/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/မိခင်လောင်းတို့-မှီတွယ်အားကိုးရာ-မွန်မြတ်စေတနာရှင်များ

မိခင်လောင်းတို့ မှီတွယ်အားကိုးရာ မွန်မြတ်စေတနာရှင်များ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          အန်းလို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်လေးဟာ ကိုယ်ဝန်ရှိလာပြီဆိုတာ စသိကတည်းက စိတ်မချမ်းမသာ ပူပန်ခဲ့ရပါတယ်။ သူမရဲ့ မိခင်၊ မိသားစုနဲ့ အဝေးမှာဖြစ်ပြီး အမျိုးသားနဲ့အတူ ဒီနယ်ကို မိသားစုလေး တည်ဆောက်ဖို့ ရောက်လာခဲ့ရသူပါ။ စိုးရိမ်သောကကြီးတတ်သူလေး အန်းဟာ အကြောင်းမဲ့တော့ ပူပန်နေတတ်တာမျိုးတော့ မဟုတ်ပါဘူး။

          ငယ်စဉ်က ဖခင်ဟာ  ကားမတော်တဆမှုနဲ့ ဆေးရုံမှာ အပြင်းအထန်ဒဏ်ရာနဲ့ ရေရှည်ကုသပြီးနောက် ပူပန်သောကတွေနဲ့ ထုံလွှမ်းခဲ့ရသူ သူမရဲ့ နုနယ်ငယ်ရွယ်တဲ့စိတ်မှာ ဆေးရုံနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကြောက်တဲ့စိတ် ဝင်သွားခဲ့တာ ဖြစ်ပါတယ်။

          ကိုယ်ဝန်ရှိပြီး နှစ်လကတည်းက သူမဟာ အလွန်ပူပန်နေခဲ့ပါပြီ။ အပ်လည်း အလွန်ကြောက်သူ အန်းဟာ သွေးဖောက်ခံရမှာကို သေမလောက် ထိတ်လန့်သူပါတဲ့။

          သူမဟာ ကိုယ်၀န်ဆောင်စောင့်ရှောက်တဲ့ ကျန်းမာရေးစင်တာရှေ့မှာ စိတ်ပူစွာနဲ့ ရပ်နေရင်း စကားတစ်ခွန်း ပြောနေမိပါတယ်။

          " ကျွန်မ ... ဆေးဆရာတွေ၊ ဆရာမတွေကို ကြောက်တယ် "

          ရှေ့မှာ အတူရှိနေတဲ့ ဝဝဖိုင့်ဖိုင့် အပြုံးချိုချိုနဲ့ အမျိုးသမီးဟာ သူမကို သမင်လည်ပြန် လှည့်ကြည့်လိုက်ရင်း စကားတစ်ခွန်း ဆိုပါတယ်။

          " တို့တွေက ကိုယ်ဝန်ဆောင်တွေကို ကျန်းကျန်းမာမာ သားဖွားနိုင်အောင် ကူညီစောင့်ရှောက်ပေးနေတဲ့ သားဖွားဆရာမပါ " တဲ့။ သူမလေသံက ယုံကြည်မှု ပြည့်၀သောလေသံ။ အေးချမ်းသော လင်းလက်မျက်၀န်းတွေက အရောင်တလက်လက် ထွက်လို့။

          ဆရာမ ဘာနေးဟာ သားဖွားဆရာမ အလုပ်လုပ်ခဲ့တာ ၂၅ နှစ် စွန်းစွန်းရှိပါပြီ။ သူမရဲ့လုပ်သက်နဲ့ အတွေ့အကြုံအရ ကိုယ်ဝန်သည်တွေမှာဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ပိုင်နိုင်ကျွမ်းကျင် နားလည်သူဖြစ်ပါတယ်။

          ဘာနေးနဲ့ နားလည်နိုင်စွမ်းနဲ့ နွေးထွေးကြင်နာသော အပြုအမူတွေ စကားတွေကြောင့် အန်းတစ်ယောက် အားတွေတက်လာကာ သတ္တိတွေ ဝေဖြာခဲ့ရတာပါပဲ။

          ပထမဆုံး ပျို့အန်တာတွေ နေရထိုင်ရခက်တဲ့ အခြေအနေတွေတိုင်းကို ဘာနေးကို သတင်းပို့ ရင်ဖွင့်လေ့ရှိပါတယ်။

          သားဖွားဆရာမကြီးဆီ သွားတိုင်း -

          " ကဲ ... ဘယ်လိုလဲ ... မဗိုက်ကလေး၊ နေကောင်း ကျန်းမာပါရဲ့လား " လို့ အမြဲမေးတတ်တဲ့ ဘာနေး။

           “ ကလေး လှုပ်ရဲ့လား ... အန်သေးလား ... အစားစားနိုင်လား ... လမ်းလျှောက်သေးလား ... စိတ်ညစ်စရာဘာရှိလဲ ... ”

          အချိန်အခါပေါ် မူတည်ပြီး အကျိုးသင့် အကြောင်းသင့် မေးတတ်တဲ့ ကြင်ကြင်နာနာ ဂရုတစိုက် မေးခွန်းတွေကြောင့် သူမ အားတွေ တက်ခဲ့ရပါတယ်။

          ရေမြွှာပေါက်ပြီး ဆေးရုံရောက် မမွေးနိုင်တဲ့အဆုံး ခွဲခန်းကို ဝင်ရပါပြီ။ သူမဟာ အလွန်ထိတ်လန့် ကြောက်ရွံ့နေပေမယ့် သူမရဲ့ လူနာတွန်းလှည်းဘေးမှာ ဖြတ်ခနဲပေါ်လာတဲ့ လက်ဝှေ့ယမ်းပြနေတဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ အရိပ်ကို မြင်မြင်ချင်း နာတာတွေ အကုန်မေ့သွားခဲ့ပါတယ်။

           “ အို ... ဘာကြောက်ရမှာလဲ ... ဘာမှမဖြစ်ဘူး။ ဆရာမဘာနေး ရှိနေတာပဲ။ သူမ ဒီဆေးရုံမှာ ရှိတယ်။ ငါ ဒုက္ခ မရောက်နိုင်ဘူး။ ဘာနေးဟာ ငါ့ကိုဖြစ်တဲ့နည်းနဲ့ ကယ်ပေးမှာ ... ”

          လွယ်ကူချောမွေ့စွာ ခွဲစိတ်မွေးဖွားအပြီး ဆေးရုံကဆင်း အိမ်ပြန်ခဲ့ရပါပြီ။

          “ ငါ့ဆရာမ ဘယ်မှာများ တာဝန်ကျနေပါလိမ့် ... ”

          အိမ်ပြန်ရောက်ရောက်ချင်း ပထမဆုံးစောင့်ကြိုနေသူ ရွှေဧည့်သည်ကတော့ သားဖွားဆရာမကြီး ဘာနေး ဖြစ်ပါတယ်။ ဆေးရုံဂျူတီကအထွက် မောမောပန်းပန်း အပြေးလာခဲ့ရှာတာပါ။ တည်ငြိမ်သော အေးဆေးသော ရင့်ကျက်သော နွေးထွေးမှုပြည့်ဝသော ဆရာမကြီး။ သူမ ကျေကျေနပ်နပ် ရယ်မောလိုက်ပြီး သေးကွေးနုနယ်သော အရာလေးတစ်ခုကို ဆရာမကြီး လက်ထဲထည့်လိုက်ပါတယ်။

          ဖြူလွလွ အနှီးထုပ်လေးကို တယုတယ ပွေ့ထားတဲ့ သားဖွားဆရာမကြီးမျက်နှာက လမင်းကြီးလို ဝင်းဝင်းပပ။ အကြောက်လွန်နေတဲ့ သောကများတဲ့ သွေးဖောက်ရမှာတောင် သေမလောက်ကြောက်တဲ့ မိခင်လောင်းလေးဟာ အခုတော့ မျိုးဆက်သစ်လေးတစ်ယောက်ကို ကျန်းကျန်းမာမာ မွေးဖွားခဲ့ပါလား။

          ကိုယ်ဝန်ဆောင် မိခင်လောင်းတွေရဲ့ ဘဝတစ်လျှောက်မှာ ကိုယ်ဝန်သည်လေးတွေရဲ့ဘဝကို နားအလည်ဆုံး၊ အစာနာဆုံးသူတွေကို ပြပါဆိုရင် အနယ်နယ်အရပ်ရပ်မှာ တာ၀န်ထမ်းဆောင်နေတဲ့ သားဖွားဆရာမတွေကို လက်ညှိုးညွှန်ရမှာ ဖြစ်ပါတယ်။ ကျန်းမာလှပ မိခင်ဘဝတွေကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထောက်ကူမှုပေးနေသော မွန်မြတ်စေတနာရှင် သားဖွားဆရာမများကို ဒီစာလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)