ကလေးမရနိုင်သော လက္ခဏာများ
အိမ်ထောင်ဘက်စုံတွဲတွေမှာ ကလေးမရနိုင်တဲ့ပြဿနာတွေ ကြုံတွေ့ကြရလေ့ရှိပါတယ်။ ဒီအတွဲတွေ အတော်များများမှာဆိုရင် ဘာလက္ခဏာမှ မတွေ့ရပါဘူး။ ဆိုလိုတာက သူတို့ကလေးယူဖို့ မကြိုးစားခင်အထိ သူတို့မှာ ကလေးမရနိုင်တဲ့လက္ခဏာရယ်လို့ သံသယဖြစ်စရာ ဘာအချက်မှကို မရှိပါဘူး။
ဒါကြောင့် ကလေးရဖို့ ကြိုးစားပြီး တစ်နှစ်ကျော်တဲ့အထိ ကလေးမရဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ အမျိုးသမီးအသက် ၃၅ နှစ်ထက် ကျော်သွားပြီဆိုရင်တော့ အချိန်က ၆ လအထိ နောက်ကျတတ်ပါတယ်။ ကလေးမရနိုင်တဲ့ပြဿနာက အသက်ကြီးလေလေ ပိုမြင့်လာလေပါပဲ။
>> ကလေးမရသော လက္ခဏာများ
ကလေးမရနိုင်တဲ့လက္ခဏာတွေက အခြားနောက်ခံအခြေအနေတွေနဲ့ မကြာခဏဆိုသလိုပဲ ဆက်စပ်နေပါတယ်။ ဥပမာ - မကုသဘဲထားတဲ့ chlamydia ရောဂါတွေရဲ့ 10-15% လောက်က အမျိုးသမီးမျိုးပွားအင်္ဂါများ ရောင်ရမ်းခြင်း (PID) ကို ဖြစ်စေပါတယ်။ PID က သားဥပြွန်ကို ပိတ်ဆို့စေတဲ့အတွက် သနေ္ဓအောင်ခြင်းမဖြစ်အောင် တားဆီးထားပါတယ်။
အမျိုးသားရော အမျိုးသမီးမှာပါ ကလေးမရနိုင်စေတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ တကယ်လို့ ကိုယ်က ဒါနဲ့ပတ်သက်ပြီး စိုးရိမ်နေတယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
>> အမျိုးသမီးများတွင် အဖြစ်များသော ကလေးမရသည့် လက္ခဏာများ
1. ရာသီမမှန်ခြင်း
အမျိုးသမီးတစ်ယောက်မှာ ပျမ်းမျှရာသီစက်ဝန်းကြာချိန် ၂၈ ရက် ဖြစ်ပါတယ်။ ရာသီပုံမှန်လာနေတယ်ဆိုရင် ဒီ ၂၈ ရက်နဲ့ ရက်အနည်းငယ် အတိမ်းအစောင်းရှိတာက ပုံမှန်ပါပဲ။ ဥပမာ - အမျိုးသမီးတစ်ယောက်က ဒီလမှာ ၃၃ ရက်ကြာရင် ရာသီလာတယ်၊ နောက်လမှာ ၃၁ အကြာမှာ လာပြီးတော့ နောက်တစ်လမှာကတော့ ၃၅ ရက်အကြာမှာ လာတယ်ဆိုရင် ဒါကပုံမှန်ပါပဲ။
ဒါပေမဲ့ ရာသီလာချိန်တွေက အရမ်းကွာနေပြီးတော့ ဘယ်အချိန်လာမယ်ဆိုတာကို ကိုယ့်ဟာကိုယ်တောင်မှ မခန့်မှန်းနိုင်တော့ဘူး ဆိုရင်တော့ ဒါကို ရာသီမမှန်ဘူးလို့ ခေါ်ပါတယ်။ ဒါက ဟော်မုန်းပြဿနာ၊ သားဥအိမ်တွင် ရေအိတ်များစွာ တည်သောရောဂါလက္ခဏာစု စတာတွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။ ဒီရောဂါနှစ်ခုစလုံးက ကလေးမရနိုင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
2. ရာသီလာရင် ကိုက်ခဲပြီးတော့ အများကြီးလာခြင်း
အမျိုးသမီးအများစုက ရာသီလာရင် ဗိုက်အောင့်တတ်ပါတယ်။ ဒီလိုဗိုက်အောင့်တာက ပုံမှန်အလုပ်တွေတောင် မလုပ်နိုင်လောက်အောင် အနှောင့်အယှက်ပေးတယ် ဆိုရင်တော့ ဒါက endometriosis ကြောင့် ဖြစ်နိုင်ပါတယ်။
3. ရာသီ လုံးဝမလာခြင်း
အမျိုးသမီးတွေမှာ ဟိုဟိုဒီဒီ အကြောင်းအရာကြောင့် တစ်လလောက် ရာသီပျောက်သွားတာမျိုး ဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုတွေ၊ အလုပ်ဖိစီးမှုတွေကြောင့် ရာသီခဏ ပျောက်သွားနိုင်ပါတယ်။ ဒါပေမဲ့လည်း လအတော်ကြာအောင် ရာသီမလာရင်တော့ မျိုးပွားခြင်းနဲ့ဆိုင်တဲ့ ဆေးစစ်တာတွေလုပ်ကြည့်ဖို့ လိုပါတယ်။
4. ဟော်မုန်းအတက်အကျ လက္ခဏာများ
ဟော်မုန်းအတက်အကျများတဲ့ လက္ခဏာတွေကလည်း မျိုးပွားခြင်းဆိုင်ရာပြဿနာတွေ ဖြစ်နို်င်ချေ ရှိပါတယ်။ အောက်ပါလက္ခဏာတွေ ခံစားနေရရင် ဆရာဝန်န ဲ့ဆွေးနွေးကြည့်ပါ။
● အရေပြားပြဿနာများ
● ကာမဆန္ဒ လျော့ကျခြင်း
● မျက်နှာတွင် အမွေးများပေါက်ခြင်း
● အမွေးကျဲသွားခြင်း
● ကိုယ်အလေးချိန် တက်ခြင်း
5. အမျိုးသားနှင့်အတူနေလျှင် နာကျင်ခြင်း
အချို့အမျိုးသမီးတွေက ဘဝတစ်လျှောက်လုံးမှာ လိင်ဆက်ဆံရင် နာကျင်မှုကို တွေ့ကြုံကြရလေ့ရှိတဲ့အတွက် ဒါကိုပုံမှန်ပဲလို့ ခံယူထားကြလေ့ ရှိပါတယ်။ တကယ်တော့ ဒါက ပုံမှန်မဟုတ်ပါဘူး။ ဒါက endometriosis (သို့) အခြားကလေးမရနိုင်ခြင်းကို ဖြစ်စေတဲ့ ပြဿနာတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။
>> အမျိုးသားများတွင် အဖြစ်များသော ကလေးမရခြင်းဆိုင်ရာ လက္ခဏာများ
1. ကာမဆန္ဒများ ပြောင်းလဲခြင်း
အမျိုးသားတစ်ယောက်ရဲ့ သနေ္ခအောင်နို်င်စွမ်းက သူ့ရဲ့ဟော်မုန်း ကျန်းမာရေးအပေါ်မှာ အများကြီး တည်မှီနေပါတယ်။ ဟော်မုန်းလွှမ်းမိုးမှုကြောင့် ဖြစ်လေ့ရှိတဲ့ လိင်ဆက်ဆံလိုစိတ် အပြောင်းအလဲတွေကလည်း သနေ္ဓအောင်ခြင်းနဲ့ ပတ်သက်ပြီး ပြဿနာရှိနေပြီိဆိုတာကို ညွှန်ပြနိုင်ပါတယ်။
2. ဝှေးစေ့နာခြင်း (သို့) ရောင်ရမ်းခြင်း
ဝှေးစေ့ရောင်ခြင်း၊ နာခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်း အမျိုးမျိုးရှိပြီး ဒီထဲက အတော်များများက ကလေးမရခြင်း ဖြစ်နို်င်ချေ များစေပါတယ်။
3. လိင်တံ ထောင်မတ်အောင် ထိန်းမထားနိုင်ခြင်း
လိင်တံ ထောင်မတ်အောင် ထိ်န်းထားနိုင်စွမ်းကလည်း ဟော်မုန်းပမာဏအပေါ်မှာ မူတည်နေတတ်ပါတယ်။ ဟော်မုန်းနည်းတယ်ဆိုရင် ကလေးရနိုင်ဖို့မှာ ပြဿနာတွေ ကြုံရနိုင်ပါတယ်။
4. သုတ်ရည် ပန်းထွက်ခြင်းတွင် ပြဿနာရှိခြင်း
သုတ်ရည်မထွက်နိုင်တဲ့ပြဿနာ ကြုံတွေ့နေရရင်လည်း ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုနေပါပြီ။
5. ဝှေးစေ့သေးပြီး မာနေခြင်း
ဝှေးစေ့က သုတ်ပိုးတွေရဲ့ နေအိမ်ဖြစ်တဲ့အတွက် ဒီဝှေးစေ့ကျန်းမာရေးက အမျိုးသားတွေရဲ့ သနေ္ဓအောင်နိုင်စွမ်းနဲ့ အတော်ကြီး ဆက်စပ်နေပါတယ်။ ဝှေးစေ့သေးပြီး မာကျစ်နေခြင်းက ဆရာဝန်နဲ့ ပြသရမယ့်ပြဿနာပါ။
>> ကလေးရဖို့ ကြိုးစားနေတဲ့ စုံတွဲတွေရဲ့ 15-20% လောက်က ကလေးမရနိုင်တဲ့ပြဿနာကို ကြုံတွေ့နေကြရပါတယ်။ ဒါက 40% လောက်က အမျိုးသမီးတွေရဲ့ ပြဿနာကြောင့်ဖြစ်နိုင်ပြီး 30-40% လောက် အမျိုးသားတွေကြောင့်ဖြစ်ကာ နှစ်ယောက်ပေါင်းပြဿနာက 20-30% လောက် ပါ,ပါတယ်။
>> ကလေးမရနိုင်ဘူးလို့ သတ်မှတ်ခံရရင်တောင်မှာ စိတ်ဓာတ်မကျပါနဲ့။ ဆေးပညာက အမြဲဆန်းသစ်တဲ့နည်းလမ်းတွေကို ရှာဖွေနေပါတယ်။ ဆရာဝန်နဲ့ ဆက်တိုက်ပြပြီး ဆွေးနွေးနေပါ။ ကလေးမရနိုင်ဘူးလို့ သတ်မှတ်ပြီးရင်တောင်မှ ကလေးရနိုင်ချေ ရှိနေပါသေးတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)





























