/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျောက်ကပ်-ထိခိုက်စေသော-အလေ့အထ-10-မျိုး

ကျောက်ကပ် ထိခိုက်စေသော အလေ့အထ (10) မျိုး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.      အကိုက်အခဲပျောက်ဆေးများ အလွန်အကျွံ သောက်ခြင်း

          အကိုက်အခဲပျောက်ဆေးတွေက ကိုက်တာ၊ နာတာတွေကို သက်သာစေနိုင်ပေမယ့် ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် ကျောက်ကပ်ရောဂါ ရှိသူတွေမှာ ပိုဆိုးပါတယ်။ ဒါကြောင့် အကိုက်အခဲပျောက်ဆေး သောက်တဲ့အကျင့်ရှိရင် တတ်နိုင်သမျှ လျှော့ချပါ။ ပြီးတော့ သောက်ရမယ့်ပမာဏထက် ဘယ်တော့မှ ပိုမသောက်ပါနဲ့။

 

2.      ဆား အသုံးများခြင်း

          ဆားပါဝင်မှုများတဲ့ အစားအစာတွေက သွေးတိုးစေပြီး ကျောက်ကပ်ကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် ဆားအစား ဆေးဖက်ဝင်အပင်တွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေ သုံးပါ။ အချိန်ကြာလာတာနဲ့အမျှ ဆားလျှော့သုံးတဲ့အကျင့် ရလာပါလိမ့်မယ်။

 

3.      အသင့်ပြုလုပ်ထားသော အစားအစာများ စားခြင်း

          အသင့်ပြုလုပ်ထားတဲ့ အစားအစာတွေမှာ ဆိုဒီယမ်နဲ့ ဖော့စ်ဖရပ်ပါဝင်မှု မြင့်မားပါတယ်။ ကျောက်ကပ်ရောဂါရှိတဲ့လူ အများအပြားက ဖော့စ်ဖရပ်ဓာတ်ကို ကန့်သတ်ပြီး စားဖို့လိုပါတယ်။ အသင့်ပြုလုပ်တဲ့ အစားအစာတွေမှာ ပါဝင်တဲ့ ဖော့စ်ဖရပ်စားသုံးမှု များပါက ကျောက်ကပ်ရောဂါ မရှိိသူတွေမှာလည်း ကျောက်ကပ်နဲ့ အရိုးထိခိုက်နိုင်ချေ များပါတယ်။

 

4.      ရေ လုံလောက်စွာ မသောက်ခြင်း

          ရေဓာတ် ပြည့်ဝခြင်းက ခန္ဓာကိုယ်တွင်းရှိ ဆိုဒီယမ်နဲ့ အဆိပ်ဓာတ်တွေကို ကျောက်ကပ်ကနေ ဖယ်ရှားတဲ့နေရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ ရေများများ သောက်ခြင်းက ကျောက်ကပ် ကျောက်မတည်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ကျောက်ကပ်ပြဿနာ ရှိသူတွေ၊ ကျောက်ကပ် ပျက်စီးနေသူတွေမှာ အရည်သောက်တဲ့ပမာဏကို ကန့်သတ်ထားဖို့ လိုပေမယ့် လူအများစုအတွက် တစ်နေ့ကို 1.5 - 2 လီတာလောက် ရေသောက်ဖို့ လိုပါတယ်။

 

5.      အိပ်ရေးပျက်ခြင်း

          ညဘက် ကောင်းကောင်း အိပ်ပျော်ခြင်းက တစ်ကိုယ်လုံး ကျန်းမာရေးကို ကောင်းမွန်စေသလို ကျောက်ကပ် ကျန်းမာရေးအတွက်လည်း ကောင်ပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်တွေကို အိပ်စက်ခြင်း-နိုးထခြင်း စည်းချက်တွေက ထိန်းချုပ်ပေးထားပါတယ်။။ ဒါက ကျောက်ကပ်ကို အလုပ်တွေ မပိစေဖို့အတွက် ထိ်န်းညှိပေးပါတယ်။

 

6.      အသား အလွန်အကျွံ စားသုံးခြင်း

          တိရစၧာန်ကရတဲ့ အသားဓာတ်က သွေးတွင်းမှာ အက်ဆစ်ဓာတ်ကို မြင့်တက်စေပြီး ကျောက်ကပ်ကိုလည်း အန္တရာယ်ပေးနိုင်ပါတယ်။ ကျောက်ကပ်က အက်ဆစ်တွေကို မြန်သင့်သလောက် မြန်မြန်မဖယ်ရှားနိုင်တဲ့ အခြေအနေဖြစ်တဲ့ acidosis ဆိုတဲ့ အခြေအနေကို ဖြစ်စေပါတယ်။ ကြီးထွားဖို့၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပြုပြင်ဖို့၊ ထိန်းသိမ်းဖို့အတွက် အသားဓာတ် လိုတယ်ဆိုပေမယ့် တန်ဆေး လွန်ဘေးပါ။ ဟင်းသီးဟင်းရွက်၊ သစ်သီးနဲ့ အသားတွေကို မျှတအောင်စားဖို့ လိုပါတယ်။

 

7.      သကြားဓာတ်များသော အစားအစာများ အလွန်အကျွံစားခြင်း

          သကြားက အဝလွန်ခြင်းကိုဖြစ်စေပြီး အဝလွန်ခြင်းက ကျောက်ကပ်ရောဂါ ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းနှစ်မျိုးဖြစ်တဲ့ သွေးတိုးနဲ့ ဆီးချိုရောဂါကို ဖြစ်စေပါတယ်။ မချိုဘူးလို့ထင်တဲ့ အစားအစာတွေမှာတောင် သကြားပါ,ပါတယ်။ ဒါကြောင့် ပြုပြင်ထားတဲ့ သကြားတွေပါတဲ့ ပေါင်မုန့်ဖြူတွေ၊ အသင့်လုပ်ထားတဲ့ အစားအစာတွေကို တတ်နိုင်သမျှ ရှောင်ပါ။ အစားအစာတွေ ဝယ်တဲ့အခါမှာလည်း ဘာတွေပါလဲဆိုတာ သေချာဖတ်ပြီး ဝယ်ပါ။ သကြား ပါဝင်မှုများတာတွေကို ရှောင်ပါ။

 

8.      ဆေးလိပ်သောက်ခြင်း

          ဆေးလိပ်သောက်တာက အဆုတ်နဲ့ နှလုံးအတွက် မကောင်းဘူး ဆိုတာကတော့ သိပြီးသားဖြစ်မှာပါ။ ကျောက်ကပ်အတွက်လည်း မကောင်းဘူးဆိုတာကိုတော့ အသိနည်းကြမယ် ထင်ပါတယ်။ ဆေးလိပ်သောက်သူတွေရဲ့ ဆီးထဲမှာ အသားဓာတ်ပါဝင်မှု ပိုများပြီး ဒါက ကျောက်ကပ်ပျက်စီးတဲ့ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။

 

9.      အရက် အလွန်အကျွံ သောက်ခြင်း

          အရက်ကို အမြဲအလွန်အကျွံသောက်ခြင်း (တစ်နေ့ကို လေးခွက်ထက် ပိုသောက်ခြင်း) က နာတာရှည် ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေကို 2 ဆ မြင့်တက်စေပါတယ်။ အရက်လည်း အရမ်းသောက်၊ ဆေးလိပ်လည်း သောက်သူတွေက ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေ အလွန်ပိုများပါတယ်။ ဆေးလိပ်မသောက်သူ (သို့) အရက် အလွန်အကျွံ မသောက်သူတွေနဲ့ယှဉ်ရင် ဆေးလိပ်သောက်တဲ့ အရက်အလွန်အကျွံ သောက်သူတွေက နာတာရှည် ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေ 5 ဆ ပိုများပါတယ်။

 

10.    အထိုင်များခြင်း

          အချိန်အကြာကြီး ထိုင်တာကလည်း ကျောက်ကပ်ရောဂါနဲ့ ဆက်စပ်နေပါတယ်။ ကိုယ်လက်လှုပ်ရှားမှု များခြင်းက ကျောက်ကပ်ကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်တွေဖြစ်တဲ့ သွေးပေါင်ချိန်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်တွင်း ဂလူးကို့စ်ဖြစ်စဉ်ကိုလည်း ကောင်းမွန်စေပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)