/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ဗိုက်ကလေးတွေ-အဖြူဆင်းတာ-စိတ်ပူရလား

ဗိုက်ကလေးတွေ အဖြူဆင်းတာ စိတ်ပူရလား

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ကိုယ်လုံးမှာ အပြောင်းအလဲတွေ ရှိနိုင်ပါတယ်။ တချို့အမျိုးသမီးတွေမှာ တံတွေးတွေ ပိုထွက်တာ၊ နှာရည်ယိုတာနဲ့ မိန်းမကိုယ်က အရည်တွေ ပိုဆင်းတာတွေ ရှိပါတယ်။

          ကိုယ်ဝန်ဆောင်ချိန်မှာ မိန်းမကိုယ်က အရည်တွေ ဆင်းတာကို leucorrhea လို့ခေါ်ပြီးတော့ ကိုယ်ဝန်ဆောင်တစ်လျှောက်လုံးမှာ ပိုပိုပြီးတော့ ဆင်းလာတတ်ပါတယ်။

          ဒီလို ဘာလို့ဖြစ်ရတာလဲဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ estrogen လို့ခေါ်တဲ့ မ ဟော်မုန်း ပိုထွက်လာတဲ့အခါမှာ သားအိမ်နဲ့ မိန်းမကိုယ်တွေဆီကို သွေးစီးဆင်းမှု ပိုကောင်းလာပြီးတော့ အခွဲျလွှာကို သွားလှုံ့ဆော်ပါတယ်။ ဒီလိုအချွဲတွေ ပိုထွက်တာကလည်း မိန်းမကိုယ်မှာရှိတဲ့ ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားဖို့နဲ့ သေနေတဲ့ဆဲလ်တွေကို ဖယ်ရှားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။

 

>>    ကိုယ်ဝန်ဆောင်ချိန်မှာ မိန်းမကိုယ်ကဆင်းတဲ့အရည်က ဘာနဲ့တူလဲ?

          ပုံမှန်ဆိုရင် မိန်းမကိုယ်က ဆင်းတဲ့အရည်က ကျဲတယ်၊ နို့နှစ်ရောင်ဖြစ်ပြီးတော့ အနံ့နည်းနည်း (သို့) လုံးဝမရှိပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း ဒီအတိုင်းပဲ ဆင်းပြီးတော့ ဆင်းတဲ့ပမာဏတော့ ပိုများလာပါတယ်။ ပုံမှန်ကနေ အပြောင်းအလဲရှိရင်တော့ ဆရာဝန်ကို ပြောပြပါ။

          လိင်ဆက်ဆံတဲ့အခါမှာ (သို့) မွေးလမ်းကြောင်းထဲကို စစ်ဆေးတဲ့အခါမှာ သားအိမ်ခေါင်း နည်းနည်းထိမိသွားပြီး သွေးထွက်ရင် ပန်းရောင် (သို့) အညိုရောင်အရည် ဆင်းတတ်ပါတယ်။ အများကြီး မဆင်းရင် စိုးရိမ်စရာမရှိပါဘူး။ ဒါပေမဲ့လည်း စိုးရိမ်ရင်တော့ ဆရာဝန် (သို့) သားဖွားဆရာမကို ပြောပြပါ။

 

>>    ပုံမှန်မဟုတ်တာက ဘယ်လိုမျိုးလဲ?

          မိန်းမကိုယ်က အရည်ပျစ်ပျစ်ကြီးတွေ၊ ဒိန်ခဲလိုမျိုး အဖတ်တွေ၊ အဝါရောင် (သို့) အစိမ်းရောင်တွေ ဆင်းပြီးတော့ မိန်းမကိုယ် ယားရင် (သို့) နာရင် အနံ့ကလည်းနံပြီး ပြင်းတယ်ဆိုရင် ရောဂါပိုး ဝင်နိုင်တဲ့လက္ခဏာဖြစ်လို့ ဆရာဝန် (သို့) သားဖွားဆရာမကို ပြောပြပါ။

          ရေတွေ ဆင်းရင်တော့ ရေမွှာရေထွက်တာဖြစ်နိုင်လို့ စောင့်ကြည့်ဖို့ လိုပါတယ်။

 

>>    အချွဲဆင်းခြင်း

          ကိုယ်ဝန်ဆောင်ချိန်မှာ သားအိမ်ထဲကို ဘက်တီးရီးယားပိုးတွေ ဝင်ရောက်တာကို တားဖို့အတွက် သားအိမ်ခေါင်းမှာ အချွဲပျစ်ပျစ်တွေ ပိတ်ထားပါတယ်။ ကိုယ်ဝန်ဆောင် နောက်ဆုံး ၃ လပတ် နီးလာတာနဲ့ အချွဲတွေက မွေးလမ်းကြောင်းအဝကိုဆင်းလာပြီးတော့ မိန်းမကိုယ်ကနေပြီးတော့ အရည်ကြည်ကြည် (သို့) ပန်းရောင်သန်း (သို့) အညီုရောင်အရည်တွေ ပိုဆင်းလာပါတယ်။ သွေးပါရင်တော့ bloody show လို့ခေါ်ပါတယ်။ ဒါက မွေးမယ်ဆိုတဲ့လက္ခဏာ မဟုတ်ပါဘူး။

ကိုယ်ဝန်ဆောင် ၃၇ ပတ်မတိုင်ခင်မှာ အချွဲတွေ တစ်ပုံကြီး ဆင်းသွားပြီးတော့ မွေးမယ့်လက္ခဏာတွေ မပြသေးဘူးဆိုရင် ဒါကပုံမှန်ပါပဲ။ ဒါပေမဲ့လည်း ကိုယ်တ်ဆောင် ၃၇ ပတ်ကျော်လို့မှ အချွဲတုံးမဆင်းသေးဘဲနဲ့ မွေးခါနီးလက္ခဏာတွေပြရင် ကိုယ့်ရဲ့ဆရာဝန်၊ သားဖွားဆရာမကို ဆက်သွယ်ဖို့ လိုပါတယ်။

 

>>    ကိုယ့်အနေနဲ့ ဘယ်လိုဖြေရှင်းမလဲ?

          အများအားဖြင့်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ မိန်းမကိုယ်က အရည်ဆင်းတာ စိုးရိမ်စရာမရှိပါဘူး။ မိန်းမကိုယ်ထဲကို တန်ပွန်ထည့်တာ၊ အထဲကို ရေပန်းနဲ့ထိုးပြီး ဆေးတာ၊ မိန်းမကိုယ် သန့်စင်ဆေးရည်တွေနဲ့ ဆေးတာတွေက မွေးလမ်းကြောင်းရဲ့ pH ပမာဏကို ပြောင်းလဲစေလို့ မလုပ်ပါနဲ့။ မိန်းမကိုယ်ကို သန့်ရှင်းခြောက်သွေ့အောင် ထားပေးပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)