/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျောက်ကပ်ကျောက်တည်ခြင်းနှင့်-ပတ်သက်တဲ့-ထူးခြားချက်-၁၀-ချက်

ကျောက်ကပ်ကျောက်တည်ခြင်းနှင့် ပတ်သက်တဲ့ ထူးခြားချက် (၁၀) ချက်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဆီးကျောက်တည်ခြင်းအကြောင်း ကြားဖူးပါသလား။ ဆီးကျောက်ကြောင့် နာကျင်မှုတွေ ခံစားရတယ်ဆိုတာ သိပါသလား။ အလားတူပဲ ကျောက်ကပ်ကျောက်တည်ခြင်းကလည်း နာကျင်ခြင်းတွေကို ခံစားရစေနိုင်ပါတယ်။ ဒီနာကျင်မှုမျိုးက ကလေးမွေးတဲ့အခါ ခံစားရတဲ့ နာကျင်မှုမျိုးလောက်နီးပါး ခံစားရတယ်လို့ ဆိုပါတယ်။ ဒီကျောက်ကပ်မှာ တည်တဲ့ကျောက်တွေဟာ ဘာတွေနဲ့ ဖွဲ့စည်းထားတာလဲ။ ကျောက်မတည်အောင် ဘယ်လိုကာကွယ်ရမလဲ ဆိုတာတွေကလည်း သိချင်စရာ ကောင်းနေပြန်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကျောက်ကပ်ကျောက်တည်ခြင်းနဲ့ ပတ်သက်လို့ ထူးခြားတဲ့အချက်တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

၁။ ကျောက်အမျိုးအစား ၄ မျိုးရှိခြင်း
ကျောက်ကပ်တွင်တည်သော ကျောက်အမျိုးအစား ၄ မျိုး ရှိပါတယ်။ ကယ်လ်ဆီယမ်ကျောက် (calcium stone) ၊ struvite stone ၊ uric acid stone နဲ့ cysteine stone ဆိုပြီး ၄ မျိုး ရှိပါတယ်။ ဒါပေမဲ့ ကျောက်ကပ်မှာတည်တဲ့ ကျောက်တွေရဲ့ ၈၀% လောက်က ကယ်လ်ဆီယမ်ကျောက် (calcium stone) အမျိုးအစားတွေ ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာ မကြာခဏဖြစ်တဲ့သူတွေမှာတော့ struvite stone ဖြစ်တတ်ပြီးတော့ ဆီးထဲမှာ အက်စစ်ဓာတ်တွေ များနေတဲ့သူတွေမှာတော့ uric acid stone ဖြစ်တတ်ပါတယ်။ cysteine stone ကတော့ မျိုးရိုးဗီဇပြောင်းလဲမှုကြောင့်ဖြစ်တတ်ပြီး ရှားပါးတဲ့ အမျိုးအစား ဖြစ်ပါတယ်။

၂။ ကျောက်တွေဟာ အရောင်အမျိုးမျိုးဖြစ်နိုင်ခြင်း
ကျောက်ကပ်မှာတည်တဲ့ ကျောက်တွေရဲ့အများစုက အဝါရောင်ရှိတတ်ကြပေမယ့် တခြားအရောင်တွေလည်း ရှိတတ်ကြပါတယ်။ တချို့ကျောက်တွေက အတွင်းပိုင်းမှာ မည်းနေတာမျိုးလည်း ရှိတတ်ပါတယ်။ ကျောက်ကပ်ကျောက်တွေရဲ့ မျက်နှာပြင်က ပြောင်ချောဖြစ်နိုင်သလို ကြမ်းနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

၃။ ကျောက်တွေက အရွယ်အစားအမျိုးမျိုး ဖြစ်နိုင်ခြင်း
ကျောက်ကပ်မှာ ကျောက်တည်တဲ့အခါ ကလေးမွေးတာနီးပါးလောက်နာကျင်မှုကို ခံစားရတတ်ပါတယ်။ နာကျင်မှုအပြင်းအပျော့ဟာ ကျောက်ရဲ့ပုံသဏ္ဌာန်နဲ့ အရွယ်အစားပေါ် မူတည်ပါတယ်။ အရွယ်အစားကြီးလေ ပိုနာလေ ဖြစ်ပါတယ်။ ကျောက်ကပ်မှာရှိတဲ့ ကျောက်တစ်လုံးဟာ ပဲစေ့တစ်စေ့အရွယ်လောက် ရှိနိုင်သလို ဂေါက်သီးလုံးလောက်အရွယ်လည်း ရှိနိုင်ပါတယ်။ ဂရင်းနစ်စံချိန်ဝင်တဲ့ ကမ္ဘာ့အကြီးဆုံး ကျောက်ကပ်ကျောက်ကတော့ သူ့ရဲ့အကျယ်ဆုံးနေရာမှာတိုင်းရင် ၅ လက်မ ရှိတယ်လို့ ဆိုပါတယ်။

၄။ တချို့သောအစားအသောက်တွေက ကျောက်ဖြစ်ဖို့ အားပေးပါတယ်။ ဒါပေမဲ့ ကယ်လ်ဆီယမ်တော့ မပါပါဘူး
ကျောက်ကပ်မှာတည်တဲ့ ကျောက်တွေဟာ ကယ်လ်ဆီယမ်တွေနဲ့ ဖွ့ဲစည်းထားတယ်ဆိုပေမယ့် ကယ်လ်ဆီယမ်စားတာများလို့ ကျောက်တည်စေတယ်ဆိုတာ မဟုတ်ပါဘူး။ မှားယွင်းတဲ့ အယူအဆ ဖြစ်ပါတယ်။ ဒါကြောင့် ကျောက်ကပ်မှာ ကျောက်တည်နေတဲ့သူတွေဟာ ကယ်လ်ဆီယမ်ဓာတ်ကို လျှော့စားစရာမလိုဘဲ ပုံမှန်အတိုင်း စားသုံးသင့်ပါတယ်။ ဒါဆိုရင် ဘယ်လိုအစားအစာတွေက ကျောက်တွေကို ပိုဖြစ်စေနိုင်တာလဲ။ ဆားပါဝင်မှုများတဲ့ အငန်များတဲ့ အစားအစာတွေ၊ အသားအမျိုးမျိုး (ကြက်၊ ဝက်၊ ငါး စသည့်)၊ အစေ့အဆံများ၊ ချောကလက်၊ ဟင်းနုနွယ်၊ လက်ဖက်ရည်၊ ရေနွေးကြမ်း စတဲ့ အစားအသောက်တွေက ကျောက်တည်ခြင်းကို ပိုဖြစ်စေနိုင်ပါတယ်။

၅။ ရေများများသောက်ခြင်းက ကျောက်တည်နိုင်ခြေကို လျော့ကျစေပါတယ်
ဆားတွေက ကျောက်တည်ခြင်းကို ဖြစ်စေနိုင်ပေမယ့် ရေသောက်တာကတော့ ကျောက်တည်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ရေကို လုံလောက်အောင် မသောက်ဖြစ်တဲ့သူတွေဟာ ကျောက်တည်နိုင်ခြေ ၅၀% ခန့် ပိုများပါတယ်။ ရေဓာတ်လုံလောက်ဖို့ တစ်ရက်ကို ရေ ၂ လီတာခန့် သောက်သင့်ပါတယ်။

၆။ ကျောက်ကပ်ကျောက်တည်ခြင်းဟာ နွေရာသီမှာ ပိုဖြစ်တတ်ပါတယ်
နွေရာသီမှာ ရာသီဥတု ပူပြင်းတဲ့အတွက် ရေဓာတ်ဆုံးရှုံးမှု များပါတယ်။ ဒါကြောင့် ကျောက်ကပ်ကျောက်တည်ခြင်းကို ပိုဖြစ်စေပါတယ်။

၇။ လူ ၁၀ ယောက်မှာ ၁ ယောက်လောက်က ဘဝတစ်လျှောက်မှာ တစ်ခါလောက်တော့ ကျောက်ကပ်ကျောက်တည်တာကို ခံစားရနိုင်ပါတယ်
ကျောက်ကပ်ကျောက်တည်ခြင်းက အဲ့ဒီ့လောက်ကို အဖြစ်များပါတယ်။ အမေရိကန်နိုင်ငံရဲ့ ၁၂% ခန့် လူတွေက ကျောက်ကပ်ကျောက်တည်ခြင်းကို ခံစားကြရပါတယ်။ ဒါ့အပြင် ကျောက်ကပ်ကျောက်တည်ခြင်းက အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။

၈။ တစ်ခါကျောက်တည်ဖူးရင် နောက်တစ်ခါကျောက်တည်ဖို့ ပိုလွယ်သွားပါတယ်
သင့်တစ်သက်တာမှာ ကျောက်ကပ်ကျောက်တည်ခြင်း တစ်ခါမှ မဖြစ်ဖူးသေးရင်တောင် ကျောက်တည်ဖို့ဖြစ်နိုင်ချေ ၅၀% ရှိပါတယ်။ တကယ်လို့ အရင်က ကျောက်တည်ဖူးတယ်ဆိုရင်တော့ အလွယ်တကူ ကျောက်ပြန်တည်နိုင်တဲ့အတွက် အထူးသတိထားဖို့ လိုပါတယ်။

၉။ ကျောက်ကပ်ကျောက်တည်ခြင်းဟာ တခြားရောဂါတွေနဲ့ ဆက်စပ်နေပါတယ်
ကျောက်ကပ်ကျောက်တည်ခြင်းဟာ အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ မကြာခဏ ဆီးလမ်းကြောင်းပိုးဝင်ခြင်း စတဲ့ ရောဂါတွေနဲ့လည်း ဆက်စပ်နေပါသေးတယ်။

၁၀။ ကျောက်ကပ်မှာတည်တဲ့ ကျောက်တွေကို အသံလှိုင်းနဲ့ ချေဖျက်လို့ရပါတယ်
ကျောက်ကပ်ကျောက်တည်ခြင်းကို ကုသတဲ့ နည်းလမ်းတွေထဲမှာ ခွဲစိတ်စရာမလိုဘဲ ကျောက်တွေကို ချေနိုင်တဲ့ နည်းတစ်ခုဖြစ်ပါတယ်။ extracorporeal shock wave lithotripsy လို့ခေါ်ပြီး စွမ်းအားမြင့်တဲ့ အသံလှိုင်းတစ်မျိုးကိုသုံးပြီး ကျောက်ကိုချေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနည်းကို မသုံးခင်မှာ လူနာကို မေ့ဆေးပေးထားဖို့တော့ လိုအပ်ပါသေးတယ်။

ဒေါက်တာအောင် (www.drmyanmar.com)