/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ဝမ်းဗိုက်ထဲက-ကလေးငယ်-ဘယ်အချိန်မှာ-လှုပ်သလဲ

ဝမ်းဗိုက်ထဲက ကလေးငယ် ဘယ်အချိန်မှာ လှုပ်သလဲ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

         အများအားဖြင့်တော့ ကိုယ်ဝန် 16 ပတ်ကနေ 22 ပတ်ကြားမှာ ကလေးစလှုပ်လေ့ရှိပြီးတော့ ဗိုက်ထဲမှာ ရေလှုပ်သလို၊ ပူစီဖောင်းလေးတွေတက်နေသလို၊ အစာမကြေသလိုလို ခံစားရတတ်ပါတယ်။

        ကိုယ်ဝန် 23 ပတ်နဲ့ 30 ပတ်ကြားရောက်လာပြီဆိုရင်တော့ ကလေးလှုပ်တာပိုပြင်းထန််လာပြီးတော့ မိခင်တွေက ကလေးလှုပ်ရှားမှုကို သိသိသာသာခံစားလာရပါတယ်။ ကလေးကန်တာလား၊ လှိမ့်တာလားဆိုတာကိုခွဲခြားလာနိုင်ပြီး ဗိုက်ကိုထိလိုက်ရင် ကလေးက ပြန်ပြီးတုန့်ပြန်တာကို ခံစားရပါတယ်။

        ကလေးတွေလှုပ်ရှားတဲ့ပုံစံက အမေတွေရဲ့အလေ့အထနဲ့မကိုက်ညီဘဲရှိတတ်တဲ့အတွက် အမေတွေညဘက်အိပ်ချိန်မှ ကလေးတအားလှုပ်တာမျိုးရှိနိုင်ပါတယ်။ ဒါက ပုံမှန်ပါပဲ။ အမေတွေအနေနဲ့ ကိုယ့်ကလေးလှုပ်တဲ့ပုံစံကို သတိထားမိနေဖို့လိုပါတယ်။ ဒါမှ ကလေးလှုပ်ပုံမမှန်ရင် (သို့) လုံးဝမလှုပ်တော့ရင် သိနိုင်မှာပါ။ ဒီလိုဖြစ်ရင် နီးစပ်ရာကျန်းမာရေးဌာနကို အမြန်သွားပြပါ။ ဆရာဝန်က ကလေးလှုပ်တာကို စောင့်ကြည့်ပြီး မှတ်သားထားခိုင်းပါလိမ့်မယ်။

        ကလေးပုံမှန်မလှုပ်ဘူးလို့ သံသယရှိတယ်ဆိုရင် ခဏလောက် ငြိမ်ငြိမ်လေးထိုင်နေပါ။ (သို့) လှဲလျောင်းနေပါ။ ရေအေးအေးလေးတစ်ခွက်လောက်သောက် လိုက်ပါ။ သီအိုရီအရဆိုရင် အစာချေလမ်းကြောင်းက သားအိမ်ဘေးမှာရှိတဲ့အတွက် ရေအေးက ကလေးလှုပ်ရှားအောင် လှုံ့ဆော်မှုပေးနိုင်ပါတယ်။ ဗိုက်ကလေးကိုပွတ်ပြီး ကလေးတုန့်ပြန်မှုရအောင် စကားလေးတွေပြောပေးနေပါ။

 

Dr. Mya Myo Myo Swe

www.drmyanmar.com