ကျောက်ကပ်ရေအိတ်တည်ခြင်း
ကျောက်ကပ်တွင် ရေအိတ်တည်တယ်ဆိုသူများကို ကျွန်မတို့ အနီးအနားတွင် တွေ့ရလေ့ရှိပါတယ်။
ကျောက်ကပ်တစ်ဖက် (သို့) နှစ်ဖက်လုံးတွင် အရည်အိတ်ငယ်လေးတွေ ဖြစ်ပေါ်လာခြင်းကို ရေအိတ်တည်တယ်လို့ ခေါ်ဆိုခြင်းဖြစ်ပါတယ်။ ဒီရေအိတ်လေးများဟာ လုံးဝန်းသောပုံစံရှိပြီး ပါးလွှာကြည်လင်တဲ့နံရံဖြင့် ကာရံထားပါတယ်။ အရွယ်အစားအနေနှင့် အလွန်သေးငယ်သော အရွယ်ကနေ ၅ စင်တီမီတာလောက်ထိ ရှိတတ်ပါတယ်။
အသက်ကြီးလာတာနှင့်အမျှ ကျောက်ကပ်ရေအိတ်များ ဖြစ်ပေါ်ဖို့ အလားအလာ ပိုများလာပါတယ်။ ရေအိတ်တည်သူများရဲ့ ၄ ပုံ ၁ ပုံဟာ အသက် ၄၀ နှင့် ၅၀ အထက်ရှိသူများ ဖြစ်ပါတယ်။
>> ဘာကြောင့်ရေအိတ်တည်ရသလဲ?
● ကျောက်ကပ်မှာ သန်းနှင့်ချီတဲ့ အရည်စစ်ထုတ်တဲ့ ကျောက်ကပ်ပြွန်ငယ်ပေါင်းများစွာရှိသလို ထိုပြွန်ငယ်တွေဆီသို့ သွေးထောက်ပံ့ပေးတဲ့ သွေးကြောငယ်များစွာလည်း ရှိပါတယ်။ ထိုပြွန်ငယ်လေးတွေအနက် တစ်ခုလောက်ဟာ ပုံမှန်ထက်ကျယ်ပြန့်လာပါက ရေအိတ်တည်ခြင်းလို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။
>> ရောဂါလက္ခဏာများ
● များသောအားဖြင့် ရောဂါလက္ခဏာခံစားရခြင်း မရှိတတ်ပေမယ့် အရွယ်ကြီးသော ရေအိတ်တွေရှိပါက ခါးနှင့်ဗိုက်အပေါ်ဘက်တွင် နာကျင်ခြင်းကို ခံစားရတတ်ပါတယ်။
● ရေအိတ်တွင် ပိုးဝင်ခြင်းဖြစ်ပေါက ဖျားခြင်းနှင့် ပြင်းထန်သောနာကျင်ခြင်းကို ခံစားရပါတယ်။ ရေအိတ်ပေါက်ပါက အလွန်ပြင်းသောနာကျင်မှု ဖြစ်စေနိုင်ပါတယ်။
● ရေအိတ်က ဆီးသွားသောလမ်းကြောင်းကို ပိတ်ဆို့မိပါက ဆီးများဖြင့် ဖောင်းနေပြီး ကျောက်ကပ်ကြီးခြင်းကို ဖြစ်စေပါတယ်။
>> ကုသနည်း
● Scelerotherapy ခေါ် အပ်ဖြင့်အရည်အိတ်မှ အရည်များ စုပ်ထုတ်ခြင်း
● ကြီးမားသောရေအိတ်များအား ခွဲထုတ်ခြင်း
သာမန်ရေအိတ်ပုံစံမဟုတ်ဘဲ ပိုမိုကြီးမားကာ ထူထဲသောနံရံရှိပြီး ခန့်မှန်းမရသော ပုံပန်းသဏ္ဌာန်ရှိတဲ့ ရေအိတ်တွေကိုတော့ ရှုပ်ထွေးသောရေအိတ်တွေလို့ သတ်မှတ်ပါတယ်။ ထိုကဲ့သို့ရေအိတ်တွေဟာ အရွယ်အစားကြီးပြီး ပိုမိုရှုပ်ထွေးလေ ကင်ဆာသို့ ပြောင်းလဲနိုင်ချေ ပိုများလေဖြစ်လို့ စနစ်တကျ ခွဲထုတ်ပစ်ဖို့ လိုအပ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)




























