/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်၀န်ဆောင်ချိန်မှာ-ခြေထောက်တွေ-ဖောလာတာ-စိုးရိမ်စရာလား

ကိုယ်၀န်ဆောင်ချိန်မှာ ခြေထောက်တွေ ဖောလာတာ စိုးရိမ်စရာလား

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ကိုယ်၀န်ဆောင်သည်မမတွေကို ကြည့်လိုက်ရင် အနည်းနဲ့အများဆိုသလို ခြေထောက်လေးတွေ ရောင်တာ၊ အမ်းတာတွေ ရှိတတ်ပါတယ်။ ကိုယ်၀န်ဆောင်ချိန် ခြေထောက် အမ်းတာဟာ ပုံမှန်သာဖြစ်ပြီး ကိုယ်၀န်က သွေးပြန်ကြောမကြီးကို ဖိတာကြောင့် သွေးအသွားအလာ နည်းလာပြီး ခြေထောက်တွေ ဖောလာတာ ဖြစ်ပါတယ်။ လရင့်လာတာနဲ့အမျှ ပိုဆိုးလာပါတယ်။

          ခြေထောက်လေးတွေ ရောင်တဲ့၊ အမ်းတဲ့၊ ဖောတဲ့အခါ သာမန်အတိုင်း သိပ်မစိုးရိမ်ရပေမယ့် ဆေးခန်းမှာ သွေးပေါင်ချိန်တာလေးတော့ ပုံမှန်ပြုလုပ်သင့်ပါတယ်။ သွေးတိုးလာတဲ့နဲ့အမျှ ခြေထောက်တွေ အမ်းလာတတ်ပြီး ကိုယ်၀န်ဆောင် သွေးတိုးနဲ့ အတက်ရောဂါ ဖြစ်နေတတ်လို့ပါ။

          သွေးတိုးတဲ့အခါ ကြောက်စရာကောင်းတဲ့ နောက်ဆက်တွဲတွေ ရှိနေပါတယ်။

●        ခေါင်းထိုးကိုက်တာ

●        မျက်လုံးထဲမှာ ၀င်းခနဲ လက်ခနဲ အရောင်တွေ မြင်တာ

●        ခြေထောက်တွေ ညောင်းတာ၊ ကိုက်တာ

●        အမြင်အာရုံ ေ၀ဝါးလာတာ

●        ဆီးနည်းတာ

●        ဗိုက်အောင့်တာ

●        အန်တာ ရင်တွေ တုန်တာ ဖြစ်လာရင် ဆေးရုံဆေးခန်းကို ချက်ချင်း ပြေးသင့်ပါတယ်။ သွေးတိုးလာရင် ခြေတွေ၊ လက်တွေ တောင့်တင်းသွားပြီး တက်တတ်ပါတယ်။ နောက်ဆုံး ဆေးမမှီလို့ ကျောက်ကပ် ပျက်စီးတဲ့အထိ အခြေအနေ ဆိုးသွားစေပါတယ်။ ပထမအနေနဲ့ ကလေး ဆုံးရှုံးမယ်၊ ဒုတိယအနေနဲ့ မိမိ အသက်အန္တရာယ်ပါ ထိခိုက်နိုင်တာမို့ ကိုယ်၀န်ဆောင်ချိန် ခြေထောက ်ရောင်တာနဲ့ သွေးတိုးတာ တွဲနေတတ်တာကို အထူးသတိထားစေလိုပါတယ်။

>>    ခြေထောက်လေးတွေ ရောင်တဲ့အခါ -

●        အကြာကြီး မရပ်ပါနဲ့။

●        ဖိနပ်အပါး စီးပါ။

●        ထိုင်ခုံနဲ့ ထိုင်နေရင်း ခြေထောက်လေးကို အောက်က ထိုင်ခုံပုလေး ခြေတင်ပေါ်တင်ပြီး ထိုင်ပါ။

●        အိပ်တဲ့အခါ ခြေချင်း၀တ်အောက်မှာ ခေါင်းအုံးပျော့လေး ခံအိပ်ပါ။

●        နေ့စဉ် ၁၅ မိနစ်ခန့် လမ်းလျှောက်ပါ။

●        ခြေဖဝါးလေးကို အောက်ကွေးလိုက် အပေါ်ဆန့်လိုက် အကြိမ်သုံးဆယ်ခန့် လေ့ကျင့်ခန်း လုပ်ပါ။

●        ခြေဖဝါးလေးကို ဘယ်နဲ့ညာနဲ့ လှည့်ပြီး မကြာခဏ လှုပ်ရှားပါ။

●        ရေများများ သောက်ပါ။

●        အဆီအစိမ့်နဲ့ အငန်ရှောင်ပါ။

          ရိုးရိုးခြေထောက်ရောင်တာက ကလေး မွေးပြီးတာနဲ့ လျော့ပါး သက်သာသွားမှာမို့ စိတ်မပူရပါဘူး။ ဒါပေမဲ့ ခြေထောက်ရောင်ရင် သွေးပေါင်ကိုပါ မှန်မှန်ချိန်ပြီး သွေး တိုး၊ မတိုး စစ်ဆေးကြည့်ဖို့ရယ် အပေါ်က အခြေခံအချက်လေးတွေရယ် လိုက်နာပေးရင် အဆင်ပြေပါပြီ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

(Unicode)


