ကိုးလလွယ်ပြီးလို့ ဆယ်လဖွားတော့မယ့်အခါ စိတ်ပူနေမိသလား
မိခင်လောင်းတွေ ကိုယ်၀န်ကိုးလထဲကို ၀င်လာတဲ့အခါ မွေးရက်နီးကပ်လာတဲ့အလျောက် စိတ်ပူပန်ရ စိတ်ပင်ပန်းရတတ်ပါတယ်။ ဒီတော့ သူတို့တွေ စိတ်ပူမိတာလေးတွေ အထိုက်အလျောက် လျော့ပါးပါစေတော့ ရယ်လို့ ကိုယ်၀န်ကိုးလမှာ ဖြစ်တတ်တဲ့သဘာ၀လေးတွေကို တင်ပြဆွေးနွေးလိုက်ပါတယ်။
• မွေးရက်နီးလာတဲ့အခါ အရင်ကထက် အဖြူပိုဆင်းပါတယ်။ အဖြူတွေအများကြီးဆင်းလာလို့ လန့်မသွားပါနဲ့။ ကိုယ်၀န်က လရင့်လာနဲ့အမျှ သားအိမ်ခေါင်းကိုဆွသလိုဖြစ်ပြီးအဖြူတွေ ဆင်းလာတာမို့ ယားတာ ယံတာမရှိရင် ဘာမှစိတ်မပူပါနဲ့။
• မကြာခဏခါးကိုက်လာတတ်ပါတယ်။ တကယ်တော့ ဗိုက်နာချင်သလိုဖြစ်တိုင်း ကလေးမွေးချင်လို့ မဟုတ်ပါဘူး။
• မျက်လုံးလေးတွေ ဖောင်းလာအမ်းလာတတ်ပါတယ်။ ရေဓာတ်နဲ့ ဆားဓာတ်များလာလို့ပါ။ ပုံမှန်လို့ပဲဆိုရမှာပါ။
• ခြေထောက်တွေပိုဖောလာပါတယ်။ ပုံမှန်ပေမယ့် ဆေးခန်းမှာသွေးပေါင်ပြေးချိန်ပါ။ ဆီးတွင်းအနည်ပါ မပါစစ်ပါ။
• ပြဿနာအပေးဆုံးကတော့ မကြာခဏဆီးသွားချင်တာပါပဲ။ ကြီးထွားလာတဲ့ ကိုယ်၀န်ကဆီးအိမ်ကို ပိလာလို့ ဖြစ်ပါတယ်။ တနေရာထဲမှာ ကြာကြာမထိုင်ပါနဲ့။
• မျက်နှာမှာ အရေးအကြောင်းလေးတွေပေါ်လာပါတယ်။ အတွေးတွေများပြီးစိတ်ဖိအားတက်လာလို့ပါ။
• နေရထိုင်ရတာ မလန်းဆန်းတော့ဘဲ စိတ်ဓာတ်ကျလာပါတယ်။ မွေးထုတ်ရမှာကို ကြောက်သလို နှမျောသလို စတင်ခံစားလာရပါတယ်။
• ထိုင်မရထမရ အနေရခက်ဆုံးအချိန်ပါပဲ။ တကယ့်ကိုဘယ်လိုနေနေမသက်သာဘူးဆိုတာ ဒီအချိန်ပါပဲ။ ကျောမှီလေးတွေ မွေ့ယာနူးနူးညံ့ည့ံလေးတွေနဲ့ ကိုယ့်ကိုယ်ကိုသက်သာစွာမှီပါ လှဲချပါ။
• လှဲတဲ့အခါ ဘယ်ဘက်ကိုတတ်နိုင်သလောက် စောင်းအိပ်ပါ။ မွေးရလွယ်စေဖို့ဖြစ်ပါတယ်။
>> ဘာတွေရှောင်ရမလဲ ….
• ပြင်းထန်လေ့ကျင့်ခန်းတွေမလုပ်ပါနဲ့။
• အထိုင်အထမမြန်ပါနဲ့။ ဖြေးညှင်းစွာ သတိရှိစွာလှုပ်ရှားပါ။
• စိတ်ရှုပ်နေရင် တစ်ယောက်တည်း ကြိတ်မခံစားပါနဲ့။ သူငယ်ချင်းတွေဆီ မကြာခဏဆက်သွယ်ပါ။ မိသားစုနဲ့ခင်ပွန်းကိုပြောပြပါ။ စိတ်ဖိအားများတာက ကလေးရော မိခင်ရောအတွက် မကောင်းလို့ပါ။ ကိုယ်စိတ်ပူနေရသမျှ ခံစားရသမျှ ဖိအားကိုဖွင့်ပြောပြပြီး ဖြေလျော့ပါစေ။
• ယောကျာ်းနဲ့အတူနေလို့ရ/မရ - အတူနေလို့ရ၊ လိင်ဆက်ဆံလို့ရပါတယ်။ ကလေးရောလူကြီးပါ ဘာပြသနာမှမဖြစ်ဘူးလို့ ပညာရှင်များက အခိုင်အမာပြောထားပါတယ်နော်။
ဗိုက်ထဲက ကလေးလေးကတော့ ….
• ကိုယ်လက်အင်္ဂ ါစုံလင်ပြီး ကောင်းကောင်းလှုပ်ရှားပါပြီ။
• အဆုတ်ဖွံဖြိုးမှု ပြည့်စုံလာပါတယ်။
• ဦးနှောက်လည်းပြည့်စုံစွာဖွံ့ဖြိုးလာပါပြီ။
• သူ့အတွက် ရွေ့စရာနေရာကျဉ်းလာတော့ အလုပ်နည်းသွားတတ်တာလေး တစ်ခုပါပဲ။
>> မေမေနဲ့ ဖေဖေတို့ ဘာတွေပြင်ဆင်ထားရမလဲ ….
• ကျန်းမာရေးဆရာမတွေ ဆရာ၀န်တွေကိုတိုင်ပင်ပြီးမီးဖွားတဲ့အခါ ဘာတွေလိုမယ်ဆိုတဲ့ စာရင်းလုပ်ပါ။ ကြိုစုထားတဲ့အခါ လိုအပ်ချိန်စိတ်မမောရတော့ဘူးပေါ့။
• မေမေလောင်းလျာလေးကလည်း လာမယ့်သားလေးသမီးလေးကို မွေးမယ့်နည်းလမ်းတွေ ဘာတွေ ဆင်းရင် ဘယ်လိုနာရင် မွေးဖို့ချက်ချင်းပြေးလာဖို့ ပညာပေးတွေ နားထောင်ပြီး ဖြစ်ပါစေ။
• ကလေးအနေအထားနဲ့ မိခင်ကျန်းမာရေးကိုတော့ သားဖွားမီးယပ်ကညွှန်ကြားတဲ့အတိုင်း စစ်ဆေးထား စေလိုပါတယ်။
• အိမ်ရှိလူကုန် အသိပေးထားပါ။ မွေးတဲ့အခါ သွားမယ့်ဆေးရုံ ယာဉ်တွေ တစ်ခါတည်းစစီစဉ်ထား ပါတော့။
• နောက်ဆုံးအနေနဲ့ စိတ်ဖိစီးမှုမများဘဲစိတ်ကို လျှော့ချပြီးအေးဆေးသက်သာစွာ အနားယူစေချင်ပါ တယ်။ အာဟာရပြည့်ပြည့်၀၀စားသုံးပါ။ စားသမျှ ပူနွေးလတ်ဆတ်ပါစေ။
တကယ်တော့ ကလေးတစ်ယောက် မွေးဖွားတာဟာပုံမှန်ဖြစ်စဉ်တစ်ခုသာဖြစ်တာမို့ မိခင်လောင်းရော ဗိုက်ထဲက ကလေးရောက ဆရာ၀န်နဲ့စစ်ဆေးပြီးလို့ ကျန်းမာနေရင် ချောချောမွေ့မွေ့မွေးသွားမှာ မုချမို့ စိတ်ရောကိုယ်ပါ သက်သောင့်သက်သာနေပြီး မိသားစုအကူအညီနဲ့ ပြင်ဆင်စရာရှိတာ ပြင်ဆင်စေ တာအကောင်းဆုံးပါ။
ဂျီပီငှက် ( ဆေး/ မန််း) (www.drmyanmar.com)






























