ကျောက်ကပ်ကလေးကို ညှာတာပါ
ကျောက်ကပ်ကို ကျန်းမာစေနိုင်ဖို့ ရေ များများသောက်ဖို့ လိုအပ်တယ် ဆိုတာကိုတော့ ပြောစရာကို မလိုအပ်တော့ပါဘူး။ ဒါပေမဲ့ ဒီိနေရာမှာ လွဲမှားနေတာကတော့ တစ်နေ့ကို ရေ 8 ခွက်ခန့် သောက်သင့်တယ် ဆိုတာပါပဲ။ တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် ကွဲပြားမှုရှိတဲ့အတွက် အသက်၊ ရာသီဥတု၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ ကိုယ်ဝန်ဆောင်ခြင်း၊ နို့တိုက်ခြင်းနဲ့ ဖျားနာခြင်း စတာတွေပေါ် မူတည်ပြီး ရေ လိုအပ်မှု ကွာခြားမှု ရှိနိုင်ပါတယ်။
ကျောက်ကပ်ကို ကျန်းမာစေဖို့ လိုအပ်တဲ့ ရေပမာဏကို အောက်ပါအတိုင်း သိနိုင်ပါတယ်။
1. တစ်နေ့ ရေ 8 ဖန်ခွက်သောက်ခြင်းက ကောင်းပေမယ့် အတိအကျ သတ်မှတ်ထားတာ မဟုတ်ပါဘူး။
ခန္ဓာကိုယ်က ရေကို နေ့စဉ်ဆုံးရှုံးနေတဲ့အတွက် အသက်ရှင်သန် နေထိုင်နိုင်ဖို့အတွက် ရေဓာတ် ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ဆေးပညာဌာနရဲ့ သတ်မှတ်ချက်ကတော့ ယောက်ျားတစ်ယောက်က တစ်နေ့ကို ရေ 13 ခွက် (သို့) 3 လီတာခန့် လိုအပ်ပြီး မိန်းမတစ်ယောက်ဟာ ရေ 9 ခွက် (သို့) 2.2 လီတာခန့် လိုအပ်တယ်လို့ ဆိုပါတယ်။
2. ကျောက်ကပ် ပျက်စီးနေသူတွေမှာတော့ လျော့သောက်ရပါမယ်။
ကျောက်ကပ် ပျက်စီးသူတွေမှာ ရေကို လုံလောက်စွာ မစွန့်ပစ်နိုင်တော့ပါဘူး။ ဒါကြောင့် ကျောက်ကပ် ဆေးနေရသူတွေကတော့ ရေ လျှော့သောက်ရပါမယ်။
3. ရေသောက် များတာကလည်း အန္တရာယ် ရှိနိုင်ပါတယ်။
သာမန်လူတွေမှာ ရှားပေမယ့်လည်း အချို့မာရသွန်ပြေးသူ စတဲ့ အားကစားသမားတွေမှာ ရေသောက်တာ များတဲ့အတွက် သွေးထဲမှာ ဆိုဒီယမ်တွေကို ရေရောသလိုဖြစ်ပြီး နည်းသွားစေပါတယ်။ ဒါဟာ အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်နိုင်ပါတယ်။
4. ဆီးကို ကြည့်ပါ။
သာမန်လူတစ်ယောက်မှာ ရေငတ်ပြေဖို့အတွက် ရေ သို့မဟုတ် အချိုမပါတဲ့ အအေးနဲ့ နို့တွေကို သောက်သုံးရပါတယ်။ ရေဓာတ် ပြည့်ဝနေပါက ဆီးအရောင်ဟာ အဖြူ ဒါမှမဟုတ် အဝါဖျော့ ဖြစ်နေရပါမယ်။ အကယ်၍ ဆီးအရောင်ဟာ အဝါရင့်ရင့်ဖြစ်နေပါက ရေဓာတ် လိုအပ်နေတာကို ပြသနေပါတယ်။ တစ်နေ့ကို ပုံမှန် 1.5 လီတာ (သို့) 6 ခွက်စာခန့် ဆီးသွားရပါမယ်။
5. ရေသောက်ခြင်းက ဆီးကျောက်တည်ခြင်းနဲ့ ဆီးပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
ဆီးကျောက်တည်ခြင်းနဲ့ ဆီးပိုးဝင်ခြင်းတို့ဟာ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပြီး ရေများများ သောက်ပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ရေဓာတ် ပြည့်ဝနေရင် ဆီးကျောက် ဖြစ်နိုင်တဲ့ အမှုန်အမွှားတွေဟာ တစ်ခုနဲ့တစ်ခု မကပ်တော့ဘဲ ဆီးထဲ ပါသွားစေပါတယ်။ ရေက ပိုးသတ်ဆေးတွေကို ပိုပျော်ဝင်စေနိုင်ပြီး ဆီးပိုးဝင်ခြင်းကို ထိရောက်စွာ ကုသနိုင်စေပါတယ်။ ဒါ့အပြင် ရေများများသောက်ခြင်းက ဆီးပိုးဖြစ်စေတဲ့ အကောင်တွေကို ဆီးထဲမှာ ပါသွားစေနိုင်ပါတယ်။
6. ဆေးသောက်ခြင်းနဲ့ ဆေးထိုးပြီး တယ်လီဗေးရှင်းဓာတ်မှန် ရိုက်တဲ့အခါ သတိပြုပါ။
ဆေးတချို့ မသောက်မီနဲ့ သောက်အပြီး၊ ဆေးထိုးပြီး တယ်လီဗေးရှင်းဓာတ်မှန် မရိုက်ခင်နဲ့ ရိုက်အပြီး ရေများများသောက်ခြင်းက ကျောက်ကပ်ထိခိုက်ခြင်းကို ကာကွယ်နိုင်ပါတယ်။ ဆေးမသောက်မီ ဆေးအညွှန်းကို သေချာဖတ်ပါ။ ဓာတ်မှန်မရိုက်ခင် ဆရာဝန်ကို သေချာမေးမြန်းပါ။ အထူးသဖြင့် ရေ လျှော့သောက်ခိုင်းထားတဲ့ အချိန်မျိုးမှာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးမှ လုပ်သင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























