ကျောက်ကပ် ကျောက်တည်ခြင်း
ကျောက်ကပ်မှာ ကျောက်တည်ပြီဆိုပါတော့။ ကိုယ့်ဘာသာ ဂရုတစိုက် ဆင်ခြင်ရမယ့် အချက်တွေရှိပါတယ်။ အဲဒါတွေကတော့ -
● ရေများများ သောက်ရမယ်။
● အစားအသောက်ကို ရွေးစားရမယ်။
ကျောက်ကပ်မှာ တည်တဲ့ကျောက်အမျိုးအစားက အများကြီး ဖြစ်နိုင်ပါတယ်။
● Calcium stone အဖြစ်အများဆုံးကျောက် အမျိုးအစားပဲ ဖြစ်ပါတယ်။
● Uric acid stone ကိုယ့်ရဲ့ ဆီးထဲမှာ acid ဓာတ်တွေ များနေရင် ဖြစ်တတ်ပါတယ်။
● Struvite stone ဒါကတော့ ဆီးလမ်းကြောင်းပိုးဝင်ပါ များရင် ဖြစ်တတ်တဲ့ ကျောက်ပါ။
● Cystine stone မျိုးရိုးလိုက်ပြီး ဖြစ်တတ်တဲ့ ကျောက်ကပ်ကျောက်တစ်မျိုးပါ။
အရွယ်အစားကတော့ သေးသေးမွှားမွှားလေးတွေကနေ ပုလဲလုံးလောက်အထိ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ အဲ့ဒီကျောက်တွေဟာ ဆီးလမ်းကြောင်းတစ်လျှောက်မှာ ပိတ်ဆို့ပြီး နာကျင်၊ ရောင်ရမ်းတာကို ဖြစ်စေသလို တစ်ခါတလေကျတော့လည်း သူ့ဘာသာ ရှောရှောရှူရှူ ခန္ဓာကိုယ်ထဲက ထွက်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ကျောက်ကပ်မှာ ကျောက်တည်တာကို ကုသတာပဲ ဖြစ်ဖြစ်၊ ကာကွယ်တာပဲ ဖြစ်ဖြစ် အရေးကြီးတာက ရေများများသောက်ဖို့ပါပဲ။
● တစ်နေ့ကို ဆီး ၂ လီတာ နီးပါး ထုတ်နိုင်တဲ့ ပမာဏအထိ သောက်ပါ။
● ရေအစား အသီးဖျော်ရည်တွေ ၊ သံပရာရည်တွေလည်း သောက်နိုင်ပါတယ်။
● ကော်ဖီနဲ့ လက်ဖက်ရည်ကိုတော့ တစ်ရက်ကို တစ်ခွက်၊ နှစ်ခွက်ထက် ပိုမသောက်ပါနဲ့။
● ဆီးအရောင်ရင့်နေတာဟာ ရေလုံလောက်အောင် မသောက်ထားဘူးဆိုတာ ပြနေတာ ဖြစ်လို့ ဆီးအရောင် ဖျော့ဖျော့သွားတဲ့အထိ ရေသောက်ပါ။
>> ဘယ်လို အစားအသောက်တွေ စားရမလဲ/ရှောင်ရမလဲ?
ရှောင်သင့်တဲ့ အစားအစာတွေက သင့်ရဲ့ကျောက် အမျိုးအစားပေါ် မူတည်ပါတယ်။
သင့်ရဲ့ကျောက်ဟာ calcium stone ဆိုရင်တော့ -
o ဆား လျှော့စားပါ။
o နို့တွေ၊ ဒိန်ချဉ်တွေကို တစ်ရက် တစ်ခွက်၊ နှစ်ခွက်သာ သောက်ပါ။ ဒိန်ခဲ၊ ကမာ၊ တို့ဖူးနဲ့ တခြား calcium ပါတဲ့ အစားအစာတွေ များများစားတာမျိုး ရှောင်ပါ။
o လိမ္မော်သီး၊ သံပရာသီးနဲ့ တခြားချဉ်တဲ့ အသီးတွေကို များများစား/ဖျော်သောက်တာမျိုး လုပ်ပါ။
o အသား လျှော့စားပါ။ အဆီများတဲ့ အသားတွေကို ရှောင်ပါ။
o Vit D အားဆေးတွေ၊ calcium ပါတဲ့ဆေးတွေ သောက်တာမျိုး ရှောင်ပါ။
o တချို့အစာအိမ်ဆေးတွေမှာ calcium ပါတာမျိုးရှိလို့ ဆရာဝန်ကို မေးပြီးမှသောက်ပါ။
o Vit C တို့၊ ငါးကြီးဆီတို့ သောက်ချင်ရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။
Calcium oxalate stone ဆိုရင်တော့ ဘယ်ရီသီးခြောက်၊ စတော်ဘယ်ရီ၊ စပျစ်သီးတွေရယ်၊ သကြားမုန်လာ၊ ကြက်သွန်မြိတ်၊ ဖရုံသီး အနွယ်ဝင် အသီးတွေ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ ခရမ်းချဉ်သိး၊ လက်ဖက်ရည်၊ ကော်ဖီ၊ အစေ့အဆံတွေ၊ တို့ဖူးနဲ့ ချောကလက်တွေကိုပါ လျှော့စားရပါမယ်။
>> သင့်ရဲ့ကျောက်ဟာ Uric acid stone ဆိုရင်တော့ -
o အရက်
o ငါးပါးနီ၊ ငါးသလောက်၊ sardines
o ကညွတ်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီ၊ မှို
o ပဲအမျိုးမျိုး
o ကလီစာ
o အဆီတွေကို ရှောင်ပါ။
တခြား ဆင်ခြင်ရမှာတွေက ဆီကြော်မုန့်၊ ရေခဲမုန့် စတဲ့ အဆီများတဲ့အစားအစာတွေ၊ ပြီးတော့ အသားကို တစ်နပ် ၃ အောင်စထက် ပိုမစားပါနဲ့။ ကိုယ်အလေးချိန် လျှော့ချနေတယ် ဆိုရင် ဖြေးဖြေးပဲ လျှော့ပါ။ အမြန်လျှော့လိုက်ရင် uric acid stone ဖြစ်တာကို ပိုပြီးအားပေးပါတယ်။
>> ဆရာဝန်ဆီ အမြန်ဆုံး သွားရမယ့်အချိန်
● ချမ်းတုန် ဖျားရင်၊ အန်ရင်
● ခါးနာတာ အရမ်းဆိုးပြီး မပျောက်ရင်
● ဆီးထဲမှာ သွေးပါရင်
● ဆီးက အနံ့ အရမ်းဆိုးပြီး နို့နှစ်ရောင်/ အဖြူရောင်တွေ ဖြစ်ရင်
● ဆီးသွားတိုင်း နာတာ ကျင်တာ ပူတာမျိုးဖြစ်ရင် ဆရာဝန်ဆီ အမြန်ဆုံး သွားသင့်ပါတယ်။
Htar (www.drmyanmar.com)






























