ကင်ဆာ ဖြစ်စေနိုင်တဲ့ အလေ့အကျင့်ဆိုးတွေ ရှောင်ကြည့်ကြမလား
လမ်းဆုံးလို့ ယူဆထားကြတဲ့ ကင်ဆာ မဖြစ်အောင် နေ့စဉ်ပြုမူ ဆောင်ရွက်နေတာတွေထဲက တချို့ကို ရှောင်ကြည့်ကြမလား။
ကာကွယ်ခြင်းက ကုသခြင်းထက် ကောင်းတယ်ဆိုတော့ အလေ့အကျင့်ဆိုးလေးတွေကို ဆက်မလုပ်ဖြစ်အောင် သတိထားကြည့်ကြရအောင် ...။
● အသားကင်တွေ ဟင်းတူးတူးတွေ မစားနဲ့နော်။ တူးနေတဲ့ အမည်းရောင် သန်းသွားတဲ့ အကင်တွေ၊ ကြွပ်ကြွပ်လေးနဲ့ မီးခိုးနံ့ထွက်နေတဲ့ စတူးဟင်းတွေက ကင်ဆာ ဖြစ်စေတယ်နော်။ သက်သတ်လွတ်သမားတွေက အသားစားများသူတွေထက် ကင်ဆာဖြစ်နှုန်း သိသိသာသာ နည်းနေတတ်ပါသတဲ့။
● အရက်သောက်၊ ဝိုင်သောက် လျှော့ပါတော့။ တစ်ရက်ကို နှစ်ခွက်နှုန်း သောက်လာသူတွေမှာ ရင်သားကင်ဆာ၊ အသည်းကင်ဆာနဲ့ အူမကြီးကင်ဆာတွေ ဖြစ်နိုင်ပါတယ်။
● ဖန်ခွက်နဲ့ သောက်မလား၊ ပလတ်စတစ်ဘူး သုံးမလား။ ပလတ်စတစ်ဘူးထဲမှာ ရေရှည်ထည့်ထားတဲ့ အစားအစာတွေ၊ ရေတွေက BPA ဓာတုပစ္စည်း ထွက်လာပြီး ကင်ဆာဖြစ်စေသတဲ့။ ရေတို့၊ မုန့်ခြောက်တို့ကို ဖန်ဘူးလေးတွေနဲ့ ခွဲထည့်ထားနော်။
● ဖုန်းဘေးမှာ ထားအိပ်ရင် ဦးနှောက်ကင်ဆာ ဖြစ်စေတယ်။ ဖုန်းက ထုတ်လွှတ်တဲ့ ရောင်ခြည်တွေက ဦးနှောက်ကို အကျိတ် တည်စေလို့ ညအိပ်ရင် ဖုန်းနဲ့လူ တခြားစီ အိပ်ပါလို့။
● အထိုင် သိပ်မများနဲ့။ အထိုင် သိပ်ကြာရင် အဝလွန်လာပြီး သားအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာ အဖြစ်များလာတာ တွေ့ရပါသတဲ့။ လှုပ်လှုပ်ရှားရှား နေပါလို့။
● အဝတ်လျှော် ဆပ်ပြာမှုန့်တွေမှာ ပါဝင်တဲ့ ဒိုင်အောက်ဇိမ်းက ကင်ဆာ ဖြစ်စေပါသတဲ့။ ဆပ်ပြာမှုန့်ကိုင်ပြီး ရေစင်စင်ဆေးဖို့၊ လက်အိပ်သုံးဖို့ မမေ့ပါနဲ့နော်။
● ချိုင်းချွေးနံပျောက်ဆေးတွေ သိပ်သုံးလွန်းရင် ရင်သားကင်ဆာနဲ့ ဆက်စပ်လာစေသတဲ့။ သဘာဝထုံးရည်ကြည် သို့မဟုတ် ကျောက်ချဉ်သုံးတာ စိတ်ချရပါတယ်။
● ခံတွင်းကျန်းမာရေး အလေးမပေးရင် သွားဖုံးရောဂါတွေ ဖြစ်ပွားလာပြီး အဆုတ်နဲ့ အူမကြီးကင်ဆာ ဖြစ်ပွားနှုန်း ၂၄ ဆ တက်လာစေသတဲ့။
● ညကို အိပ်ရေး ဝအောင်လည်း အိပ်နော်။ အိပ်ရေးမဝဘဲ မယ်လတိုနင် နည်းလာတဲ့အခါ ဆီးကျိတ်ကင်ဆာဖြစ်တာနဲ့ ဆက်စပ်နေတတ်သတဲ့။
● အမွှေးတိုင်တွေ သိပ်မသုံးနဲ့နော်။ အမွှေးတိုင်တွေမှာ ပါဝင်တဲ့ ဗန်ဇိန်းနဲ့ တော်လူရင်း ခဏခဏ အရှူများရင် ကင်ဆာဖြစ်စေသတဲ့။
● ဖုန်တွေ၊ အမှုန်တွေ၊ မီးခိုးတွေ သိပ်အထိတွေ့များရင် အဆုတ်ကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာ အဖြစ်များလာသတဲ့။
● ဘေဘီပေါင်ဒါ၊ ကလေးပေါင်ဒါမှုန့်တွေ အသုံးများရင် သားအိမ်အမြှေးကင်ဆာ ဖြစ်စေတတ်သတဲ့။
● မိတ်ကပ်တွေ၊ အရေပြားလှပစေတဲ့ စကင်းကဲတွေကလည်း ဓာတုပစ္စည်းတွေဆိုတော့ သင့်အရေပြားကို ပြဿနာပေးနေနိုင်သေးတာလည်း မမေ့ဖို့ပါ။ သဘာဝအလှကလည်း အကောင်းဆုံး ကင်ဆာကာကွယ်မှုပါပဲ။ အဲ ... ဒါပေမဲ့ နေရောင်ကာဆေး sunscreen တော့ သုံးပေးပေါ့။ သိပ်ပြင်းတဲ့နေရောင်က အရေပြားကင်ဆာ ဖြစ်စေပါသတဲ့။
● ကားကို နေပူထဲ ရပ်ထားပြီးရင် တံခါးတွေဖွင့်ပြီး လေ အရင် ဝင်/ထွက်ပါစေနော်။ ကားထဲ လှောင်နေတဲ့ လေကလည်း Benzene နဲ့ ရောနှောနေတာကြောင့် ကင်ဆာဖြစ်စေဖို့ တွန်းပို့နေပါတယ်။
● ရေများများ သောက်တာလည်း ဆီးအိမ်ကင်ဆာ ကာကွယ်နည်းပါပဲ။ မကောင်းတဲ့ဓာတ်တွေ၊ အညစ်အကြေးတွေကို ရေများများသောက်ပြီး ဆီးအိမ်ကနေ စွန့်ထုတ်ပေးဖို့ လိုတယ်နော်။
ကင်ဆာဖြစ်စေတဲ့ အမူအကျင့်လေးတွေကို ရှောင်နိုင်သလောက် ရှောင်ရင်း ကျန်းမာလှပ လူမှုဘဝကို ဖန်တီးကြရအောင် ...။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























