နို့ချောင်း၊ နို့ပေါက်ပိတ်ခြင်း
နို့ချောင်းတွေဟာ နို့ပေါက်နဲ့ နို့ထုတ်တဲ့အခန်းတွေကို ဆက်သွယ်ပေးထားပါတယ်။
တစ်ခါတစ်ရံ နို့တိုက်နေရင်း နို့ချောင်းတွေ၊ နို့ပေါက်တွေ ပိတ်ဆို့သွားတတ်ပါတယ်။ ပိတ်တဲ့အချိန်ပေါ်မူတည်ပြီး ရောဂါလက္ခဏာတွေ၊ ကုသမှုတွေ မတူညီပါဘူး။
>> လက္ခဏာများ
1. နို့ပေါက်ပိတ်ခြင်း
နို့ပေါက်ပိတ်တဲ့အခါ နို့သီးခေါင်းမှာ အဖြူ ဖတ်လေးပေါ်လာတတ်ပါတယ်။ နာတာကျင်တာမျိုး ရှိနိုင်ပြီး ကလေးနောက်တစ်ကြိမ် နို့စို့တဲ့အခါ ပြန်ပွင့်သွားတတ်ပါတယ်။
2. နို့ရည်ကြည်ဖု
ပိတ်နေတဲ့နို့ပေါက်ပေါ်မှာ အရေပြားတစ်လွှာအုပ်သွားတဲ့အခါ နို့ရည်ကြည်ဖု ဖြစ်လာပါတယ်။ ဒီနို့ရည်ကြည်ဖုတစ်ဝိုက်မှာရှိတဲ့ အရေပြားဟာ နီရဲပြီး ရောင်လာတတ်ပါတယ်။
3. နို့ချောင်းပိတ်ခြင်း
နို့ပေါက်ပြန်မပွင့်ပဲ ဆက်တိုက်ပိတ်နေတဲ့အခါ နို့ချောင်းပါပိတ်ပြိိးရောင်လာပါတယ်။ ကြာလာတဲ့အခါ အကြိတ်ကြီးဖြစ်လာပြီး မခံနိုင်လောက်အောင် နာကျင်လာပါတယ်။ နို့တိုက်ရတာတောင် အဆင်မပြေလောက်အောင် နာလာတတ်ပါတယ်။
နို့ချောင်းပိတ်တာကို ချက်ချင်းကုသရပါတယ်။ မကုသမိရင် နို့အုံရောင်တာ၊ ပြည်တည်တာတွေအထိ ဖြစ်လာတတ်ပါတယ်။
>> ကုသနည်း
နို့ပေါက်ပိတ်တာကတော့ ကလေးနောက်တစ်ကြိမ်နို့စို့တဲ့အခါ ပြန်ပွင့်သွားလေ့ရှိပါတယ်။ သူ့အလိုလို ပြန်မပွင့်ရင်တော့
• နို့မတိုက်မီရေနွေးအိတ်ကပ်ပေးခြင်း
• နို့တိုက်ပြီးနောက် အနာသက်သာအောင် ရေခဲအိတ်ကပ်ပေးခြင်း
• ရေနွေးနဲ့ရေချိုးပြီး ပိတ်နေတဲ့နေရာကို တဘတ်လေးနဲ့ပွတ်တိုက်ပေးခြင်း
• ရင်သားနဲ့နို့သီးခေါင်းကို ဖွဖွလေးနှိပ်နယ်ပေးခြင်း
• နို့မတိုက်ခင် ရင်သားတွေပျော့သွားအောင် နို့စုပ်ခွက်နဲ့အရင်စုပ်ပေးခြင်း
• ကလေးနို့တိုက်တဲ့အခါ ပိတ်နေတဲ့ဘက်ကို အရင်တိုက်ပေးခြင်း
• နို့တိုက်တဲ့အခါ ကလေးရဲ့အောက်မေးကို ပိတ်နေတဲ့နေရာက အလုံးအပေါ်ထောက်ထားပေးခြင်း
• အနာသက်သာအောင် ပါရာစီတမောလို အကိုက်အခဲပျောက်ဆေးမျိုး သောက်ပေးခြင်း
နို့ရည်ကြည်ဖုဖြစ်လာရင်တော့ ဒီလိုစုပ်ထုတ်ရုံနဲ့ မရတော့ပါဘူး။ ဆရာဝန်ဆရာမတွေနဲ့ ပြသရပါတော့မယ်။
ပိုးသတ်ထားတဲ့ အပ်လေးနဲ့ အရည်ပြားကိုဖောက်ပြီး ပိတ်နေတဲ့အပေါက်ကို ပြန်ဖွင့်ရပါမယ်။ ဒီလိုဖောက်တဲ့အခါ ပိုးမဝင်အောင် အထူးသတိထားပြီး လုပ်ဖို့ိလိုပါတယ်။
>> ကာကွယ်နည်း
နို့ပေါက်နဲ့နို့ချောင်းတွေမပိတ်အောင် ဒီနည်းလမ်းလေးတွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
• ကလေးနို့တိုက်တဲ့အခါ နို့တစ်ဖက်မှာ လုံးဝပျော့ပြီး နို့မကျန်တော့မှ နောက်တစ်ဖက်ကို ပြောင်းတိုက်ရပါမယ်။
• ကလေးနို့ငုံပုံမှန်မမှန်ကို သတိပြုရပါမယ်။
• ကွက်တိတော်မယ့် အတွင်းခံမျိုးကို ဝတ်ပေးပါ။
• အတွင်းခံမှာ အတွင်းဝိုင်ယာကြိုးပါတာ၊ ထိန်းကြိုးတစ်အားကြပ်တာမျိုးကိုတော့ ရှောင်ပေးသင့်ပါတယ်။
• အကျႌကျပ်ကျပ်ဝတ်ခြင်းကို ရှောင်ပါ။
• ကားထိုင်ခုံခါးပတ်တွေ၊ ကလေးချီတဲ့အနှီးကြိုးတွေကို တင်းတင်းကြီးမပတ်ပါနဲ့။
• ကလေးနို့တိုက်တဲ့အနေအထားကို ပြောင်းပြောင်းပေးပါ။
နို့ပေါက်၊ နို့ချောင်းခဏခဏပိတ်နေတတ်တဲ့သူတွေမှတော့ ကလေးနု့ိတိုက်ပုံနို့တိုက်နည်း မမှန်လို့ ဖြစ်နိုင်တာကြောင့် ကျွမ်းကျင်သူတွေနဲ့ ပြသတိုင်ပင်သင့်ပါတယ်။
အောက်ပါပြဿနာတစ်စုံတစ်ရာ ဖြစ်လာပါက ဆရာဝန်နဲ့ ချက်ချင်းပြသပါ။
• ရင်သားနီရဲပြီးရောင်လာခြင်း
• နေထိုင်မကောင်းဖြစ်လာခြင်း
• အဖျားတက်လာခြင်း
ဒါတွေဖြစ်လာခဲ့ရင် နို့အုံရောင်တာ၊ ပိုးဝင်တာတွေ ဖြစ်နိုင်တာကြောင့် သတိပြုဖို့လိုအပ်ပါတယ်။
Dr. Emerald (www.drmyanmar.com)















