လမစေ့ဘဲ ကလေးမွေးခြင်း
လမစေ့ဘဲ ကလေးမွေးခြင်းဆိုတာဟာ ကိုယ်ဝန်ပတ် 37 ပတ်မပြည့်ခင် ကလေးမွေးခြင်းကို ဆိုလိုပါတယ်။ ပုံမှန်အားဖြင့် ကိုယ်ဝန်ပတ် 38 - 40 အတွင်း မွေးဖွားတတ်ကြပါတယ်။ ဒီလို 37 ပတ် မတိုင်မီမွေးတဲ့ကလေးကို premature baby လို့ခေါ်ပါတယ်။ လမစေ့ဘဲမွေးတဲ့ ကလေးများဟာ အခြားသောကလေးများထက် ရောဂါကူးစက်ခံရခြေ ပိုများပြီး လမစေ့ဘဲမွေးခြင်းသည် ကမ်ဘာတဝှမ်းရှိ မွေးကင်းစကလေးငယ်များ သေဆုံးမှု၏နံပါတ်တစ် တရားခံ ဖြစ်ပါတယ်။
>> ဘယ်လိုမိခင်တွေမှာ လမစေ့ဘဲ ကလေးမွေးခြင်း ဖြစ်နိုင်သလဲ?
ဘယ်လိုမိခင်ဟာ လမစေ့ဘဲ ကလေးမွေးမယ်ဆိုတာကို ပုံသေသတ်မှတ်လို့ မရပါဘူး။ များသောအားဖြင့် -
● မိသားစုမျိုးရိုးရှိသူများ
● ပထမကလေးကို လမစေ့ဘဲမွေးသူများနှင့် ကိုယ်ဝန်ပျက်ကျဖူးသူများ
● အမွှာကိုယ်ဝန်ဆောင်ထားရသူများ
● မျိုးပွားအင်္ဂါလမ်းကြောင်းပိုးဝင်ခြင်း
● သားအိမ်လမ်းကြောင်းတွင် အလုံးအကြိတ်ရှိသူများ
● သွေးထုံးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ သွေးခဲခြင်းနှင့်ဆိုင်သောရောဂါရှိသူများ
● 17 နှစ်အောက်အမျိုးသမီးနှင့် 35 နှစ်အထက်အမျိုးသမီးများ
● သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း IUCD အသုံးပြုရင်း ကိုယ်ဝန်ရသွားသောအမျိုးသမီးများ
● သားအိမ်နှင့် သားအိမ်ခေါင်းပုံံစံမမှန်သူများ
● ပိန်လွန်းခြင်း၊ ဝလွန်းခြင်း
● ကိုယ်ဝန်ဆောင်သောအကြိမ်စိပ်သူများ
● ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးသုံးစွဲသူများ
● စိတ်ဖိစီးမှုများသူများ
● ကိုယ်ဝန်ဆောင်စဉ် သင့်တင့်သော ကျန်းမာရေးစောင့်ရှောက်မှု မခံယူထားသူများ
● သွားဖုံးရောဂါရှိသူများ (သွားဖုံးမှာရှိတဲ့ ရောဂါပိုးမွှားတွေနဲ့ အဲဒီပိုးမွှားတွေကို တိုက်ထုတ်ဖို့ ခန္ဓာကိုယ်က ထုတ်လုပ်တဲ့ Proinflammatory Cytokines တွေက ကိုယ်ဝန်ကို ထိခိုက်စေပါတယ်။)
>> လမစေ့ဘဲ မွေးဖွားခြင်းကို လျှော့ချနိုင်ရန် ဘာတွေလုပ်သင့်လဲ?
● ဆေးလိပ်ဖြတ်ပါ။
● ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းထားပါ။
● ကိုယ်ဝန်နှင့်ပတ်သက်သော ကျန်းမာရေးဗဟုသုတများနှင့် သန္ဓေသားနှင့်ပတ်သက်သော အကြောင်းအရာများကို လေ့လာပါ။
● ကိုယ်ဝန်ဆောင်စဉ် အတောအတွင်း ရောဂါပိုးကူးစက်ခံရပါက စောစီးစွာ ကုသမှုခံယူပါ။
● ကလေးမွေးပြီးနောက် ၂ နှစ်လောက်နေမှ ကလေး ထပ်ယူပါ။
● ကိုယ်ဝန်ဆောင်မိခင်များအား ဖေးမပါ။ ယခုအခါမှာ မိခင်အချို့သည် လမစေ့ဘဲ မိမိမွေးလိုသောနေ့တွင် ခွဲမွေးခြင်းကို ပြုလုပ်လာကြပါတယ်။ ထိုသို့ပြုလုပ်ခြင်းကို ရှောင်ရှားပါ။
>> လမစေ့ဘဲ မွေးတဲ့ကလေးတွေမှာ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဘာတွေဖြစ်လာနိုင်သလဲ?
ဦးနှောက်တွင်းသွေးယိုစီးခြင်း၊ အဆုတ်ရောင်နမိုးနီးယားရောဂါဖြစ်ခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်း၊ ကျောက်ကပ်နှင့်ဆိုင်သောရောဂါများ ခံစားရခြင်း၊ အသားဝါခြင်း၊ အကြားအာရုံနှင့် အမြင်အာရုံချို့ယွင်းခြင်း၊ သွက်ချာပါဒဖြစ်ခြင်း၊ ဖွံ့ဖြိုးမှုနောက်ကျခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးများလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။
လမစေ့ဘဲမွေးလာတဲ့ ကလေးတွေမှာ အဆုတ်ဟာ ကောင်းစွာဖံွံ့ဖြိုးခြင်း မရှိသေးတာကြောင့် အသက်ရှူဖို့အတွက် အခက်အခဲဖြစ်စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အပူချိန်ကို ပုံမှန်အတိုင်းဖြစ်အောင် ထိန်းသိမ်းနိုင်စွမ်းမရှိတာကြောင့် နွေးထွေးအောင်ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ အစားအစာမျိုချရာမှာလည်း အခက်အခဲများ ရှိနိုင်ပါတယ်။
Dr. Htet Htet Aung (www.drmyanmar.com)





























