သန္ဓေတားဆေး သောက်နေလျက်နဲ့ ကိုယ်ဝန်ရနိုင်ပါသလား
တားဆေးကတ် သောက်နေတဲ့ မမတွေ၊ ညီမလေးတွေအနေနဲ့ ဆေးသောက်နေလျက်နဲ့ ကိုယ်ဝန်ရနိုင်တယ်ဆိုရင် ပါးစပ်အဟောင်းသား ဖြစ်သွားပါလိမ့်မယ်။
နေ့စဉ်သောက်ရတဲ့ တားဆေးကတ်တွေကို နည်းလမ်းမှန်စွာ အသုံးပြုမယ်ဆိုရင် ၉၉ ရာနှုန်းလောက် စိတ်ချရပေမယ့် နည်းလမ်းမမှန်ရင်တော့ ကလေးရနှုန်းဟာ ၉ ရာနှုန်းထိ မြင့်တက်သွားပါလိမ့်မယ်။
>> သန္ဓေတားဆေးလို့ ဆိုတဲ့အခါမှာ ပေါင်းစပ်ဆေးလုံးများနဲ့ ဆေးလုံးငယ်များဆိုပြီး နှစ်မျိုးရှိပါတယ်။
ပေါင်းစပ်ဆေးဆိုတာက အီစတိုဂျင်နဲ့ ပရိုဂျက်စတင်ဟိုမုန်းနှစ်မျိုးကို ပေါင်းထားတာဖြစ်ပြီး ဆေးလုံးငယ်လေးတွေမှာတော့ ပရိုဂျက်စတင်ဟိုမုန်းတစ်မျိုးသာ ပါဝင်ပါတယ်။
အဆိုပါဆေး ၂ မျိုးလုံးကတော့ ကလေးရနိုင်နှုန်း ၉ ရာနှုန်းခန့် ရှိပါတယ်။
>> ဆေးသောက်နေလျက်နဲ့ ကလေးရစေတဲ့ အကြောင်းရင်းတွေကတော့ -
(၁) အချိန်မှန် မသောက်ခြင်း
သင့်အနေနဲ့ နေ့စဉ် ပုံမှန်အချိန်မှာ ဆေးမသောက်ဘူးဆိုပါက ကလေးရနိုင်ချေ မြင့်တက်လာမှာဖြစ်ပါတယ်။ တားဆေးကတ်တွေဟာ ကိုယ်ထဲရှိ ဟိုမုန်းအနေအထားကို ထိန်းသိမ်းဖို့ ပြုလုပ်ထားတာဖြစ်လို့ ပုံမှန်အချိန် မသောက်မိပါက ဟိုမုန်းတွေကို လျော့စေပြီး ကလေးရစေပါတယ်။
(၂) ရာသီစက်ဝန်းကို မှတ်သားပါ
သင့်ရာသီစက်ဝန်းအချိန်ကာလကို မူတည်ပြီး ဆေးသောက်ရမှာ ဖြစ်ပါတယ်။ ဆိုကြပါစို့ သင့်ရာသီဟာဒီနေ့တင် ပြီးသွားတယ်ဆိုပါက ဒီနေ့ ဆေးစသောက်ခြင်းဖြင့် မျိုးဥကြွေခြင်းကို တားဆီးပါလိမ့်မယ်။ ဒီလိုမဟုတ်ပဲ ရာသီလာနေစဉ် အလယ်တည့်တည့်နေ့မျိုးမှာ သောက်ပါက ကလေးရနိုင်ချေ ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အမျိုးသားနဲ့ တူတူနေမယ်ဆို အနည်းဆုံး (၇) ရက်လောက်တော့ ကွန်ဒုံးသုံးသင့်ပါတယ်။
(၃) သေချာစွာ မသိမ်းဆည်းခြင်း
တားဆေးကတ်တွေကို အေးပြီးခြောက်သွေ့သောနေရာတွင်သာ ထားသင့်ပါတယ်။ အပူရှိန်လွန်ကဲတဲ့ နေရာမှာထားရင် ဆေးအာနိသင်ကို ထိခိုက်နိုင်လို့ ကလေး ရနိုင်ပါတယ်။
အခန်းအပူချိန် 25 ဒီဂရီမှာထားတာ အကောင်းဆုံး ဖြစ်ပါတယ်။
(၄) ဝမ်းပျက်ခြင်းနဲ့ ပျို့အန်ခြင်း
သင့်ဟာ ဝမ်းပျက်ခြင်း၊ ပျို့အန်ခြင်းတို့ ဖြစ်ပေါ်ပြီးနောက် ၂ နာရီအတွင်း တားဆေးကတ်ကို သောက်မယ်ဆိုရင် ဆေးကို ကိုယ်ခန္ဓာကနေ ကောင်းစွာစုပ်ယူနိုင်မှာမဟုတ်လို့ ကလေးရနိုင်ချေ များစေပါတယ်။
(၅) အရက်များများ သောက်မိခြင်း
အလွန်အကျွံ အရက်သောက်ခြင်းကလည်း ဆေးအာနိသင်ကို ပျက်ပြားစေသလို ဆေးသောက်ဖို့လည်း မေ့လျော့စေနိုင်ပါတယ်။
(၆) အဆိပ်ထုတ် detox ရေနွေးကြမ်းများနဲ့ ဝမ်းနှုတ်ဆေးများ
ဝမ်းနှုတ်ဆေးနဲ့ detox ရေနွေးတွေက ကိုယ်ထဲက အဆိပ်အတောက်တွေကို ဆေးချလိုက်သလို ဖြစ်စေပြီး တားဆေးကို ကိုယ်ခန္ဓာက ကောင်းစွာ မစုပ်ယူတော့တာမို့ ကလေးရနိုင်ပါတယ်။
အမျိုးသမီးများအနေနဲ့ တားဆေးကတ် သောက်တော့မယ်ဆိုပါက ဆရာဝန်နဲ့ တိုင်ပင်ပြီး နည်းလမ်းမှန်ကန်စွာ သောက်ခြင်းဖြင့် ကလေးရခြင်းကို စနစ်တကျ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























