သတိထားနေတဲ့ကြားက ကိုယ်ဝန် ရှိသွားနိုင်တယ်နော်
ဗိုက်ကိုက ကြီးပဲ ကြီးနိုင်လွန်း ... မလိုချင်ပါဘူးဆို လာပဲ လာနိုင်လွန်းလို့ စိတ်ညစ်ရသူတွေအတွက် ဟောဒီမှာ မမတို့ သတိမထားမိတတ်တဲ့ ဟာကွက်လေးတွေ။ သတိမမူ ဂူမမြင်တဲ့။ နမော်နမဲ့နဲ့ ဂူဝင်မတိုက်မိအောင် ဒါလေးတွေ ရှောင်နော်။
● နို့တိုက်မိခင်တွေမှာ ကလေးမရတတ်ပေမယ့် နို့တိုက်နေတာချည်းကိုပဲ အားထားပြီး ဘာမှမသုံးဘူး ဆိုတာတော့ ဟုတ်သေးဘူးနော့်။ ကလေးမွေးပြီး နှစ်ပတ်အတွင်း ချစ်စရာသားဥလေးက ကြွေပါတယ်လို့၊ ကလေးဆိုးလေးကို ထိန်းချင်ရင် ၄၅ ရက်ပြည့်တာနဲ့ သုံးလခံဆေး ထိုးကြပါ။
● ဆေးသောက်ပြီး သနေ္ဓတားတာတော့ ဟုတ်ပါရဲ့။ ဆေးသောက်နေတုန်း နေမကောင်းလို့ ပဋိဇီဝဆေး သောက်ရရင်တော့ အခြေအနေမလှဘူး မှတ်ပါလေ၊ ပဋိဇီဝဆေး သောက်နေရတော့ ဟိုဆေးကို ကျော်ရင်းခွရင်း ဗိုက်ကြီးသွားတတ်လို့ပါ။
● ဗိုက်နာ၊ ဝမ်းပျက် အန်တာကြုံရရင် အထက်လန်အောက်လျှော ဖြစ်ထားရင် ဆေးစုပ်ယူမှု နည်းသွားတယ်။ ဒီတော့ နလန်ထစ ကဲချင်ရင် အဲလိုရက်ဆို ကွန်ဒုံးလေး ဖြည့်သုံးလိုက်ပါလို့။
● ကွန်ဒုံးစွပ်တာကို ဆရာကျကျ ကျင့်ပါ။ ကွန်ဒုံး အစွပ်မတော်လို့ ပေါက်သွားလို့ ဗိုက်ကြီးရသူတွေ တစ်ပုံတစ်ပင်နော်။
● သားအိမ်တွင်း ပစ္စည်းထည့်ထားပေမယ့် စိတ်ချမနေနဲ့ဦး။ လူတစ်ရာမှာ တစ်ယောက်လောက်က ကိုယ်ဝန် မတော်တဆ ရတတ်သတဲ့။ သိပ်ရှားပေမယ့် အဲဒီတစ်ယောက်က ကိုယ်မဖြစ်ဖို့ ဆုတောင်းလေ။
● ယောကျာ်းက သားကြောဖြတ်ထားတယ်ဆိုရင်း စိတ်ချပြီး ကဲနေလို့မရ၊ သားကြောဖြတ်ပြီး သုံးလအတွင်း ဆရာဝန်က အိုကေပြီလို့ ထောက်ခံမှ စိတ်ချရတယ် ကိုကိုတို့ရေ။
● ကိုယ်က ကလေးမရနိုင်ပါဘူး။ ဘယ်လောက် ကြိုးစားကြိုးစား အဆင်မပြေဘူးလို့ ဒီတိုင်းပဲ လွှတ်ထားပြီးမှ ကောက်ကာငင်ကာ ကိုယ်ဝန် ရသွားတတ်သေးတယ်။ သဘာဝတရားဆိုတာ သိပ်ထူးဆန်းတဲ့အမျိုး။
● ကိုယ်ဝန်ရပြီးမှ ထပ်ရတာ။ ဪ ... ဖြစ်နိုင်တာပဲလေ။ ကိုယ်ဝန်ရှိပြီးသားကိုမှ သားဥကြွေပြီး ယောက်ျားနဲ့ကွက်တိ အတူနေလိုက်ရင် ထပ်ဆင့်ကိုယ်ဝန်ရှိခြင်းဆိုတာ ဖြစ်လာရော။ သားအိမ်ထဲမှာ သနေ္ဓအိတ်တွေ ထပ်တည်လာတာ။ Superfestation လို့ခေါ်တယ်။ အဲဒီအကြောင်းကို အသေးစိတ် ထပ်တင်ပေးပါမယ်။
● သုံးလခံဆေး ထိုးနေပါလျက်နဲ့ ကိုယ်ဝန် ရှိသွားတာ၊ သုံးလခံဆေးကို သုံးလပြည့်တဲ့အထိ မစောင့်ရဘူး။ အနည်းဆုံး တစ်ပတ် ကြိုထိုးရတယ်။ အဲဒါမှ သူ့အာနိသင် လာတဲ့အချိန်နဲ့ ကွက်တိကျတာ။
● သုံးလခံဆေးထိုးပြီး ဆေးဖြတ်လိုက်တော့ ရာသီမလာဘူး။ ရာသီမမှန်ဘူး။ ဒါနဲ့ပဲ ကိုယ်ဝန် မရနိုင်ပါဘူးလို့ အေးနေလို့မဖြစ်။ သားဥပြန်ကြွေလာတဲ့အချိန် အမျိုးသားသုတ်ကောင်နဲ့တွေ့ရင် ကိုယ်ဝန် ရသွားနိုင်သေးတာပဲ။
ကဲ ... ရုတ်တရက် ကိုယ်ဝန်ရသွားနိုင်တဲ့ အကြောင်းအချက်အလက်လေးတွေကို ဗဟုသုတ မျှဝေလိုက်တာမို့ လက်တွေ့အသုံးကျကြပါစေနော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























