အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
- လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ ယောဂကျင့်ခြင်းတို့က ဝမ်းချုပ်ခြင်းကို သက်သာစေတဲ့အပြင် ကျန်းမာရေး ပိုကောင်းစေပါတယ်။
- အစာစားပြီးချိန်မှာ အူတွေ ပိုပြီးလှုပ်ရှားမှုကောင်းတဲ့အတွက် အစာစားပြီးတိုင်း အိမ်သာဝင်ပါ။ ဝမ်းသွားချင်စိတ် ဖြစ်လာရင် အောင့်ထားပြီး အိမ်သာမသွားဘဲ ဘယ်တော့မှမနေပါနဲ့။
- သွေးအားနည်းတဲ့ လက္ခဏာမရှိဘဲ ကိုယ်ဝန်ဆောင်အားဆေးထဲမှာ သံဓာတ်အများကြီးပါနေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး သံဓာတ်ပါဝင်မှုနည်းတဲ့ အားဆေးကို ပြောင်းသောက်ပါ။
ဒီအချက်တွေက အထောက်အကူ မဖြစ်ဘူးဆိုရင် ဆရာဝန်ကို ပြောပြပြီး အမျှင်ဓာတ်များတဲ့ဖြည့်စွက်စာ (သို့) ဝမ်းပျော့ဆေး သောက်ပါ။
ဝမ်းချုပ်တာက ကိုယ်၀န်ကြောင့်မဟုတ်ဘဲ အခြားပြဿနာတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဝမ်းချုပ်တာနဲ့အတူ ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်လိုက်/ချုပ်လိုက်ဖြစ်ခြင်း၊ ဝမ်းထဲတွင် အချွဲ၊ သွေးပါခြင်း စတာတွေပါ တွဲဖြစ်တယ်ဆိုရင် ဆရာဝန် (သို့) သားဖွားဆရာမနဲ့ ချက်ချင်းပြပါ။
ဝမ်းသွားလျှင် အရမ်းညှစ်ရခြင်း၊ ဝမ်းမာမာများသွားခြင်းတွေက လိပ်ခေါင်းဖြစ်စေနိုင်ပါတယ်။ လိပ်ခေါင်းက ဆိုးရွားတဲ့ပြဿနာတော့ မဟုတ်ပေမယ့် နေရခက်စေပါတယ်။ အများအားဖြင့် ကလေးမွေးပြီးချိန်မှာ ပြန်ကောင်းသွားတတ်ပါတယ်။ ဒါပေမဲ့ လိပ်ခေါင်း အရမ်းနာရင် (သို့) သွေးထွက်တယ်ဆိုရင် ဆရာဝန်နဲ့ပြသပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)





























