ကင်ဆာဝေဒနာ ခံစားနေရသူတွေကို ဒါလေးတွေ မပြောမိစေနဲ့နော်
မသိလိုက်ဘဲ လွှတ်ခနဲ ထွက်သွားတဲ့စကားတွေ၊ မစဉ်းစားမဆင်ခြင်ဘဲ တန်းပြောလိုက်တဲ့စကားတွေဟာ ကင်ဆာရောဂါခံစားနေရသူတွေကို စိတ်ဖိစီးစေပြီး ကြေကွဲဝမ်းနည်းစေပါတယ်။ တချို့စကားတွေဟာ ကင်ဆာဝေဒနာရှင်တစ်ယောက်အနေနဲ့ ဘယ်လိုမှ ခံနိုင်ရည်မရှိတဲ့ စကားတွေပါလို့ အဲဒီလိုအပြောတွေကို ကြုံဖူးသူ ကင်ဆာရောဂါရှင်တွေက မျှဝေထားတာပါ။
တပါးသူရဲ့ နှလုံးသားကို စကားလုံးတွေသုံးပြီး ဓားထက်ထက်နဲ့ မွှန်းသလို မဖြစ်ရအောင် အောက်က အဖြစ်အပျက်လေးတွေ ဖတ်ကြည့်ပါဦး။
............................................................................................................................
** " မတွေ့တာကြာပီ အဒေါ်ရေ ... "
" ဟုတ်ပ ... ရင်ဘတ်အကျိတ်ဖြစ်နေတာ ခွဲထားတယ် ... ကင်ဆာလို့တော့ ပြောတာပါပဲ "
" အယ် ... အန်တီ ... သမီးသူငယ်ချင်းအမေလည်း အဲလိုပဲ သိလား ... တလောကမှ ဆုံးသွားတာ "
** " ချောင်းဆိုးတိုင်း သွေးပါနေတာပဲဗျာ ... အဆုတ်မှာ ကင်ဆာကျိတ် တွေ့သတဲ့ "
" ဦးစိန်ရိုးရယ် ... ခင်ဗျားက ဒီလိုဖြစ်မှာပဲ ... ဆေးလိပ်တွေ ဖင်ထောင်ပြီး သောက်လာတာကိုး ... "
" ................ "
** " အကျိတ်က နာလိုက်တာဗျာ ... တစ်ခါနာတိုင်း လဲသေချင်လောက်အောင် ခံစားရတယ် "
" စိတ်ကဖြစ်နေတာလည်း ဖြစ်မှာပါဗျာ ... အဲလောက်ကြီး မဖြစ်နိုင်ပါဘူး "
" ................ "
** " ရောဂါဖြစ်ရတာ မလွယ်ပါလားဗျာ ... အိပ်ရာထဲပဲ ခွေနေချင်တာ "
" အင်း ... ထင်ပါတယ် ... ကျွန်မတောင် နေမကောင်းတဲ့သူတွေမြင်ရင် ကိုယ်ပါ အလိုလို ဖျားချင်လာတာ ... "
" ................ "
** " ဓာတ်ကင်နေတာပဲ ... ကောင်း၊ မကောင်းတော့ မသေချာပါဘူး ... ဖြစ်ချင်တာ ဖြစ်မလာဘူးလေ "
" အခုမှ ဖြစ်ချင်တာ ဖြစ်မလာဘူး မပြောနဲ့ ... အရင်က အစားဆင်ခြင်ပါပြောတုန်းကတော့ ဘယ်တုန်းက နားထောင်ဖူးလို့တုန်း ... စောစောသာ ကုခဲ့ရင် ကောင်းချင် ကောင်းနေမှာ "
" ................ "
** " လူလည်းမော ... အိမ်လည်း မနေရ ... ညီမတွေတောင် မနေ့ကမှ ပြန်သွားကြတာ "
" ကျွန်တော် ထင်တာတော့ အန်တီရဲ့မျိုးရိုးကိုက ကင်ဆာမျိုးဖြစ်မယ် ... အန်တီ့အိမ်က ကျန်တဲ့သူတွေလည်း ဖြစ်ချင်ဖြစ်လာမှာ "
" ................ "
** " ကုနေတာကြာပြီ ... မထူးခြားပါဘူးဗျာ ... "
" အနောက်တိုင်းဆေးကို အထင်ကြီးတာကိုး ... ဗမာဆေး အစကတည်းကလုပ်ရင် ဒီလိုမဖြစ်ဘူးပေါ့ "
" ................ "
** " ဆေးကုရတာ ... စိတ်တွေလည်း ညစ်လှပါပြီ ... ဘယ်တော့မှ အဆင်ပြေမယ် မသိပါဘူး "
" အဲလောက်ကြီး စိတ်မပျော့စမ်းပါနဲ့ဗျာ ... ခင်ဗျားတစ်ယောက်တည်း ဖြစ်နေတဲ့ကိစ္စ မဟုတ်ပါဘူး အားမငယ်စမ်းပါနဲ့ "
" ................ "
............................................................................................................................
ကဲ ... အပေါ်က စကားလေးတွေကို ကင်ဆာဖြစ်နေတဲ့ မိသားစုတွေကို ပြောဘူးလား။ မိဘ၊ မောင်နှမ၊ အစ်ကို၊ အစ်မတွေ ကင်ဆာဖြစ်တဲ့အခါ ပြောမိဖူးလား။ ရင်းနှီးတဲ့သူတွေဆိုပြီး ပြောမိဖူးသလား ... ။
ဘယ်လောက်ပဲ ရင်းနှီးရင်းနှီး အဲဒီလိုစကားတွေ ကြားရတာ စိတ်ပူပန် စိတ်ညစ်တာတွေအပြင် ဘာမှထူးပြီး ကောင်းမလာပါဘူး။ ဒါကြောင့် အကျိုးမရှိတဲ့ ဒီစကားတွေကို ပြောမယ့်အစား အမှန်တကယ် ကိုယ်ချင်းစာနာပြီး ထိရောက်ကောင်းမွန်မယ့် စကားလေးတွေကို သေချာရွေးချယ်ပြီး အားပေးနှစ်သိမ့်မှု ပေးလိုက်ကြရအောင်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























