ဗိုက်ကြီးသည်မေမေကို ကြင်နာပါ၊ ကူညီပါ ဖေဖေတို့ရေ
ကိုယ်ဝန်ဆောင်ရတယ်ဆိုတာက တကယ်ကိုခက်ခဲတဲ့ကာလပါ။ ဒီအချိန်မှာ ခင်ပွန်းက ဝိုင်းဝန်းကူညီပေး၊နားလည်မှုပေးမှ ပျော်ရွှင်ပြီးတော့ သက်တောင့်သက်သာဖြတ်သန်းနိုင်မှာပါ။ အမျိုးသားအများစုက ဇနီးသည်ကိုယ်ဝန်ဆောင်ချိန်မှာ ဘာတွေလုပ်ပေးရမယ်ဆိုတာကိုမသိဘဲနဲ့ ကိုယ့်ရဲ့ဇနီးသည်အလိုအပ်ဆုံးအချိန်တွေမှာ အဝေးကိုရောက်နေတာဖြစ်ဖြစ်၊ မသိလိုက်မသိဘာသာနဲ့လျစ်လျူရှုနေတာမျိုးတွေဖြစ်တတ်ပါတယ်။
ဒါကြောင့်လည်း ဖေဖေတို့အတွက် ကိုယ်ဝန်ဆောင်ဇနီးသည်ကို ပြုစုစောင့်ရှောက်နည်းတွေကို ဝေမျှပေးချင်ပါတယ်။
>> ကိုယ်ဝန်ဆောင်ဇနီးသည်ကိုဘယ်လိုဂရုတစိုက်ပြုစုစောင့်ရှောက်ကြမလဲ
♦ ဇနီးသည်က ကိုယ်ဝန်ရှိနေပြီလို့ပြောတဲ့အခါမှာ သေချာဂရုတစိုက်တုန့်ပြန်မှုပေးဖို့လိုပါတယ်။
ကလေးလေးယူဖို့စိတ်ကူးမရှိသေးတဲ့အချိန်မှာ ကိုယ်ဝန်ရှိနေပြီဆိုတဲ့သတင်းလေးကြားလိုက်ရတဲ့အချိန်မှာ ဘာမှမခံစားရသလိုမျိုးမဖြစ်ဖို့လိုပါတယ်။ ဒီမှာ စိတ်ပျက်သွားတဲ့၊ တုန်လှုပ်ပြီးတော့မျက်ရည်ကျတာ၊ စိတ်ရှုပ်သွားတဲ့အမူအရာတွေနဲ့ ဘာလို့များတားဆေးမသုံးရတာလဲလို့ မေးလိုက်တာမျိုးတွေ လုံးဝမလုပ်သင့်ပါဘူး။ ဒီကိုယ်ဝန်ဆောင်ချိန် ၉ လအတွင်းမှာ ဇနီးသည်ကို ယုံကြည်မှုရှိရှိနဲ့ ဖြတ်သန်းစေပြီးတော့ ကိုယ့်ကိုယ်ကိုလည်း ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် စိတ်ဆုံးဖြတ်ထားဖို့လိုပါတယ်။
♦ ကို်ယ်ဝန်ဆောင်နဲ့ပတ်သက်တဲ့စာအုပ်လေးတွေရှာဖတ်ကြည့်ပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်တွေဘယ်လိုခံစားရတယ်ဆိုတာကို ပိုပြီးသိထားမှသာ ဇနီးသည်ကို ကိုယ်ချင်းစာစိတ်ဖြစ်ပြီးတော့ ဘယ်လိုမျိုးအကူအညီတွေပေးရမယ်ဆိုတာကိုသိမှာပါ။ စာအုပ််တွေကတော့အများကြီးပါပဲ။ ဒီထဲကမှ ကိုယ်ဝန်ဆောင်ချိန်တစ်ဆင့်ချင်းစီမှာ ကိုယ့်ရဲ့ဇနီးသည်ကဘယ်လိုခံစားရတယ်ဆိုတာကို ပြောပြပေးတဲ့စာအုပ်မျိုးလေးတွေဖတ်ပါ။ ကလေးလေးကြီးထွားပုံအဆင့်ဆင့်ကိုလည်း စာအုပ်တွေထဲမှာရေးထားမှာပါ။
♦ ဆရာဝန်ဆီကို ကိုယ်ဝန်သွားပြတဲ့အခါတွေမှာလည်း ဇနီးသည်နဲ့အတူအဖော်လိုက်ပေးပါ။
ဒီလိုလုပ်ပေးတာက ရည်ရွယ်ချက် ၃ ခုရှိပါတယ်။ ပထမဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ ဒါက ကိုယ်ဝန်ဆောင်တစ်လျှောက်လုံး သူမနဲ့အတူရှိနေပေးတယ်ဆိုတာပြသပြီးတော့ ဇနီးသည်ကို အားတက်စေပါတယ်။ ဒုတိယအချက်အနေနဲ့ ကိုယ့်ဇနီးသည်ရဲ့ကိုယ်ဝန်နဲ့ပတ်သက်တဲ့အခြေအနေတွေကိုသိထားပြီးတော့ ကူညီပြီးတော့ပြင်ဆင်ပေးလို့ရပါတယ်။ ဒီတော့ ဆရာဝန်ပြတဲ့အခါမှာ ဆရာဝန်မှာတာတွေကိုသေချာမှတ်ထားဖို့လိုတယ်နော်။ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတွေက စိတ်တွေအရမ်းလှုပ်ရှားနေတော့ မမှတ်မိတာတွေဖြစ်နိုင်တဲ့အတွက် ကိုယ်က ကူမှတ်ပေးပြီးတော့ ဘေးနားကနေ လိုအပ်တာတွေကိုသတိပေးနေလို့ရပါတယ်။ နောက်ဆုံးအနေနဲ့တော့ USG ရိုက်တဲ့အချိန်မှာ ကလေးလေးရဲ့ပုံရိပ်လေးကိုမြင်ရပြီးတော့ သူ့ရဲ့နှလုံးခုန်သံလေးကို ကြားရတာက ကလေးနဲ့ ဖခင်ကြားက မေတ္တာကိုပိုပြီးခိုင်မြဲစေပါတယ်။
♦ ကိုယ်ဝန်ဆောင်ဇနီးသည်ရဲ့ စိတ်ဖိစီးမှုတွေလျော့နည်းစေဖို့ ကူညီပေးပါ။
ကိုယ်ဝန်ဆောင်ချိန်ဆိုတာက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ နှစ်မျိုးလုံးမှာ ဖိအားတွေ၊ အပြောင်းအလဲတွေများပါတယ်။ ဒီတော့ ဇနီးသည်အပေါ်မှာ မလိုအပ်တဲ့ဖိအားတွေမသက်ရောက်စေဖို့ ဂရုစိုက်ပေးပါ။ ဇနီးသည်အနားယူနိုင်ဖို့အတွက် အိမ်အလုပ်လေးတွေကိုတာဝန်ယူပြီးတော့လုပ်ပေးတာမျိုးလုပ်ပေးပါ။
♦ ကိုယ်ဝန်ဆောင်ကို ကောင်းကောင်းအိပ်ပျော်အောင် ကူညီပေးပါ။
ကိုယ်ဝန်လရင့်လာတာနဲ့အမျှ နေရတာ၊ အိပ်ရတာတွေ သက်တောင့်သက်သာမဖြစ်တော့ပါဘူး။ ပက်လက်လှန်အိပ်တဲ့အခါမှာ ကလေးရဲ့အလေးချိန်က မိခင်ရဲ့ကျောရိုးပေါ်၊ နောက်ကျောကြွက်သားတွေပေါ်၊ အူနဲ့ သွေးကြောမကြီးတွေပေါ်မှာသက်ရောက်နေတဲ့အတွက်ကြောင့် နာကျင်မှုတွေ၊ သွေးလှည့်ပတ်မှုမကောင်းတာ၊ အိပ်မပျော်တာတွေကိုဖြစ်စေပါတယ်။ ဒါ့အပြင်ကလေးလှုပ်တာကလည်း ရှိသေးတော့ အိပ်ပျော်ဖို့ခက်တာပေါ့။ ဒီလိုအချိန်မှာ အိပ်ပျော်ဖို့ကူညီပေးနိုင်တဲ့အချက်လေးတွေကတော့ -
- ကိုယ်ဝန်ဆောင်ကို ဘေးစောင်းအိပ်ခိုင်းပြီးတော့ ဖက်လုံးကိုခွထားစေခြင်းဖြင့် အိပ်ရတာကို သက်တောင့်သက်သာဖြစ်စေပါတယ်။
- အိပ်မပျော်ခင်လေးမှာ နောက်ကျောလေးကို ပွတ်သပ်ပေးပါ။
- ဆေးဘက်ဝင် လက်ဖက်ရည်လေးတွေက စိတ်ရောကိုယ်ပါ သက်သာရာရစေပါတယ်။
- ပွေ့ဖက်ပေးပါ။
♦ ကိုယ်ဝန်ဆောင်ဇနီးသည်အပေါ်စိတ်ရှည်ပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်တွေကလည်း အတက်အကျများ၊ ခံစားလွယ်စေပါတယ်။ တစ်ချို့နေ့တွေမှာ ပျော်ရွှင်နေပြီးတော့ တစ်ချို့နေ့ကျတော့လည်း ဘာအကြောင်းမှမရှိဘဲ စိတ်အားငယ်ပြီးတော့ ငိုချင်ငိုနေတတ်ပါတယ်။ ဒီအချိန်မှာ ခင်ပွန်းသည်ရဲ့ စိတ်ရှည်သည်းခံမှုကအရမ်းအရေးကြီးပါတယ်။
ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ဆီးကလည်းမကြာခဏသွားရသေးတယ်။ ဒီလိုအချိန်တွေမှာ ခင်ပွန်းတွေအနေနဲ့ ကိုယ့်ရဲ့ဇနီးသည်ကို ဒီလိုမျိုးတွေကူညီပေးလို့ရတယ်နော်။
နားလည်မှုပေးပါ။ တစ်နေရာရာသွားနေရင်း ဇနီးသည်က ဆီးသွားချင်လို့ လမ်းမှာ၊ ဓာတ်ဆီဆိုင်လိုနေရာမှာရပ်ခိုင်းရင် မငြိုငြင်ပါနဲ့။ အိမ်မှာဆိုရင်လည်း ညဘက်ဆီးထသွားရင်လမ်းကြောင်းရှင်းနေစေဖို့ အိမ်သာသွားတဲ့လမ်းတစ်လျှောက်ကို ရှင်းနေအောင်ထားပေးပါ။
♦ ကိုယ်ကိုယ်တိုင်က ကိုယ်ဝန်ဆောင်နေရသလိုမျိုးပြုမူပေးပါ။
ကိုယ်ဝန်ဆောင်လိုက်နာရမယ့်အပြုအမူတွေ၊ ရှောင်ရမှာတွေကို ဇနီးသည်နဲ့အတူ ခင်ပွန်းကပါရောပြီးတော့ အတူလိုက်ပြုမူပေးခြင်းအားဖြင့် ဒါက စိတ်ခွန်အားကိုရစေပါတယ်။ မိခင်နဲ့ကလေးအတွက် မွေးဖွားရတာလွယ်စေဖို့ ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်းလုပ်ဖို့အရမ်းအရေးကြီးတဲ့အတွက် ဇနီးသည်ကိုတွဲပြီးတော့လမ်းလျှောက်ပေးတာမျိုး သင်တန်းအတူသွားတက်တာမျိုးလေးတွေလုပ်ပေးပါ။
♦ သူမက အရမ်းလှနေပြီးတော့ အရမ်းချစ်ကြောင်းလည်းပြောပေးပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတွေရဲ့ ကိုယ်အချိုးအဆက လုံးဝပြောင်းလဲသွားမှာဖြစ်တဲ့အတွက်ကြောင့် ခင်ပွန်းရဲ့ လှတယ်လို့ပြောတဲ့ စကားလေးနဲ့ ချစ်တယ်လို့ပြောပေးတာက စိတ်ချမ်းသာကျေနပ်မှုကိုပေးစွမ်းနိုင်ပါတယ်။
♦ ကိုယ်ဝန်ဆောင်တွေကြုံရတတ်တဲ့ ပျို့အန်တာတွေဖြစ်တဲ့အခါမှာလည်း ကူညီပေးပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ မစားချင်မသောက်ချင်၊ ဘာစားစားပျို့အန်တတ်တာက ခံရအဆိုးဆုံးပါပဲ။ ဒီလိုခံစားချက်က ကိုယ်ဝန်တစ်လလောက်ကနေပြီးတော့ ကိုယ်ဝန် ၁၂ပတ် ၁၄ ပတ်လောက်အထိကြာတတ်ပါတယ်။ တစ်ချို့ကျတော့လည်း ကိုယ်ဝန်ဆောင်တစ်လျှောက်လုံး ဒီလက္ခဏာတွေကြုံရတတ်ပါတယ်။ ဒီတော့ ဒါတွေကိုသက်သာစေဖို့ အိမ်တွင်းနည်းလမ်းလေးတွ တစ်ခုပြီးတစ်ခုရှာပြီးတော့ ကြိုးစားကြည့်ပေးပါ။
ကိုယ်ဝန်ဆောင်ရတယ်ဆိုတာ အထူးသဖြင့်သက်ဦးကိုယ်ဝန်တွေဆိုရင် အရမ်းကိုစိတ်လှုပ်ရှားပြီးတော့ စိုးရွံ့ကြပါတယ်။ ကိုယ့်ရဲ့ကလေးလေးမှအဆင်ပြေရဲ့လား၊ ကလေးမွေးရင်ဘယ်လိုနေမလဲမသိဘူး၊ ခွဲမွေးရမှာလား၊ ရိုးရိုးမွေးရမှာလား၊ မိခင်ကောင်းတစ်ယောက်မှဖြစ်ပါ့မလားဆိုပြီး စိုးရိမ်မှုပေါင်းများစွာနဲ့ရင်ဆိုင်နေကြရတာပါ။ ဒီတော့ကိုယ့်ရဲ့ဇနီးသည်က တစ်ခုခုကို စိုးရိမ်နေတယ်ဆိုရင် ခင်ပွန်းသည်အနေနဲ့စာတွေဖတ်ပြီးတော့နှစ်သိမ့်အားပေးပေးလို့ရပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
(Unicode)
Dr. Mya Myo Myo Swe (www.drmyanmar.com)














