/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်း-သိထားသင့်သော-အရေးပေါ်လက္ခဏာများ

ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်း သိထားသင့်သော အရေးပေါ်လက္ခဏာများ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ကိုယ်ဝန်ပတ် ၃၇ ပတ်မတိုင်မီ အောက်ပါလက္ခဏာများ ဖြစ်ပေါ်ပါက နီးစပ်ရာဆေးရုံသို့ အမြန်ဆုံး အကြောင်းကြားသင့်ပါတယ်။

●        ဗိုက်နာခြင်း၊ ဆီးစပ်ကိုက်ခြင်း

●        တစ်နာရီတွင် ၄ ကြိမ်ထက်ပိုပြီး သားအိမ်ညှစ်ခြင်း သို့မဟုတ် ၁၅ မိနစ် တစ်ခါလောက်ညှစ်ခြင်း

●        မိန်းမကိုယ်မှ သွေး သို့မဟုတ် အရည်များ ဆင်းခြင်း

●        မကြာခဏ ပျို့အန်ခြင်း

●        ဖျားခြင်း (100°F)

●        မခံမရပ်နိုင်အောင် ခေါင်းကိုက်ခြင်း

●        အမြင်ဝါးခြင်း

●        ကလေးအလှုပ်နည်းလာခြင်း

●        တစ်ပတ်အတွင်း ၃ ပေါင်ကနေ ၅ ပေါင်လောက် ၀ိတ်တက်လာခြင်း၊ ခြေလက်နဲ့ မျက်နှာများ ဖောရောင်ခြင်း

●        တက်ခြင်း

●        ဆီးသွားရင် သွေးစများ ပါခြင်း၊ ဆီးကျဉ်ခြင်း

●        ဝမ်းလျှောခြင်း

●        အနံ့နံသောအရည်များ ဆင်းခြင်း၊ မိန်းမကိုယ် ယားယံခြင်းတို့ရှိပါက မတုံ့နှေးဘဲ ချက်ချင်းဆိုသလို နီးစပ်ရာ ဆေးရုံသို့ သွားရောက်ပါ။ ထိုလက္ခဏာများ ဖြစ်ပေါ်ပါက အောက်ပါပြဿနာတစ်ခု ရှိနေနိုင်တဲ့အတွက် မပေါ့ဆသင့်ပါဘူး

 

(၁)     သားပျက်သားလျှောခြင်း

          ကိုယ်ဝန်ပတ် ၂ဝ ပတ်မတိုင်မီ ဗိုက်နာခြင်း၊ သားအိမ်ညှစ်ခြင်း၊ သွေးဆင်းခြင်းတို့ဟာ သားပျက်သားလျှောခြင်း လက္ခဏာများ ဖြစ်နိုင်ပါတယ်။ သွေးဆင်းခြင်း၊ ရေမြွာရည်ဆင်းခြင်းတို့ပါ ပူးတွဲဖြစ်ပေါ်နိုင်ပါတယ်။ အချို့ကိုယ်ဝန်ဆောင်များကတော့ အိပ်ရာပေါ်တွင် ငြိမ်သက်စွာ လှဲလျောင်းခြင်းဖြင့် ပြန်လည်သက်သာနိုင်သော်လည်း အချိူ့မှာမူ ကလေးပျက်သည်အထိ ဖြစ်ပေါ်ပါက ကျွမ်းကျင်သောဆရာဝန်နဲ့ သားအိမ်စများကို ခြစ်ထုတ်ဖို့ လိုအပ်ပါတယ်။

 

(၂)     နေရာမှား ကိုယ်ဝန်တည်ခြင်း

          ကိုယ်ဝန်ပထမ ၃ လတွင် ဆီးစပ်တစ်ဝိုက် ကိုက်ခဲခြင်းဟာ သားအိမ်ပြင်ပတွင် ကိုယ်ဝန်တည်သော လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဗိုက်ရဲ့တစ်ခြမ်းတည်းမှာပင် အလွန်နာကျင်နိုင်သလို ပခုံးထိပ်နာခြင်းလည်း ဖြစ်နိုင်ပါသေးတယ်။ ထို့ပြင် သွေးများ ဆင်းခြင်းကြောင့် နုံးခြင်း၊ ပျို့အန်ခြငး်နဲ့ အားနည်းခြင်းများ ဖြစ်ပေါ်နိုင်ပြီး အချိန်မီ မကုသပါက မိခင်အသက်ကိုပါ ထိခိုက်နိုင်ပါတယ်။

 

(၃)     ကိုယ်ဝန်ဆောင်စဉ် အလွန်အမင်း ပျို့အန်ခြင်း

          ပထမ ကိုယ်ဝန်သုံးလတွင် ကိုယ်ဝန်ဆောင်တိုင်းလိုလို ပျို့အန်တတ်ကြတာ သဘာဝပါ။ သို့သော် လိုတာထက်ပိုပြီး ပျို့အန်ပါက မိခင်တွင် ကိုယ်အလေးချိန်ကျခြင်းနဲ့ အရည်ဓာတ် ဆုံးရှုံးခြင်းများ ဖြစ်ပေါ်စေပါတယ်။ ထိုသို့ဖြစ်ပေါ်ပါက ဆေးကုသမှုခံယူရန် လိုအပ်ပါတယ်။

 

(၄)      လမစေ့ဘဲ ကလေးမွေးခြင်း

          ကိုယ်ဝန်ပတ် ၂ဝ မှ ၃၇ ပတ်အတွင်း ကလေးမွေးခြင်းကို လမစေ့ဘဲ ကလေးမွေးခြင်းလို့ သတ်မှတ်ပါတယ်။ လက္ခဏာများအနေနဲ့ -

●        မကြာခဏ သားအိမ် ကျုံ့ခြင်း

●        ခါးကိုက်ခြင်း

●        တင်ပဆုံကွင်း ဖိအားတက်ခြင်း

●        မိန်းမကိုယ်မှ အရည်များဆင်းခြင်းတို့ကို တွေ့ကြုံပါက နီးစပ်ရာဆေးရုံသို့ အချိန်မီ သွားသင့်ပါတယ်။

 

(၅)     သွေးပေါင်တက်ခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်း

          ကိုယ်ဝန်ဆောင်ချိန်တွင် သွေးပေါင်ပုံမှန်ချိန်ဖို့ လိုအပ်ပါတယ်။ သွေးပေါင်တက်နေပါက သွေးကျဆေးများ သောက်သုံးဖို့ အရေးကြီးပါတယ်။

          မဟုတ်ပါက ကိုယ်ဝန်ဆိပ်တက်ခြင်း ဖြစ်ပေါ်နိုင်ပါတယ်။ သွေးတိုးခြင်းနဲ့အတူ အောက်ပါလက္ခဏာများရှိပါက ကိုယ်ဝန်ဆိပ်တက်ခြင်း ဖြစ်ပေါ်နေပါပြီ။

●        ခေါင်းကိုက်ခြင်း

●        ခြေကျင်းဝတ်၊ ခြေထောက်၊ လက်နဲ့ မျက်နှာဖောခြင်း

●        ဗိုက်အပေါ်ပိုင်းနာခြင်း

●        အမြင်များဝေဝါးခြင်း စသည်တို့ တွေ့ကြုံရင် ချက်ချင်း ဆေးကုသမုခံယူဖို့ လိုအပ်ပါပြီ။ မဟုတ်ပါက အသက်သေဆုံးသည်အထိ ဖြစ်ပေါ်နိုင်ပါတယ်။

 

(၆)     အချင်းနဲ့ ပတ်သက်သောပြဿနာများ

အချင်းဟာ မိခင်ရဲ့သားအိမ်တွင် တွယ်ဆက်နေသောအရာဖြစ်ပြီး ကလေးရဲ့ချက်ကြိုးနဲ့ မိခင်ကို ဆက်သွယ်ပေးပါတယ်။ မိခင်ဆီက အစာအာဟာရနဲ့ အောက်ဆီဂျင်ကို ကလေးဆီသို့ ပို့ဆောင်ပေးသောအရာဆိုလည်း မမှားပါဘူး။ ကိုယ်ဝန်ဆောင်ချိန် နောက်ပိုင်းလများတွင် သွေးဆင်းခြင်းဟာ အချင်းတွင် ပြဿနာတစ်ခုခုရှိခြင်းကြောင့် ဖြစ််နိုင်ပါတယ်။

          ကိုယ်ဝန်ဆောင် မိခင်လောင်းများအနေဖြင့် နေ့စဉ်အသွားအလာ အနေအထိုင်ကို ဂရုစိုက်ကြရပါတယ်။ ဒါကြောင့် အထက်ပါအခြေအနေများ ဖြစ်ပေါ်ပါက အထူးသတိထားဖို့ လိုအပ်ပြီး ချက်ချင်းကုသမှုခံယူမှသာ မိခင်ကောကလေးပါ အန္တရာယ်ကင်းနိုင်မှာဖြစ်ကြောင်း သတိပေး တင်ပြလိုက်ပါတယ်။

လေပြေနုသွေး(ဆေး-၂) (www.drmyanmar.com)