ကျန်းမာရေးကောင်းဖို့အတွက် ဥယျာဉ်ခြံ စိုက်ကြစို့
အိမ်မှာပဲ သစ်ပင်ပန်းမာန်လေးတွေ စိုက်ပျိုးပြီး ကိုယ်ပိုင်အပင်လေးတွေကနေ စားသုံးခြင်းက ကျန်းမာရေးကို အများကြီး ကောင်းမွန်စေပါတယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ရစေသလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုလည်း ရစေပါတယ်။
>> ဥယျာဉ်ပန်းမာန် စိုက်ပျိုးခြင်းဖြင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ရနိုင်ပါတယ်။
ကိုယ့်ဟာကိုယ် စိုက်ပျိုးတဲ့အခါမှာ လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသုံးနိုင်စေပါတယ်။
1. အပင်မျိုးစုံ စိုက်ထားပါ။ ဘာစိုက်မလဲလို့ စဉ်းစားပြီဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စိုက်ပါ။ စိုက်ပျိုးရလွယ်တဲ့ ဟင်းသီးဟင်းရွက်တွေကတော့ ရာသီဥတုအပေါ်လည်း မူတည်ပါတယ်။ ခရမ်းချဉ်သီး၊ ဆလတ်ရွက်၊ ပဲ၊ သခွားသီး စတာတွေက စိုက်ရလွယ်ပါတယ်။ စိုက်ပျိုးဖို့ ပြင်ဆင်ပြီ ဆိုရင်တော့ ကိုယ့်ဒေသရဲ့ ရာသီဥတု၊ မြေအခြေအနေတွေကို သိထားဖို့ လိုပါတယ်။
2. စိုက်ပျိုးရမယ့်အချိန်တွေကိုလည်း သိထားဖို့ လိုပါတယ်။ ဥပမာဆိုရင် တချို့အပင်တွေက ဆောင်းဦးမှာ စိုက်ဖို့လိုပြီး အချို့က မိုးဦးကျအချိန်မှာ စိုက်မှ ရှင်ပါတယ်။ ဒီလိုမျိုး သေချာသိပြီးတော့ စိုက်ပျိုးမှသာ တစ်နှစ်ပတ်လုံး လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို ရနိုင်မှာပါ။
3. ခြံထွက်သီးနှံတွေကို ကျန်းမာရေးနဲ့ ညီညွတ်စွာ ချက်ပြုတ်စားသောက်ဖို့လည်း အရေးကြီးပါတယ်။ မှန်ကန်စွာ ချက်ပြုတ်စားသောက်မှသာ အာဟာရဓာတ်တွေ မဆုံးရှုံးဘဲနဲ့ ကျန်းမာရေး အကျိုးကျေးဇူး အပြည့်ရစေမှာပါ။ ယေဘုယျအားဖြင့် ဟင်းသီးဟင်းရွက်တွေကို မီးပြင်းပြင်းနဲ့ မချက်ဘဲနဲ့ အဆီတွေ အများကြီး မထည့်တာက အကျိုးကျေးဇူးအပြည့် ရစေပါတယ်။ အသီးအရွက်တွေကို ဆီတွေထည့်ပြီး ကြော်စားမယ့်အစား ရေနွေးငွေ့နဲ့ ပေါင်းစားပါ။
တချို့အရွက်တွေက အစိမ်းစားရင် အာဟာရဓာတ် ပိုရပြီး အချို့က ချက်စားမှ ပိုရပါတယ်။
>> စိတ်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
1. စိတ်ပျော်ရွှင်မှုကို တိုးတက်စေပြီး တင်းတိမ်ရောင့်ရဲမှုကို ရစေပါတယ်။ ဥယျာဉ်ခြံစိုက်တာက ကိုယ်ကျန်းမာရေးကိုသာမက စိတ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ သစ်ပင်လေးတွေစိုက်ပြီး နေရတာက စိတ်ပျော်ရွှင် ကျေနပ်မှုကို ရစေပါတယ်။ စိတ်ကျေနပ် ရောင့်ရဲမှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ခြံထဲမှာ အလုပ်လုပ်တဲ့အခါ စိတ်ပျော်ရွှင်မှုန့ဲ ရောင့်ရဲ့ခြင်းတွေကို တိုးစေတဲ့ ဟော်မုန်းထွက်တာကို အားပေးပါတယ်။
2. စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ သစ်ပင်လေးတွေဘေးမှာ အလုပ်လုပ်ရင်း အချိန်ကုန်ရတာက စိတ်ကြည်စေပြီးတော့ စိတ်ဖိစီးမှုတွေကို ကင်းစင်စေပါတယ်။ အထူးသဖြင့် စိတ်ပင်ပန်းနွမ်းနယ်နေသူတွေ၊ စိတ်ကျေနပ်မှုကို ရှာဖွေနေသူတွေအနေနဲ့ သစ်ပင်စိုက်ပျိုးခြင်းက အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
3. ရေရှည်ဦးနှောက်ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။ သစ်ပင်လေးတွေ စိုက်ပျိုးနေတာက အခု လက်ရှိမှာ စိတ်ပျော်ရွှင်စေရုံသာမက ရေရှည်မှာလည်း ဦးနှောက်ကို ကျန်းမာစေပါတယ်။ အသက်ကြီးသူတွေမှာ ဥယျာဉ်ခြံစိုက်ခြင်းအားဖြင့် သတိမေ့ခြင်းကို လျော့ကျစေပါတယ်။ သတိမေ့ရောဂါ ရှိသူတွေမှာတောင်မှ ဥယျာဉ်ခြံ စိုက်ပျိုးခြင်းအားဖြင့် စိတ်ကျန်းမာရေးကို တိုးတက်လာစေပြီး လက္ခဏာတွေကို လျော့ကျစေပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























