/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/လက်မောင်းအရေပြားအောက်ထည့်သော-သန္ဓေတားပစ္စည်း

လက်မောင်းအရေပြားအောက်ထည့်သော သန္ဓေတားပစ္စည်း

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

လက်မောင်းထဲ ပစ္စည်းထည့်ထားတယ်ဆိုတဲ့စကားဟာ အမျိုးသမီးများနှင့် မစိမ်းလှပါဘူး။
ဒီဆောင်းပါးလေးမှာတော့ လက်မောင်းအောက်အရေပြားမှာထည့်တဲ့ သန္ဓေတားပစ္စည်းနှင့် ပတ်သက်ပြီး ကောင်းကျိုးဆိုးကျိုးနှင့် အသုံးဝင်ပုံများကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
●  Implanon ခေါ် သန္ဓေတားပစ္စည်းဟာ သေးငယ်သောကွေးဆန့်နိုင်တဲ့ ပလတ်စတစ်အချောင်းလေး ဖြစ်ပါတယ်။ ထိုပစ္စည်းလေးဟာ ပရိုဂျက်စတုန်းဟိုမုန်းများကို သွေးထဲသို့ လွင့်ထုတ်ပေးပြီး လစဉ်မျိုးဥကြွေခြင်းဖြစ်စဉ်ကို တားဆီးပေးပါတယ်။
ထို့ပြင် သားအိမ်ခေါင်းအချွဲကို ပိုမိုထူလာစေတဲ့အတွက် သုတ်ပိုးဟာ သားအိမ်ဝသို့ အလွယ်တကူ ဝင်နိုင်ခြင်းမရှိတော့ဘဲ မျိုးအောင်ခြင်းဖြစ်ဖို့ အလားအလာနည်းစေပါတယ်။ နောက်ပြီး သားအိမ်နံရံကို ပါးစေတဲ့အတွက် မျိုးဥလေးအနေနှင့် သန္ဓေအောင်ခဲ့ရင်တောင် သားအိမ်ပေါ်တွင် တွယ်ကပ်နိုင်ခြင်း မရှိစေပါဘူး။
●  ကိုယ်ဝန်မရအောင် ၉၉ ရာနှုန်း တားဆီးပေးနိုင်ပါတယ်။
●  အချို့သောဆေးများကို သောက်ခြင်းကြောင့် သန္ဓေတားပစ္စည်းအာနိသင်ကို ထိခိုက်နိုင်ပါတယ်။

>>  ဘယ်လိုလူမျိုးတွေ အသုံးပြုသင့်လဲ?
အမျိုးသမီးအများစုနှင့် သင့်တော်ပေမယ့် အောက်ပါအချက်ရှိသူများတွင် အသုံးမပြုသင့်ပါဘူး။
●  ကိုယ်ဝန်ရှိနေသူများ
●  ရာသီစက်ဝန်းပုံမှန်ဖြစ်လိုသူများ
●  ရာသီတစ်ခုနှင့်တစ်ခုကြား သွေးဆင်းလေ့ရှိသူ၊ လိင်ဆက်ဆံစဉ် သွေးဆင်းသူ
●  အသည်းရောဂါ၊ နှလုံးရောဂါရှိသူများ၊ လေဖြတ်ဖူးသူများ
●  ရင်သားကင်ဆာဖြစ်နေသူ/ဖြစ်ဖူူးသူများ

>>  ကောင်းကျိုးများ
●  ၃ နှစ်ခံခြင်း
●  လိင်မှုဘဝကို မထိခိုက်ခြင်း
●  အီစတိုဂျင်ပါသောတားဆေးများနှင့် မတည့်သူများ အသုံးပြုနိုင်ခြင်း
●  နို့တိုက်မိခင်များအတွက် အဆင်ပြေခြင်း
●  ပြန်ထုတ်ပြီး မကြာခင် ကလေးရနိုင်ခြင်း
●  ရာသီများများဆင်းခြင်းနှင့် ရာသီလာစဉ် နာကျင်ခြင်းကို သက်သာစေခြင်း

>>  ဆိုးကျိုးများ
●  အစပိုင်းတွင် ခေါင်းကိုက်ခြင်း၊ ရင်သားနာခြင်း၊ စိတ်အတက်အကျမြန်ခြင်းတို့ ကြုံတွေ့ရခြင်း
●  ရာသီမမှန်ခြင်း၊ ရာသီထိန်ခြင်း
●  ဝက်ခြံထွက်ခြင်း
●  လိင်ကတစ်ဆင့် ကူးစက်သောရောဂါများကို မကာကွယ်နိုင်ခြင်း
●  HIV ဆေး၊ တီဘီဆေး၊ အတက်ကျဆေးများ သောက်နေသူများတွင် တားဆေးအာနိသင် လျော့နိုင်ခြင်း စသည်တို့ ဖြစ်ပါတယ်။

>>  သင့်အနေနှင့်
●  ပစ္စည်းကို လက်မောင်းတွင် စမ်းမရခြင်း
●  ပုံစံပြောင်းနေသည်ဟု ခံစားမိခြင်း
●  ပစ္စည်းထည့်ထားသောနေရာတွင် နာကျင်ခြင်း၊ အရေပြားအရောင်ပြောင်းခြင်း
●  ကိုယ်ဝန်ရခြင်းတို့ ဖြစ်ပေါ်ပါက ပစ္စည်းထည့်ပေးသောဆေးခန်းသို့ ပြန်လည်ပြသဖို့ လိုအပ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)