/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုက်တယ်-နာတယ်-ညောင်းတယ်

ကိုက်တယ် ... နာတယ် ... ညောင်းတယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

" အမလေး ... ကျွတ်ကျွတ်စ် ... ဆရာမရယ် ... နာလိုက်တာ ... ညောင်းကိုက်ခဲနေတာပဲ ... "
ဒေါက်တာမြန်မာတို့ဆေးခန်းမှာ လူနာတွေဆီက ကြားနေကျစကားလေးတွေ ... လူမှန်ရင် အကိုက်အခဲ အညောင်းနဲ့ မကင်းနိုင်ကြသူတွေပီပီ ... ကိုက်လို့ နာလို့ ညောင်းလို့ အမြဲဆေးခန်းပြတတ်ကြသူတွေအတွက် ဗဟုသုတတိုးစေရေး မျှဝေပါရစေ။
အားကစားလုပ်သူတွေမှာ စလုပ်လုပ်ချင်း လေးငါးရက်အတွင်း ကိုက်တာခဲတာဟာ ဆိုးလွန်းလို့ မမြှောက်နိုင်၊ မကြွနိုင်လောက်အောင် အတော်ခံရပါတယ်။ လေ့ကျင့်ခန်း လုပ်စမရှိတာကြောင့် စလုပ်ခါစမို့် ခံနိုင်ရည်မရှိတာပါ။ ဆက်သွားရင် သက်သာပါတယ်။ တချို့တွေကျ အစမှာ သိပ်ပြင်းပြင်းထန်ထန်တွေလုပ်တဲ့အခါ ကြွက်သားတွေ ဒဏ်ဖြစ်တာမျိုး၊ အရွတ်တွေ စုတ်ပြဲတာမျိုးပါ တွဲတတ်ပါတယ်။ အဲဒါဆိုရင် မခံမရပ်နိုင်အောင် နာတဲ့အပြင် ရောင်ရမ်းကိုက်ခဲလာပါတယ်။ ချက်ချင်းနားလိုက်ပါ။ ဖြစ်တဲ့နေရာကို (ဥပမာ - ခြေထောက်၊ လက်) တွေကို အမြင့်ကို မြှောက်ထားပါ။ ရေခဲဝတ်ကပ်ပါ။ ပတ်တီးအပျော့စည်းထားပါ။ လိုအပ်ရင် ဆရာဝန်နဲ့ ပြသဆေးထိုးဖို့ စမ်းသပ်ဖို့ မတွန့်ဆုတ်ပါနဲ့။
ဆေးခန်းလာတဲ့ သီလရှင်ဆရာကြီးတစ်ယောက်၊ အသက်လေးဆယ်ကျော် ခပ်ဝဝ၊ ပေါင်တံတစ်ကြော ခါးကနေ နောက်အောက်ပိုင်းထိ ကိုက်ခဲပြီး ကျင်ပါသတဲ့၊ Sciatica လို့ခေါ်တဲ့ အာရုံကြော ညှပ်တာ၊ ပိတာ ဖြစ်ပါတယ်။ ဆရာဝန်ပြရင် သောက်ဆေးပေးသလိုလိုအပ်ရင် အကြောအဆစ်ပညာရှင်နဲ့ ပြသပေးပါလိမ့်မယ်။ သက်သာချင်ရင် အိပ်ရာထဲမှာ နားတာနဲ့ မနားတာ သိပ်တော့မကွာပါဘူး။ အဓိကက ကြွက်သားတွေ ပြေလျော့စေတဲ့ ဆေးရယ်၊ အကြောလျှော့တာရယ် ... ယောဂလေ့ကျင့်ခန်းရယ် ပေါင်းစပ်ပြီး ကုရတာ ဖြစ်ပါတယ်။ သက်သာပေမယ့်  အရှင်းပျောက်ဖို့ ခက်ပါတယ်။
နောက်ထပ် ဆီးချိုသမားတွေမှာဖြစ်တတ်တဲ့ ပခုံးဆစ်အရွတ် ရောင်ရမ်းပြီး တောင့်တင်းနေတာမျိုး။ အသက်ကြီးလို့ ဖြစ်လာတာပါ။ အသက် ၃၀ ကနေ ၆၀ အရွယ်တွေမှာ အဖြစ်များပါတယ်။ ဆရာဝန်ကတော့ သောက်ဆေး၊ လိမ်းဆေး ပေးပါမယ်။ အကြောပညာရှင်နဲ့ ပြသရင် လေ့ကျင့်ခန်းလုပ်နည်းတစ်ခုဖြစ်တဲ့ Range of Motion လို့ခေါ်တဲ့ အဆစ်တွေကို ဖြည်းဖြည်းချင်း လှုပ်ရှားကြည့်တဲ့လေ့ကျင့်ခန်းတွေ သင်ပေးပါလိမ့်မယ်။

>>  ဇက်ကြောတက်တာ
ဂုတ်ကြောတွေ တင်းနေတာတွေလည်း လူတိုင်းဖြစ်ဖူးကြပါတယ်။ သွေးတိုးရင်လည်း ဇက်ကြောတွေထိုး၊ ဂုတ်ကြောတွေ တင်းလာတတ်ပါတယ်။ သွေးချိန်ပါ။ မျက်စိအမြင်အာရုံ စမ်းသပ်ပါ။  တစ်ခါတလေ လည်ပင်းကျီးပေါင်းတက်တာနဲ့ တွဲတတ်ပါတယ်။  ခေါငိးကို ဟိုဘက်ဒီဘက်လှည့်ရင် ချာချာလည်အောင်မူးတဲ့ အခါ ဆရာဝန်ပြပြီး လည်ပင်းရိုးဓာတ်မှန်ရိုက်ပေးပါ။ ဓာတ်မှန်အခြေအနေပေါ် မူတည်ပြီး သောက်ဆေး၊ လေ့ကျင့်ခန်း လိုက်ရတတ်ပါတယ်။
မနက်မိုးလင်းရင် လက်ချောင်းလေးတွေ၊ အဆစ်လေးတွေ တင်းနေတာ၊ ထုံတာတွေရှိခဲ့ရင် ကိုယ်ခံအားနဲ့ဆိုင်တဲ့ ရောဂါတစ်ခုခု ဖြစ်နိုင်ပါတယ်။ တခြားအဆစ်တွေပါ တွဲပြီးနာတတ်တာ၊ မျက်နှာမှာနေပူမိရင် အကွက်တွေထတာ၊ အကြောင်းအရင်းမရှိဘဲ ကြုံလှီတာ၊ ရာသီမမှန်တာ၊ ပိန်တာတွေပါ ရှိနေခဲ့မယ်ဆိုရင် နောက်ကွယ်က ရောဂါတစ်ခုခုကိုပါ ရှာဖွေသင့်ပါတယ်။
ခြေထောက်မှာ ခြေမကြီးတစ်ချောင်းထဲ ရောင်ပြီး ကိုက်လာတာ ကြုံရတတ်သူတွေအတွက်ပါ၊ ဂေါက်ရောဂါလို့ ခေါ်ပါတယ်။ Uric Acid လို့ခေါ်တဲ့ ဓာတ်တစ်မျိုး သွေးထဲမှာများနေလို့ ဖြစ်ပါတယ်။ အရိုးဆက်နေရာတွေမှာ ယူရစ်အက်စစ်တွေ စုပုံပြီး ပိတ်ပြီး ရောင်ကိုင်းလာတာပါ။ သွေးစစ်ပြီး ဆေး ရေရှည်သောက်ဖို့ လိုလေ့ရှိပါတယ်။ အမဲသား၊ အသည်းအမြစ်၊ ခရမ်းချဉ်သီး၊ ဘီယာတွေ လုံးဝရှောင်ပေးပါ။
တစ်ခါက ဒေါက်တာမြန်မာတို့အိမ်က မောင်လေးတစ်ယောက် သမံတလင်းပေါ် လဲပြီး ဒူးကြီး ရောင်ကိုင်းလာပါတယ်။ အရိုး ကျိုး၊ မကျိုး ဓာတ်မှန်ရိုက်တယ်။ ကံကောင်းစွာ မကျိုးပါ။ ပတ်တီး ဖိစည်းတယ်။ နားတယ်။ မသက်သာပါ။ ပိုလို့သာ ရောင်ကိုင်းလာပြီး အထိမခံနိုင်တော့ပါ။ နောက်ဆုံး အရိုးဆရာဝန်ဆီခေါ်သွားတော့ အရိုးဆရာဝန်က အဲဒီဒူးဆစ်ထဲကို အပ်စိုက်ပီး စုပ်ထုတ်လိုက်ရာ သွေးပုပ်တွေ ပြွန်တံနဲ့ တစ်ချောင်း ထွက်လာပါတယ်။ Hemarthrosis လို့ခေါ်တဲ့ ထိခိုက်ဒဏ်ကြောင့် သွေးယိုပြီး အဆစ်ထဲမှာ သွေးတွေ စုနေတာ ဖြစ်ပါတယ်။ ဒီထက် နည်းနည်းကြာသွားရင် ပိုးဝင်ပြီး အရိုးပြည်တည်နာ ဖြစ်ပါပြီတဲ့။ ကံကောင်းစွာ အချိန်မီလေးပါပဲ။ ဒီတော့ မကျိုးဘဲ ဆက်ရောင်လာရင် မသက်သာရင် အရိုးဆရာဝန်ဆီ ပြပေးတာဟာ မှန်ကန်တဲ့ကုထုံးကို ရစေပါတယ်။
ခြေထောက်တွေ ထုံတယ်၊ ခြေဖျားကလေးတွေ ထိလို့ထိမှန်းမသိဘူးတဲ့။ ခြေထောက်တွေ ပူတယ်၊ ကိုက်တယ်တဲ့။ ချက်ချင်း ဆီးချို စစ်လိုက်ပါတော့။ ဆီးချိုကြောင့်ဖြစ်တဲ့ ခြေထောက်အာရုံကြော ထိခိုက်တာဟာ မြန်မာပြည်မှာ သိပ်အတွေ့ရများပါတယ်။
အကြောင်းရင်းမရှိဘဲ ခဏခဏညောင်းနေ၊ နုံးနေတတ်ရင် သွေးအားနည်းတာကစလို့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေအဆုံး ဖြစ်နေနိုင်ပါတယ်။ ညောင်းတိုင်း အကြောဆေးထိုးချင်တာမျိုး လုပ်မယ့်အစား၊ အကိုက်ပျောက်ဆေး ဝယ်သောက်မယ့်အစား နောက်ကွယ်က အကျိုးအကြောင်းတွေကို ရှာသင့်တယ်လို့ အကြံပြုပါတယ်။
ခါးပတ်လည်မှာ ရေယုန်ပေါက်ရင်လည်း အာရုံကြောထိတဲ့အတွက် ခါးပတ်လည် အထိမခံနိုင်အောင် ကိုက်နေ နာတတ်ပါတယ်။ သောက်ဆေး၊ လိမ်းဆေးတွေနဲ့ ကုရပါတယ်။ ဆေးပတ်လည်ဖို့ လိုပါတယ်။ သွေးစစ်ပါ။ ဆရာဝန်ပြပါ။
ခါးနာတယ်ဆိုရင် မပေါ့စေချင်။ အလေး မတယ်၊ ခါးနာသွားတယ်။ အခန့်မသင့်ရင် ခါးရိုးကျွံသွားပြီး အထဲက အာရုံကြောမကြီးထိကာ အောက်ပိုင်းသေသွားနိုင်ပါတယ်။ ခါးနာရင် မနှိပ်ပါနဲ့။ ဆရာဝန်ပြပါ။ ဓာတ်မှန်ရိုက်ပါ။ ခါးအထိန်းခါးပတ်လေးတွေ ဝယ်လို့ရပါတယ်။ ဆေးအပြင် ရေခဲအိတ်၊ ရေနွေးအိတ်လေးတွေပါ အလျဉ်းသင့်သလို ကပ်ပေးနိုင်ပါတယ်။
လက်နှိပ်စက် အမြဲရိုက်ရသူ၊ ကွန်ပျူတာကီးဘုတ်သုံးရသူတွေမှာ ဖြစ်တတ်တာက လက်အကြောညှပ်တာပါ။ လက်ချောင်းတွေ ကျင်ထုံလာပြီး လှုပ်မရပါ၊ အကွေးအဆန့်မလုပ်ဘဲ ကောင်းကောင်းနားစေလိုပါတယ်။

>>  အရိုးအကြောဒဏ်နဲ့ ပတ်သက်တာတွေ ဖြစ်တဲ့အခါ အဓိကလိုက်နာရမှာတွေက -
●  နားပါ။
●  ရေခဲဝတ်ကပ်ပါ။
အလတ်စတစ်သား ကျုံ့နိုင်ဆန့်နိုင်သော ပတ်တီးလေးတွေ ဆောင်ထားပါ။ လိုအပ်ရင် စည်းလို့ရအောင်ပါ။ အရိုးအကြောဝေဒနာတွေဖြစ်ရင် နီးစပ်ရာ ခေါ်မနှိပ်ပါနဲ့၊ မနားဘဲ ဒဏ်ဖြစ်အောင် ဆက်မလုပ်ပါနဲ့၊ အထိုင်အထ အသွားအလာ ညင်သာပါစေ။
တကယ်တော့ မိသားစုကျန်းမာရေးဆရာဝန်ကို တိုင်ပင်တာ၊ အရိုးဆရာဝန်တွေကို ပြသပေးတာဟာ မှန်ကန်တဲ့ကုထုံးကို ချက်ချင်း ရရှိစေတာကြောင့် အမြန်သက်သာစေပါတယ်။ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ အကိုက်အခဲပျောက်ဆေးတွေဟာ အစာအိမ် သွေးယိုတတ်၊ သွေးကြောပေါက်တာအထိ ဆိုးကျိုးများနိုင်ပါတယ်။
ကိုယ့်ဘာသာ ဆေးဝယ်သောက်မယ့်အစား နောက်ခံအကျိုးအကြောင်းကိုရှာပါ။ အကြောအဆစ်ပညာရှင်လို့ခေါ်တဲ့ Physiotherapist တွေရဲ့ အခန်းကဏ္ဏ ကိုလည်း မေ့မထားပါနဲ့။ အရိုးအကြောနဲ့ ကြွက်သားအမျိုးမျိုးကို ပျောက်ကင်းသက်သာစေတဲ့ လေ့ကျင့်ခန်းတွေ အပူကုထုံးတွေဟာလည်း အတိုင်းအတာတစ်ခုထိ ထိရောက်ပါတယ်။ ဒီတော့ ကိုက်ပြီ၊ နာပြီ၊ ညောင်းပြီဆိုရင်ဖြင့် ချက်ချင်းနားလိုက်ပြီး တတ်ကျွမ်းသူနဲ့ ပြသပေးပါလို့ တိုက်တွန်းလိုက်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)