စိတ်ညစ်စရာများတဲ့ ကိုယ်ဝန်ဆောင်လေးတွေ ကိုယ်ဝန်ပျက်ကျတတ်သလား?
စိတ်ဖိစီးမှုနဲ့ မပျော်ရွှင်တာတွေ သောကတွေဟာ ကိုယ်ဝန်ကို တစ်နည်းနည်းနဲ့တော့ ထိခိုက်စေတယ်လို့ များသောအားဖြင့် ယူဆကြပါတယ်။ တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း စိတ်ညစ်တာနဲ့ ကလေးပျက်တာက ဘာမှမဆက်စပ်ဘူးလို့ သုတေသနတွေက ထွက်ထားပါသေးတယ်။ ဒီတော့ တိကျတဲ့အဖြေကတော့ စိတ်မညစ်အောင်ထားရင် ကောင်းတယ်။ ဒါပေမဲ့ အဆင်မပြေလို့ ခဏခဏ သောကပွေနေရရင်လည်း အထဲက သနေ္ဓသားလေး ထိခိုက်ဖို့ အကြောင်းရင်း နည်းပါတယ်လို့။ စိတ်ဖိစီးတာထက ်စိတ်ဖိစီးတာရဲ့ နောက်ဆက်တွဲ စားသောက်နေမှု ပျက်ပြားသွားလို့ ပိုမိုဖြစ်နိုင်နေတာပါ။
မိခင်လောင်းတွေဟာ စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းနေရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ ကံမကောင်း အကြောင်းမလှတဲ့အခါ စိတ် မကြာခဏညစ်ရ၊ မကြည်မလင်ဖြစ်ရတာတွေကလည်း အဲလောက်တော့ အန္တရာယ် မဟုတ်ပါဘူး။
၂၀၀၈ ဆေးပညာသုတေသန အဖြေတွေအရ ခဏခဏ စိတ်ညစ်စိတ်ပူရတဲ့ ကိုယ်ဝန်ဆောင်လေးတွေဟာ ကလေးအသေမွေးဖို့ ရာနှုန်း များနေတတ်ပါတယ်။
၂၀၀၆ သုတေသနကတော့ စိတ်ဖိစီးလို့ထွက်လာတဲ့ ကော်တီဇောဟော်မုန်းကြောင့် ကိုယ်ဝန်ဆောင် ပထမသုံးပတ်အတွင်းမှာ ကလေးပျက်ကျကြပါတယ်တဲ့။
အဲဒီမှာ တစ်ခုပြောစရာရှိတာက နောက်ထပ်သုတေသနတစ်ခုအရ ကလေးပျက်တာနဲ့ စိတ်ဖိစီးတာက တိုက်ရိုက်မဆက်စပ်ဘဲ စိတ်ဖိစီးတာထက် စိတ်ဖိစီးတာရဲ့ နောက်ဆက်တွဲ စားသောက်နေမှု ပျက်ပြားသွားလို့ ပိုမိုဖြစ်နိုင်နေတာပါ။
>> စိတ်ညစ်နေတဲ့ ကိုယ်ဝန်ဆောင်လေးတွေဟာ -
● ည အိပ်မပျော်ဘူး။
● အစား ကောင်းကောင်းမစားလို့ အာဟာရ ချို့တဲ့တယ်။
● ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ပုံမှန်ယူဖို့ မေ့လျော့မယ်။
● ကာကွယ်ဆေးတွေ မထိုးဖြစ်ဘူး။
● သွေးတက် သွေးကျ ပုံမှန် မစစ်ဆေးဘူး။
● အာထရာဆောင်း မရိုက်ဖြစ်ဘူး။
● သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာ ရွေးချယ်မစားဘူး။
● အထိုင်အထ၊ အသွားအလာ သတိမထားဖြစ်ဘူး။
● စိတ်ညစ်တာကြောင့် ဆေးလိပ်၊ အရက်၊ ဝိုင်၊ ဘီယာတွေ သောက်ဖြစ်မယ်။
အမျိုးသမီးတစ်ယောက်ဟာ လိုတာထက်ပိုပြီး စိတ်ဖိစီးနေမယ်ဆိုရင် မိမိကိုယ်မိမိ ထိုက်သင့်တဲ့ ဂရုစိုက်မှုတွေ၊ ကိုယ်ဝန်ကို အလေးထားစောင့်ရှောက်တာတွေ မလုပ်ဖြစ်တော့ဘူး။ လိုအပ်တဲ့ဆေးဝါးတွေ မသောက်တော့ဘူး။ အဲဒီမှာတင် ကိုယ်ဝန်ပျက်ဖို့ ရာနှုန်း များသွားတာဖြစ်မယ်လို့ သုတေသနပညာရှင်တွေက သုံးသပ်ကြပါတယ်။
ညီညွတ်မျှတတဲ့ အာဟာရနဲ့ လုံလောက်တဲ့ အိပ်စက်မှုဟာ ကိုယ်ဝန်ဆောင် ကျန်းမာရေးနဲ့ သနေ္ဓသားလေး ကြီးထွားလာဖို့ တကယ်လိုအပ်တဲ့အရာပါ။ ဒီလိုအရေးပါတဲ့ အရာတွေကို ဖြည့်ဆည်းပေးဖို့ဆိုတာ မိခင်လောင်းကိုယ်တိုင်က သတိရှိရှိနဲ့ ဂရုတစိုက် ရှိပေးပြီး အာဟာရပြည့်ဝစွာ စားမယ်၊ အိပ်ရေးဝဝ အိပ်မယ် ဆိုမှ အဆင်ပြေမှာ ဖြစ်ပါတယ်။
စိတ်ဖိစီးနေ၊ ပင်ပန်းနေ၊ ဝမ်းနည်းကြေကွဲနေတဲ့၊ သောကများနေတဲ့ မိခင်လောင်းတစ်ယောက်ဟာ မိမိကိုယ်ဝန်ကို စောင့်ရှောက်ဖို့ သိပ်အလေးမထားနိုင်တော့ပါဘူး။
ဒါကြောင့် ကိုယ်ဝန်ဆောင်လေးတွေဟာ စိတ်ဖိစီးမှု ဟော်မုန်းတွေကြောင့် ဆိုတာထက် စိတ်ညစ်တဲ့အခါ ကျန်းမာနေမှု မျှခြေစနစ်တစ်ခု ပျက်ပြားသွားတဲ့အတွက် သနေ္ဓပျက်ကျဖို့ တွန်းအားပေးနေတတ်တာဖြစ်ကြောင်း အသိပေး ဗဟုသုတ မျှဝေလိုက်ပါတယ်နော်။
ကိုယ်ဝန်ဆောင် မိခင်လောင်းလေးတွေရဲ့ ဘဝသာယာချမ်းမြေ့ဖို့ တတ်စွမ်းသလောက် ဖေးမ ကူညီပေးကြပါစို့။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























