/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/တီဘီရောဂါ-ခံစားခဲ့ရသူ-ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ရဲ့

တီဘီရောဂါ ခံစားခဲ့ရသူ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ကေသီက သူမကိုယ်ဝန်ဆောင်ချိန်ကစပြီးတော့ အအေးမိသလိုမျိုး အမြဲတမ်း နေလို့မကောင်း ဖြစ်နေတတ်ပါတယ်။ အဲနောက်မှာတော့ ချောင်း အမြဲဆိုးလာပြီးတော့ ညဘက်တွေမှာ ချွေးတွေ ထွက်လာတယ်။ ပထမတော့ ဒါက ကိုယ်ဝန်ရှိလာလို့လို့ပဲ သူမ ထင်တာပေါ့။ ဒါပေမဲ့ ချောင်းက ဆက်ဆိုးနေပြီးတော့ မကြာခင်မှာပဲ ချောင်းဆိုးပြီး လည်ချောင်းတွေ နာလွန်းလို့ အစာတွေ၊ ရေတွေ မျိုချရ ခက်လာတယ်။ မနက်ပိုင်း နိုးလာပြီဆိုရင်လည်း ချောင်းက ၁၅ မိနစ်လောက် ဆိုးနေတတ်သေးတယ်။

          မိသားစုဆရာဝန်ကို သွားပြတော့ အဆုတ်ရောင်တာလို့ထင်ပြီး ကုပေမယ့်လည်း သက်သာမလာပါဘူး။ ဆရာဝန် တစ်ယောက်ပြီးတစ်ယောက် ပြောင်းပြပေမယ့်လည်း ရောဂါရှာမရဘဲ မပျောက်နိုင်ဖြစ်နေတယ်။ ချောင်းတွေ ဆက်တိုက်ဆိုးနေပြီးတော့ လအတော်ကြာလာတဲ့ အခါမှာတော့ လည်ချောင်းတွေ အရမ်းထိခိုက်ပြီးတော့ အစာစားဖို့တောင်မှ တော်တော်ခက်လာတယ်၊ ကိုယ်အလေးချိန်ကလည်း အများကြီး ကျသွားတော့ ကလေးအတွက် တော်တော်ကြီး စိုးရိမ်လာတယ်။

          သားဖွားမိီးယပ်အထူးကု (OG) ဆီကို ကိုယ်ဝန်သွားပြတဲ့အခါမှာတော့ မိခင်က အရမ်း ရေဓာတ်ခမ်းခြောက်နေလို့ ဆရာဝန်က စိုးရိမ်သွားပြီး ဆေးရုံတက်ဖို့ ပြောပါတယ်။ ဆေးရုံမှာ တစ်ညလောက်၊ ရက်နည်းနည်းလောက်ပဲ နေရမယ်လို့ ထင်ပေမယ့်လည်း ၇၅ ရက်လောက် အပြင်မထွက်ဘဲ ဆေးရုံထဲမှာပဲ နေလိုက်ရတယ်။ ဆေးရုံတက်ဖို့ဘာမှပြင်ဆင်ထားတာမရှိဘဲ အကြာကြီး ဆေးရုံတက်လိုက်ရပါတယ်။

          စစ်ဆေးမှုတွေ အများကြီး ပြုလုပ်ပြီးချိန်မှာတော့ ကေသီမှာ TB ရှိနေတယ်လို့ ရောဂါအဖြေထွက်လာပါတယ်။ TB အတွက် ပေးနေကျဆေးတွေကို စပေးတယ်၊ အဲနောက်မှာတော့ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကို ခံစားလာရလို့ ဆရာဝန်က ဆေးတွေကို ပြန်ညှိပေးရပါသေးတယ်။ ဒီတော့ ကုထုံးက ပုံမှန်ထက် ပိုကြာသွားတာပေါ့။ ဒီအချိန်မှာ သူ အစိုးရိမ်ဆုံးက TB ဆေးတွေကြောင့် ကလေးကို သက်ရောက်မှုတွေ ရှိလာမှာကိုပါ။ ဒါပေမဲ့ ကလေးအပေါ် ဘယ်လိုသက်ရောက်မှု ရှိမယ်ဆိုတာကို ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး။

          ဆေးရုံမှာ ၃ လနီးပါးကြာပြီးတော့ ကေသီဆီကနေ တခြားသူတွေကို TB မကူးစက်နိုင်တော့ဘူးဆိုမှ ဆေးရုံကနေ ဆင်းရတယ်။ ဆေးရုံကဆင်းပြီး ရက်သတ္တပတ် အနည်းငယ်ကြာတဲ့အခါမှာ ကျန်းမာသန်စွမ်းတဲ့ သားယောကျ်ားလေး မွေးဖွားပါတယ်။

          ကေသီရဲ့မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အလုပ်အတူလုပ်တဲ့သူတွေ ဘယ်သူမှ တီဘီမကူးသွားတာကတော့ ကျေးဇူးတင်စရာပါပဲ။ သူမရဲ့ တီဘီကုထုံးကလည်း အောင်အောင်မြင်မြင် ပြီးသွားပြီးတော့ မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေနိုင်တဲ့အတွက် အရမ်းကို ဝမ်းသာပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ တခြား TB ရောဂါရှိသူတွေ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေကို သူမက တီဘီအကြောင်း ပြောပြပြီးတော့ ကုသမှုခံယူဖို့ အမြဲပြောပြပေးပါတယ်။

          ပြည်သူလူထုကို သိစေချင်တာကတော့ TB ဆိုတာက လေကနေတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါဖြစ်လို့ လူတိုင်းကို ကူးစက်နိုင်ပါတယ်ဆိုတာကို သိစေချင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)