သနေ္ဓသားကြီးထွားမှုနှေးကွေးခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းဗိုက်ထဲက သနေ္ဓသားဟာ ပုံမှန်ထက်ကြီးထွားမှုနှေးကွေးနေပြီး ကိုယ်အလေးချိန်ရှိသင့်တာထက် ပိုသေးနေတာကို ဆိုလိုပါတယ်။
ကလေးရဲ့ကြီးထွားမှုနဲ့ ကိုယ်အလေးချိန်ဟာ အရေးကြီးလှပါတယ်။ သေးကွေးကြုံလှီတဲ့ကလေးတွေဟာ မွေးဖွားစဉ်နဲ့ မွေးဖွားပြီးချိန်မှာ ပြဿ နာတွေ ဖြစ်တတ်ပါတယ်။
** ဘာကြောင့်ဖြစ်ရတာလဲ? **
ကလေးကြီးထွားမှုနှေးကွေးစေတတ်တဲ့ အကြောင်းရင်းတွေကတော့
• အချင်းကနေကလေးဆီကို အစာအာဟာရဓာတ် ကောင်းကောင်းမရခြင်း။ အချင်းဆိုတာဟာ သားအိမ်ထဲမှာရှိတဲ့ တစ်ရှူးဖြစ်ပြီး ကလေးဆီကို အချင်းကြိုးနဲ့ တွယ်ဆက်ထားကာ အမေဆီက အစာအာဟာရနဲ့အောက်ဆီဂျင်ဓာတ်ကို ကလေးဆီကို သယ်ဆောင်ပေးပါတယ်။
• နှလုံး၊ ကျောက်ကပ်နဲ့ မျိုးရိုးဗီဇပြဿနာစတဲ့ မွေးရာပါချို့ယွင်းမှုရှိနေခြင်း။ မျိုးရိုးဗီဇဆိုတာဟာ ကိုယ်ခန္ဓာရဲ့ဆဲလ်တွေထဲမှာရှိတဲ့ ကိုယ်ခန္ဓာရဲ့ လုပ်ဆောင်မှုတွေကို လွှမ်းမိုးချုပ်ကိုင်ထားတဲ့ အရာတွေပဲ ဖြစ်ပါတယ်။
• ကိုယ်ဝန်ဆောင်ချိန်သွေးတအားတိုးခြင်း။
• ကလေးမှာရောဂါပိုးမွားတွေရှိနေခြင်း။
• သားအိမ်ပြဿ နာရှိခြင်း။
• ရေမြွာနည်းလွနး်များလွန်းခြင်း။ ကလေးကို ရေမြွာအိတ်ကဝန်းရံထားပြီး ရေမြွာရေတွေက ကလေးကိုကာကွယ်ပေးထားကာ ကြီးထွားစေပါတယ်။
• ဓာတုပစ္စည်းတွေနဲ့ ဓာတ်ရောင်ခြည် ထိတွေ့မှုများခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။
ဒါ့အပြင် မိခင်မှာ
• ဆေးလိပ်သောက်ခြင်း။
• ကျန်းမာရေးနဲ့ညီညွတ်စွာမစားသုံးခြင်း။
• အရက်သေစာသောက်ခြင်း။
• ဆယ်ကျော်သက်ဖြစ်ခြင်း။
• ကိုယ်အလေးချိန်နည်းနေခြငး်။
• အရင်ကိုယ်ဝန်ဆောင်စဉ်ပေါင်မပြည့်တဲ့ကလေးတွေမွေးဖူးခြင်း။
• တရားမဝင်ဆေးတွေသုံးစွဲခြင်း။
• ၂မြွာပူး၊ ၃မြွာပူးဖြစ်နေခြင်း။
• သွေးတိုး၊ နှလုံး၊ အဆုတ်နဲ့ ကျောက်ကပ်စတ့ဲ ရောဂါတွေ ရှိနေခြင်း စတာတွေ ရှိနေခဲ့ရင် ပေါင်မပြည့်တဲ့ကလေးလေးတွေ မွေးတတ်ပါတယ်။
** လက္ခဏာတွေကဘာတွေလဲ? **
အဓိကတစ်ခုတည်းသော လက္ခဏာရပ်ကတော့ တက်သင့်သလောက် ကိုယ်အလေးချိန်တက်မလာတာ၊ ဗိုက်ဟာ ကိုယ်ဝန်အပတ်ထက်သေးနေတာ စတာတွေပဲ ဖြစ်ပါတယ်။
** ဘယ်လိုသိနိုင်မလဲ? **
ဆရာဝန်က စမ်းသပ်စစ်ဆေးပြီး သားအိမ်ကိုတိုင်းထွာပါလိမ့်မယ်။ ကလေးကောင်းကောင်း ကြီးထွားနေမနေကို အဓိကသိနိုင်တာကတော့ အာထရာစောင်းရိုက်ပြီး ကလေးရဲ အရွယ်အစားကို ကြည့်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အာထရာစောင်းက ကလေးရဲ့အသက်ကိုလည်း ခန့်မှန်းနိုင်ပါသေးတယ်။ တစ်ခါ့တစ်လေ ထင်သလောက်ကိုယ်ဝန်မရင့်သေးတာကြောင့်လည်း ဗိုက်ကသေးနေတတ်ပါတယ်။
ကလေးကြီးထွားမှုကို နှောင့်နှေးစေတတ်တဲ့ မျိုူရိုးဗီဇရောဂါတွေ၊ ရောဂါပိုးမွားတွေနဲ့ အခြားရောဂါတွေရှိမရှိကို သွေးနဲ့ ရေမြွာရည်တွေကို စစ်ဆေးကြည့်ပြီး သိရှိနိုင်ပါတယ်။
ကိုယ်ဝန်နောက်ဆုံး၂လမှာ တစ်ပတ်၁ကြိမ်၊ ၂ပတ်၁ကြိမ် အာထရာစောင်းရိုက်ကြည့်နိုင်ပါတယ်။ အာထရာစောင်းရိုက်ခြင်းဖြင့်
• ကလေးရဲ့ကျန်းမာရေး
• ရေမြွာရည်ပမာဏ
• အချင်းသွေးပမာဏ စတာတွေကို စစ်ဆေးကြည့်ရှု နိုင်ပါတယ်။
ကလေးလှုပ်ရှားတဲ့အခါ နှလုံးခုန်နှုန်း ဘယ်လိုပြောင်းလဲသွားလဲဆိုတာကို သိနိုင်ဖို့ ဗိုက်မှာခါးပတ်လိုပတ်ပြီး စမ်းသပ်တဲ့နည်းလည်း ရှိပါသေးတယ်။
** ဘယ်လိုကုသကြမလဲ? **
ကလေးကြီးထွားမှုနှေးနေတယ်လို့ ယူဆခဲ့ရင်
• များများအနားယူဖို့လိုလာပါတယ်။ ဆေးလိပ်ဖြတ်ပြီး အာာရဓာတ်ပြည့်ဝအောင် ဘယ်လိုစားသုံးရမယ်ဆိုတာ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။
• အလုပ်လုပ်တာကို လျော့ဖို့၊ ရပ်ဖို့ လိုပါတယ်။
ကလေးရဲ့နှလုံးခုန်နှုန်းမမှန်တဲ့အခါ၊ ၂ပတ်၃ပတ်အတွင်း မကြီးထွားလာတဲ့အခါ သတိထားရပါတော့မယ်။ ဆရာဝန်က ချက်ချင်းမွေးစေတာ၊ ဒါမှမဟုတ် ကလေးရှင်နိုင်လောက်တဲ့အချိန်မှာ မွေးစေတာမျိုး လုပ်ပါလိမ့်မယ်။ ဒီအခြေအနေမျိုးမှာ ကလေးဟာ အမေ့ဗိုက်ထဲမှာထက်စာရင် ဆေးရုံအထူးကြပ်မတ်ကုသဆောင်မှာ ပိုပြီးကြီးထွားမှု မြန်လာပါလိမ့်မယ်။
ကလေးမွေးချိန်တန်တဲ့အခါ ဆေးတိုက်ပြီီး ကလေးမွေးချင်စိတ်ပေါ်လာအောင် လုပ်ပါလိမ့်မယ်။ အကယ်၍ ရိုးရိုးမွေးခြင်းက အလွန်ဘေးအန္တရာယ်များခဲ့ရင် ခွဲမွေးနိုင်ပါတယ်။
ကလေးကိုစောမွေးဖို့လိုခဲ့ရင် ကလေးရဲ့အဆုတ်ဖွံ့ဖြိုးမှုအတွက် စတီရွိက်ဆေးထိုးပေးပါလိမ့်မယ်။ ဒီဆေးက ကလေးမွေးပြီးချိန်မှာ ကောင်းကောင်းအသက်ရှူ နိုင်အောင် ကူညီပေးပါတယ်။
** ဒီလိုပြဿနာမျိုးမဖြစ်ရလေအောင် မိခင်ဘယ်လိုဂရုစိုက်သင့်သလဲ? **
စောစောနဲ့မှန်မှန် ဗိုက်အပ်ရပါမယ်။ ဒါမှသာ ပြဿနာကို စောစောတွေ့၊ စောစောကုနိုင်မှာ ဖြစ်ပါတယ်။
ကလေးလှုပ်ရှားမှုတွေကို သေချာကြည့်ရှူ မှတ်သားပါ။ ကလေးလှုပ်ရှားမှုနည်းနေရင် ဆရာဝန်နဲ့ ပြသပါ။
• သွေးအဖြေစစ်ဆေးမှုတွေကို ဘယ်အချိန်မှာ လုပ်သင့်သလဲ?
• ဘယ်လိုလှုပ်ရှားမှုတွေကို ရှောင်ကြဉ်ပြီး ဘယ်အချိန်မှာ ပုံမှန်အတိုင်း ပြန်လှုပ်ရှားသင့်သလဲ?
• အိမ်မှာဘာတွေရှောင်၊ ဘာတွေဆောင်ရမလဲ?
• ဘယ်လက္ခဏာတွေကို သတိထားပြီး ဖြစ်လာခဲ့ရင် ဘာလုပ်သင့်သလဲ? စတဲ့မေးခွန်းတွေကို ဆရာဝန်၊ဆရာမတွေကို ကြိုတင်မေးမြန်းထားရပါမယ်။
ဒ့ါအပြင် ဘယ်ရက်ရက်ချိန်းပြန်ပြရမလဲဆိုတာကိုလည်း သေချာမေးမြန်းရပါမယ်။
** ဘယ်လိုကာကွယ်ရမလဲ? **
တစ်ချို့အကြောင်းရင်းတွေက ကာကွယ်လို့မရပေမယ့် အစားအသောက်၊ အနေအထိုင်၊ လှုပ်ရှားမှု၊ နားနေမှုတွေကို သတိထားရပါမယ်။ ဆရာဝန်၊ ဆရာမတွေရဲ့ သတိပေးချက်တွေကို သေချာလိုက်နာရပါမယ်။
• ကျန်းမာရေးနဲ့ညီညွတ်စွာစားသုံးပါ။
• ကဖိန်းဓာတ်ကိုလျော့ပါ။
• ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်ဖြတ်နည်းကို ဆရာဝန်၊ ဆရာမတွေကို မေးမြန်းအကူအညီတောင်းပါ။
• အရက်နဲ့တရားမဝင်ဆေးတွေ မသောက်ပါနဲ့။
• စိတ်ဖိစီးမှုကိုထိန်းချုပ်ပါ။
• သင့်တော်တဲ့လေ့ကျင့်ခန်းတွေနဲ့ ကိုယ်အလေးချိန်ကိုထိန်းသိမ်းပါ။ ဆရာဝန်၊ ဆရာမတွေရဲ့ ညွှန်ကြားချက်ကို လိုက်နာပါ။
• ကလေးကိုထိခိုက်နိုင်တဲ့ ဓာတုပစ္စည်းတွေ၊ ဓာတ်ရောင်ခြည်တွေနဲ့ တတ်နိုင်သလောက် မထိတွေ့အောင်နေပါ။
• တစ်ညကို၇နာရီမှ၉နာရီအတွင်းရအောင် အိပ်ပါ။
အရင်ကိုယ်ဝန်တွေတုန်းက ပေါင်မပြည့်တဲ့ကလေးမွေးဖူးခြင်း၊ သွေးတိုးရောဂါရှိခြင်း စတာတွေဖြစ်ခဲ့ဖူးရင် ဆရာဝန်၊ ဆရာမတွေကို ပြောဆိုတိုင်ပင်ပြီး ထပ်မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
** လက်ခဏာတှကေဘာတှလေဲ? **
Dr. Mya Phoo Ngon (www.drmyanmar.com)






























