ကိုယ်ဝန်ရှိပြီဟုယူဆနိုင်သော လက္ခဏာများ
ပျို့အန်ခြင်းသည် ကိုယ်ဝန်ရှိနေပြီဟု ဖော်ပြသည့်တစ်ခုတည်းသော လက္ခဏာမဟုတ်ပါ။ ဗိုက်ထွက်လာမှ ကိုယ်ဝန်ရှိမှန်းရိပ်စားမိသေ ာအမျိုးသမီးများစွာရှိပြီး ဝသော၊ ဗိုက်ခေါက်ထူသော အမျိုးသမီးများတွင် ကိုယ်ဝန်ရှိစအချိန်ကို ကျော်သွားပြီးမှ သိရှိလေ့ရှိကြပါသည်။ ဆီးစစ်ကိရိယာဖြင့် ကိုယ်၀န်ရှိ မရှိ အလွယ်တကူသိနိုင်သလို အောက်ပါ လက္ခဏာများကလည်း ကိုယ်ဝန်ရှိ၊ မရှိဆန်းစစ်ရာတွင် အထောက်အကူပြုနိုင်ပါသည်။
၁။ အာရုံခံတုံ့ပြန်မှုလွန်ကဲခြင်း (increased sensitivity)
ယခင်ကအလွန်ကြိုက်ခဲ့သောအစားအစာများကို အနံ့မခံနိုင်ဖြစ်ခြင်း၊ ယခင်ကကြိုက်ခဲ့သော လုပ်ဖော်ကိုင်ဖက်၏ ရေမွှေးနံ့ကိုရုတ်တရက်မုန်းလာခြင်းစသည်တို့ဖြစ်ပေါ်လာလျှင် ကိုယ်ဝန်ရှိနေနိုင် ပါသည်။ ထိုကဲ့သို့အာရုံခံစားမှု တုံ့ပြန်မှုလွန်ကဲခြင်းကို ရက်အနည်းငယ်အထိ ဆက်လက်ဖြစ်ပေါ် နေလျှင် ကိုယ်ဝန်ရှိ၊မရှိစမ်းသပ်ရန် တတ်ကျွမ်းနားလည်သည့်ဆရာဝန်ထံ ချက်ချင်းပြသသင့်သည်။
၂။ ရာသီမလာခြင်း၊ ရာသီပြန်လာခြင်း (Getting or missing your period)
ရာသီမပေါ်ခြင်းသည် အမျိုးသမီးများကြားအဖြစ်များသော လက္ခဏာတစ်ရပ်ဖြစ်ပြီး ကိုယ်ဝန်ရှိခြင်းကြောင့်သာမက အခြားအကြောင်းရင်းများကြောင့်လည်းဖြစ်နိုင်သဖြင့် သားဖွားမီးယပ် အထူးကုဆရာဝန်ထံပြသသင့်သည်။ သနေ္ဓသားလေး သားအိမ်နံရံတွင် စတင်တွယ်ကပ်ရာမှ လည်း သွေးဆင်းခြင်း (Implantation Bleeding) ဖြစ်ပေါ်တတ်ပြီး သွေးဆင်းသည့်အရောင်မှာ အညိုရောင်(သို့မဟုတ်) ပန်းရောင်ဖြစ်တတ်ပြီး များသောအားဖြင့် နာရီအနည်းငယ်သာ ကြာမြင့်တတ်ရာ သုံးရက်ထက်ပိုကြာလေ့မရှိပေ။
၃။ ဗိုက်အင့်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
ဗိုက်အင့်ခြင်းသည် ကိုယ်ဝန်ရှိနေခြင်းအတွက် တိကျသောလက္ခဏာတစ်ရပ် မဟုတ်သော်လည်း အခြားသောကိုယ်ဝန်ရှိသည့်လက္ခဏာများနှင့် တွဲလျက်ဖြစ်ပေါ်လာပါက ဂရုပြုဖွယ်ဖြစ်သည်။ ကိုယ်ဝန်ဆောင်စအချိန်တွင်း ခန္ဓာကိုယ်တွင် အပြောင်းအလဲများစွာဖြစ်ပေါ်တတ်ပြီး အူလမ်းကြောင်း လုပ်ငန်းဆောင်ရွက်ချက်များလည်း ပြောင်းလဲတတ်သည့်အလျောက် ဗိုက်အင့်ခြင်း၊ ရင်ပြည့် ရင်ကယ်ဖြစ်ခြင်း၊ ဝမ်းချုပ်ခြင်းတို့ဖြစ်ပေါ်တတ်ပြီး ရှားရှားပါးပါး ဝမ်းလျှောခြင်းလည်း ဖြစ်ပေါ်နိုင်သည်။
၄။ ရင်သားတင်းခြင်း
ရင်သားတင်းခြင်း၊ နာကျင်ခြင်းတို့ကို ရာသီလာကာနီးဖြစ်ပေါ်သောလက္ခဏာဟုသာ အမျိုး သမီးအများစု သိရှိထားကြသည့်အလျောက် ကိုယ်ဝန်ကြောင့်ရင်သားတင်းခြင်းကို မသိရှိလိုက် တတ်ကြပေ။ ရာသီမလာမီရင်သားတင်းခြင်းနှင့် ခွဲခြားရန်ခက်သော်လည်း နို့သီးကွင်း (Areola) ပိုမိုမည်းလာပါက ကိုယ်ဝန်ရှိခြင်းကြောင့်ဖြစ်နိုင်ပါသည်။
၅။ စိတ်အပြောင်းအလဲများခြင်း
ရာသီလာကာနီးတွင်လည်း စိတ်အတက်အကျအပြောင်းအလဲများဖြစ်ပေါ်တတ်သော်လည်း ကိုယ်ဝန်ဆောင်စစိတ်အခြေအနေပြောင်းလဲခြင်းမှာ ပိုမိုပြင်းထန်ပြီး မကြာခဏဖြစ်ပေါ်တတ်သည်။ စိတ်ဆိုးစိတ်ကောက်ခြင်း၊ စိတ်ပူပန်ခြင်း၊ အလွန်အမင်းကြောက်လန့်ခြင်း၊စိတ်ဓာတ်ကျခြင်း၊ စိတ် လှုပ်ရှားလွယ်ခြင်း၊ စိတ်မထိန်းနိုင်ဖြစ်ခြင်းတို့ဖြစ်ပေါ်နေပါက ကိုယ်ဝန်ဆောင်မိခင်ဖြစ်တော့မည့် အရိပ်အယောင်များဖြစ်သည်။
၆။ မူးဝေသတိလစ်ချင်ခြင်း
ကိုယ်ခန္ဓာအတွင်း ကိုယ်ဝန်ဆောင်ချိန်တွင် ပိုမိုလိုအပ်လာသော နှလုံးသွေးလှည့်ပတ်မှု စနစ်အတွက် ရုတ်တရက်အဆင်သင့်မဖြစ်သေးသောကြောင့် မူးဝေခြင်းများ၊ သတိလစ်မလိုဖြစ်ခြင်းများ မကြာခဏဖြစ်ပေါ် တတ်သည့်အတွက် စိုးရိမ်ရန်မလိုအပ်ပေ။ သို့ရာတွင် အခြားသော ကိုယ်ဝန်ရှိသည့် လက္ခဏာများမရှိဘဲ မူးဝေခြင်းသာဖြစ်ပေါ်နေပါက ပြင်းထန်သောရောဂါအခြေအနေများ ဖြစ်နိုင်သည့်အတွက် ဆရာဝန်နှင့် ချက်ချင်းပြသသင့်သည်။
၇။ မကြာခဏဆီးသွားခြင်း
ဆီးမကြာခဏသွားခြင်းသည် ကိုယ်ဝန်ရှိခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သကဲ့သို့ ဆီးလမ်း ကြောင်းပိုးဝင်ခြင်း၊ ဆီးအိမ်ပြဿနာများ၊ ကျောက်ကပ်ရောဂါနှင့် သွေးချိုဆီးချိုရောဂါတို့ကြောင့် လည်း ဖြစ်နိုင်သဖြင့် အထူးဂရုပြုရမည့်လက္ခဏာတစ်ရပ်ဖြစ်သည်။ နေ့ရောညပါ မကြာခဏ ဆီးသွားနေရပြီး အခြားသော ကိုယ်ဝန်ဆောင်လက္ခဏာများ လည်းရှိနေပါက ကိုယ်ဝန်ရှိနေပြီဟု ယူဆနိုင်ပါသည်။
၈။ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ နုန်းခြင်း
၈နာရီ- ၁၀နာရီခန့် အိပ်စက်နားနေပြီးသည့်နောက်တွင်ပင် မလုပ်ချင်မကိုင်ချင်ဖြစ်ကာ ဆက်တိုက်နွမ်းနယ်ခြင်း၊ နုန်းခြင်းကို ခံစားနေရလျှင် ကိုယ်ဝန်ရှိ၊ မရှိစစ်ဆေးသင့်ပါသည်။
၉။ စားချင်သောက်ချင်စိတ်များပြောင်းလဲခြင်း
ကိုယ်ဝန်ရှိလာလျှင် ယခင်ကထက် ပိုမိုဆာလောင်ခြင်းများဖြစ်ပေါ်နိုင်သကဲ့သို့ မည်သည်ကိုမျှ မစားချင်မသောက်ချင်ခံတွင်းပျက်ခြင်းလည်းဖြစ်နိုင်သည်။ စားသောက်နေစဉ် ပါးစပ်တွင်း သတၳု အရသာရခြင်းအထိပင်ဖြစ်နိုင်သည်။ ကြိုက်နှစ်သက်သောအစားအသောက်များပြောင်းလဲနိုင်ပြီး ယခင် လုံးဝမစားခဲ့သည်များကိုလည်း စားသောက်လာနိုင်ပါသည်။
ကိုယ်ဝန်ဆောင်ခြင်းသည် အမျိုးသမီးတစ်ဦး၏ ဘဝသို့ ပျော်ရွှင်မှု၊ ပင်ပန်းနာကျင်မှု အတွေ့အကြုံမျိုးစုံယူဆောင်လာနိုင်ပြီး ဘဝ၏အကောင်းဆုံးအရာများထဲတွင် ပါဝင်ပါသည်။ မည်မျှပင် ကြိုးစားသော်လည်း ကလေးမရနိုင်သည့် အမျိုးသမီးများလည်းရှိနေသည့်အတွက် ကြိုတင်မစီစဉ်၊ မမျှော်လင့်ဘဲရရှိလာသော ကိုယ်ဝန်ဖြစ်ခဲ့လျှင်လည်း ဝမ်းမြောက် ကျေးဇူးတင်ဖွယ် လက်ဆောင် တစ်ခုဖြစ်ပါသည်။
Dr. Thanda Lin















